အိန္ဒိယကိုဗစ်- သေဆုံးသူ ၃ သိန်းကျော် ရှိလာပြီ

ဓာတ်ပုံ ရင်းမြစ်, EPA
ကိုဗစ် ၁၉ ရောဂါကူးစက်မှု ဆက်လက် ဖြစ်ပွားနေတဲ့ အိန္ဒိယနိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ ၃ သိန်းကျော် သွားပြီ ဖြစ်ပါတယ်။
သေဆုံးမှုအတော်များများကို တရားဝင် စာရင်းပြုစုထားတာမျိုး မရှိတဲ့အတွက် တကယ့် သေဆုံးသူအရေအတွက်ဟာ ဒါ့ထက် ပိုများနိုင်ခြေ ရှိတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
အိန္ဒိယနိုင်ငံမှာ ကိုဗစ် ရောဂါ ကူးစက်ဖြစ်ပွားသူ ၂၆ သန်း ရှိနေပြီး အမေရိကန်ပြီးရင် ကမ္ဘာပေါ်မှာ ရောဂါကူးစက်မှု ဒုတိယအများဆုံး ဖြစ်ပါတယ်။ အခုအခါ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုရဲ့ အချက်အချာ နေရာ ဖြစ်လာနေပါပြီ။
သေဆုံးသူ ၃ သိန်းကျော်လာပြီ ဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ အမေရိကန်နဲ့ ဘရာဇီး ပြီးရင် ကမ္ဘာပေါ်မှာ ကိုဗစ်ရောဂါနဲ့ သေဆုံးသူအရေအတွက် တတိယအများဆုံးနိုင်ငံလည်း ဖြစ်လာခဲ့ပါပြီ။ အခုနောက်ဆုံး သေဆုံးသူ တစ်သိန်းဟာ ပြီးခဲ့တဲ့ တစ်လအတွင်းမှာတင် သေဆုံးခဲ့တာပါ။
ရောဂါကူးစက်မှု ဒုတိယအကျော့ ဖြစ်လာခဲ့တဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ပိုင်းတွေအတွင်း ဆေးရုံတွေကို လူနာတွေ လှိမ့်၀င်လာခဲ့ရာမှာ အရေးပါတဲ့ ဆေးဝါးတွေ၊ အောက်ဆီဂျင်တွေ ပြတ်လပ်သွားခဲ့ပြီး အိန္ဒိယနိုင်ငံရဲ့ ကျန်းမာရေးစနစ် မနိုင်မနင်း ဖြစ်လာနေပါတယ်။
အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးသူ တစ်ဝက်နီးပါးလောက်ဟာ ပြီးခဲ့တဲ့ ၃ လတာ ကာလ အတွင်း သေဆုံးခဲ့တာပါ။
ပြီးခဲ့တဲ့ ၂၆ ရက်အတွင်းမှာတင် အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၁၀၂၅၃၃ ဦး ရှိခဲ့ပါတယ်။
နေ့စဉ် သေဆုံးသူအရေအတွက်က နောက်ထပ် ပိုတိုးလာစရာ ရှိတယ်လို့ ကျွမ်းကျင်သူ တချို့က ပြောနေပါတယ်။
အိန္ဒိယနိုင်ငံက ကိုဗစ် ကပ်ရောဂါကူးစက်ဖြစ်ပွားမှုအကြောင်း အနီးကပ် လေ့လာနေတဲ့ လန်ဒန်မြို့ Middlesex တက္ကသိုလ်က သင်္ချာပညာရှင် ဒေါက်တာ မူရက် ဘနားဂျီးက "ရောဂါဖြစ်ပွားမှု အမြင့်ဆုံးအချိန်နဲ့ သေဆုံးမှု အမြင့်ဆုံး အချိန်အကြားမှာ အချိန်ကာလ ကွာဟမှုတစ်ခု ရှိမယ်ဆိုတာကို သိထားပါတယ်။ ဒါ့အပြင် ရောဂါကူးစက်မှုတွေ ဖြစ်နေတဲ့ ပြည်နယ်တွေ တစ်ခုနဲ့ တစ်ခုအကြား၊ မြို့ပြနဲ့ ကျေးလက်ဒေသတွေအကြား သေဆုံးသူစာရင်း စောင့်ကြည့် မှတ်တမ်းတင်မှုတွေမှာ ကြီးမားတဲ့ ကွာခြားမှုတွေ ရှိနေတယ် ဆိုတာကိုလည်း ကျွန်တော်တို့ သိထားပါတယ်"လို့ ဘီဘီစီကို ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ကိုဗစ်ရောဂါကုသမှုနဲ့ ဆက်နွှယ်တဲ့ အဆုပ်မှိုစွဲ ရောဂါတစ်မျိုးကြောင့် လူသေဆုံးမှုတွေ တိုးလာနေတာကလည်း လက်ရှိပြဿနာကို ပိုဆိုးလာစေပါတယ်။
သုဿန်လို နေရာမျိုးတွေမှာတောင် အလောင်း သင်္ဂြိုဟ်ဖို့ နေရာမရှိတော့တဲ့အတွက် အများသုံး ကားရပ်နားရာနေရာတွေကို ယာယီ မီးသင်္ဂြိုဟ်တဲ့နေရာတွေအဖြစ် အသုံးပြုနေရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အိန္ဒိယနိုင်ငံမှာ သေဆုံးသူစာရင်း အချက်အလက် ပြုစုမှုက ညံ့ဖျင်းပြီး အထူးသဖြင့် အိမ်မှာ လူသေဆုံးတာမျိုးကို စာရင်းပြုစု မှတ်တမ်းတင်လေ့ သိပ်မရှိတတ်ကြပါဘူး။ သေဆုံးသူအရေအတွက် အတိအကျရအောင် သတင်းထောက်တွေက အလောင်းတွေကို ရေခဲတိုက်တွေမှာ ကိုယ်တိုင် သွားရေတွက်ကြရတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ တချို့ စာရင်းအချက်အလက်တွေကဆိုရင် တကယ်တန်း သေဆုံးသူအရေအတွက်ဟာ တစ်သန်းလောက်တောင် ရှိတယ်လို့ ခန့်မှန်း ရေးသားနေကြပါတယ်။
အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးထိုးရေး တွန်းအားပေး လုပ်ဆောင်နေမှုတွေကလည်း လက်ရှိအခြေအနေ ပြေလျော့သွားစေရေးမှာ တိုးတက်ဖြစ်ထွန်းမှု အလုံအလောက် ဖြစ်မလာပဲ ရှိနေပါတယ်။








