ကိုဗစ် အိန္ဒိယမျိုးကွဲ- ယူကေမှာပြန့်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်အိန္ဒိယမျိုးကွဲ

ဓာတ်ပုံ ရင်းမြစ်, getty images
ယူကေနိုင်ငံထဲမှာ အခုလောလောဆယ်ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်မှုအများစုဟာ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ဒယ်လ်တာမျိုးကွဲလို့နာမည်ပေးထားပြီး အိန္ဒိယမျိုးကွဲလို့လည်း တချို့က ခေါ်ဝေါ်ကြတဲ့ မျိုးကွဲကြောင့် ကူးစက်ပြန့်ပွားနေတာဖြစ်ပါတယ်။
ဒီပိုးအမျိုးအစားမျိုးကွဲအဖြစ် အသစ်ဖြစ်ထွန်းသန္ဓေပြောင်းလဲလာတာကို အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ အောက်တိုဘာလက စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။
အိန္ဒိယမျိုးကွဲဆိုတဲ့ပိုးအမျိုးအစားက ဘယ်လိုပိုးလဲ
ဗိုင်းရပ်စ်တွေဟာ အချိန်တိုင်းမှာတောက်လျှောက်ဗီဇပြောင်းနေပါတယ်။ ဗီဇမျိုးကွဲအမျိုးမျိုးထွက်ပေါ်နေရာမှာ တချို့မျိုးကွဲတွေက အရေးမပါလှပေမဲ့ တချို့မျိုးကွဲအသစ်တွေက ပိုပြီးကူးစက်မြန်ကြပါတယ်။
အဲသလို အသစ်ဖြစ်ထွန်းလာတဲ့ မျိုးကွဲတွေအနက် B.1.617.2 လို့နာမည်ပေးထားတဲ့ ဒယ်လ်တာမျိုးကွဲဟာ ကန့်တ်မျိုးကွဲ ခေါ် အယ်လ်ဖာမျိုးကွဲထက်တောင် အကူးစက်မြန်နေပါတယ်။ ပြီးခဲ့တဲ့ဆောင်းရာသီအတွင်း ယူကေမှာ ကိုရိုနာဗိုင်းရပ်အများအပြားကူးစက်ခဲ့ရခြင်းရဲ့ နောက်ကွယ်က လက်သည်ဟာ အဲဒီကန့်တ် ခေါ် အယ်လ်ဖာမျိုးကွဲပါ။

ဘယ်လောက်များများကူးစက်နေသလဲ
အခု B.1.617.2 မျိုးကွဲကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူပေါင်း အင်္ဂလန်မှာ ၁၈၀၀၀၊ စကော့တလန်မှာ ၃၀၀၀ နည်းပါး၊ ဝေလပြည်မှာ ၁၈၉ ယောက်နဲ့ မြောက်ပိုင်းအိုင်ယာလန်မှာ ၃၇ ယောက် ရှိပါတယ်။
အင်္ဂလန်ပြည်သူ့ကျန်းမာရေးအဖွဲ့ Public Health England ရဲ့ ဇွန်လ ၂ ရက်အတည်ပြုထုတ်ပြန်ချက်အရ အဆိုးဆုံးထိခဲ့တဲ့နေရာတွေက
· ဘောလ်တန်မှာ ၂၁၄၉ ယောက်
· ဘလက်ဘန်းဝစ်သ်ဒါဝင်မှာ ၇၂၄ ယောက်
· ဘက်ဒ်ဖို့ဒ်မှာ ၆၀၈ ယောက်
· လက်စတာမှာ ၃၄၉ ယောက်ဖြစ်ပါတယ်။
ကူးစက်လွယ်သလား
အယ်လ်ဖာမျိုးကွဲထက် ပိုပြီး မြန်မြန်ကူးစက်နေပုံရပါတယ်။
အိန္ဒိယမျိုးကွဲရဲ့ ကူးစက်နှုန်းဟာ အယ်လ်ဖာမျိုးကွဲထက် ၃၀ ရာနှုန်းကနေ ၁၀၀ ရာနှုန်းအထိ ပိုမြန်နေပါတယ်။
အိန္ဒိယမျိုးကွဲနဲ့ ထိတွေ့သူ ၁၀၀ မှာ ၁၂ ယောက်ဟာ အကူးစက်ခံရတာတွေ့ရပါတယ်။
အယ်လ်ဖာမျိုးကွဲနဲ့ထိတွေ့သူ ၁၀၀ မှာ ကူးစက်ခံရသူက ၈ ယောက်နှုန်းပဲရှိတယ်လို့ အင်္ဂလန်ပြည်သူ့ကျန်းမာရေးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။
ဒီတော့ အကြမ်းဖျင်း ၅၀ ရာနှုန်းပိုပြီး ကူးစက်တယ်လို့ ဆိုထားပါတယ်။
ဒါဟာ စစ်တမ်းကောက်ယူချက်အရသိရတာပါ။ ဒီလိုစစ်တမ်း ထွက်ပေါ်လာတာဟာ ဗိုင်းရပ်စ်ရဲ့ ထူးခြားချက်ချည်းကြောင့် မဟုတ်ဘဲ စစ်တမ်းကောက်ယူထားတဲ့ လူတွေရဲ့ပြုမူနေထိုင်တာ မတူကွဲပြားလို့လည်း ဖြစ်နိုင်ပါသေးတယ်။
ဗိုင်းရပ်စ်မျိုးကွဲတခုက တခြားမျိုးကွဲတခုထက် ပိုပြန့်ပွားနေတယ်ဆိုတာဟာ ပိုးအမျိုးအစားကွာခြားချက်ကြောင့်ဖြစ်နိုင်သလို၊ လူတွေရဲပြုမူနေထိုင်ပုံကွာခြားတာတို့၊ ကာကွယ်ဆေးထိုးထားတဲ့နှုန်းကွာခြားတာတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဥပမာတခုကိုပြောရရင် အဆိုးဆုံးထိထားတဲ့နေရာတခုကို လေ့လာကြည့်တဲ့အခါ အဲဒီရပ်ကွက်မှာ အိမ်ကနေ အလုပ်လုပ်သူအရေအတွက် သိပ်နည်းနေတာကိုတွေ့ရကြောင်း ထောက်ပြချက်တခုရှိနေပါတယ်။
လော့ဒေါင်းပြန်ဖွင့်ရေးအတွက် အဟန့်အတားဖြစ်လာမလား
အိန္ဒိယမျိုးကွဲဗိုင်းရပ်စ်ကို ကြောက်လန့်စိုးရိမ်စိတ်တွေရှိပေမဲ့ ယူကေရဲ့နေရာတော်တော်များများမှာ မေလ ၁၇ ရက်နေ့က တင်းကျပ်တားမြစ်မှုတွေ လျှော့ချခဲ့ပါတယ်။
ဒါပေမဲ့ အကူးစက်များနေတဲ့ အင်္ဂလန်ထဲက နေရာ ၈ ခုအတွက် စည်းမျဥ်းအသစ်တွေကိုလည်း အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေရာ ၈ ခုကလူတွေအနေနဲ့ ခရီးသွားလာမှုကို အနည်းဆုံးအဆင့်အထိ လျှော့ချကြဖို့လည်း အစိုးရက အကြံပြုထားပါတယ်။
ဒါ့အပြင် အဲဒီနေရာတွေမှာ နေထိုင်တဲ့သူတွေအနေနဲ့ ဖြစ်နိုင်ရင် လူအချင်းချင်းတွေ့ဆုံတဲ့အခါ အိမ်ထဲ၊ အဆောက်အဦအတွင်းထဲမှာ မတွေ့ဘဲ အပြင်မှာသာ တွေ့ကြဖို့ တယောက်နဲ့တယောက် ၆ ပေခွာတွေ့ဆုံကြဖို့နဲ့ အိမ်ကနေပဲ အလုပ်လုပ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, getty images
ဒါပေမဲ့ အစိုးရနဂိုကကြိုတင်စီစဥ်ထားတဲ့အတိုင်း ဇွန်လ ၂၁ ရက်နေ့မှာ တင်းကျပ်မှုတွေဖြေလျှော့ပေးမဲ့အစီအစဥ်ဟာ ပြောင်းလဲမှုရှိမရှိတော့ ခုထိမသေချာသေးပါဘူး။
နောက်ထပ်တပတ်အတွင်းထွက်ပေါ်လာတဲ့ကိန်းဂဏန်းတွေကိုကြည့်ပြီး သုံးသပ်ဆုံးဖြတ်မယ်လို့ ဝန်ကြီးချုပ်နဲ့ ကျန်းမာရေးဝန်ကြီးတို့ကပြောထားပါတယ်။
ယူကေနဲ့ အသွားအလာဖြတ်တောက်တာတွေ ရှိလာမလား
နိုင်ငံအများအပြားက ခုကတည်းက ယူကေကလူတွေကို အဝင်မခံဘဲ ပိတ်ပင်ထားနေကြပါပြီ။ ပြင်သစ်နိုင်ငံက ယူကေကို မသွားမဖြစ်ကိစ္စမှတပါး ခရီးမသွားဖို့ တားမြစ်ထားပါတယ်။
အခုသီတင်းပတ်တွေအတွင်း မြန်မာနိုင်ငံမှာလည်း အဲဒီဒယ်လ်တာ မျိုးကွဲသစ်တွေ့လာရတယ်လို့ ကြေညာထားပြီး မြန်မာနိုင်ငံထဲမှာ အစုလိုက်ကူးစက်မှုတွ၊ နေ့စဥ်ကူးစက်သူ အသစ် ရာချီတွေ့တာတွေ ဖြစ်လာနေပါတယ်။








