ဖိလစ်မင်းသားကြီးကွယ်လွန်မှု ကမ္ဘာ့ခေါင်းဆောင်တွေ ဝမ်းနည်းစကားပေးပို့

ဓာတ်ပုံ ရင်းမြစ်, PA Media
ဗြိတိသျှ ဘုရင်မကြီး ဒုတိယမြောက် အဲလစ်ဇဘက်ရဲ့ ကြင်ရာတော် အက်ဒင်ဘာရာ မြို့စား ဖိလစ်မင်းသားကြီး သက်တော် ၉၉ နှစ်အရွယ်မှာ နတ်ရွာစံသွားပြီလို့ ဘာကင်ဟမ် နန်းတော်က ကြေညာလိုက်ပြီးနောက် တော်ဝင်မိသားစုထံ ကမ္ဘာ့ခေါင်းဆောင်တွေက ဝမ်းနည်းကြောင်း သတင်းစကားပေးပို့ခဲ့ကြပါတယ်။
ဆွီဒင်ကနေ အိန္ဒိယနဲ့ နယူဇီလန် စတဲ့ ကမ္ဘာတစ်လွှားနိုင်ငံတွေက တာဝန်ထမ်းဆဲနဲ့ တာဝန်ပြီးဆုံးသွားသူ နိုင်ငံခေါင်းဆောင်တွေ၊ ဘုရင်၊ဘုရင်မတွေ၊ ဝန်ကြီးချုပ်တွေ စသူတွေက ဝမ်းနည်းကြောင်းမှတ်တမ်းတွေ ပေးပို့ကြပါတယ်။
မြို့စားကြီးဟာ ဘုရင်မကြီးရဲ့ နိုင်ငံတကာ ခရီးစဥ်တွေ ရာချီပြီး လိုက်ပါသွားရောက်ထားပါတယ်။
"သူဟာ ကျွန်တော်တို့ ဘယ်တော့မှ ထပ်မတွေ့ရတော့မယ့် မျိုးဆက်ထဲမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်"လို့ သြစတြေးလျ ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ကြေညာချက်ထဲမှာ ပြောပါတယ်။
သြစတြေးလျ
မြို့စားကြီးက ဘုရင်မကြီးကို တောက်လျှောက် အားပေးကူညီခဲ့သူဖြစ်ပြီး သြစတြေးလျက ဒါဇင်ချီတဲ့ အဖွဲ့အစည်းတွေရဲ့ အကြီးအကဲတစ်ဦးလည်း ဖြစ်တယ်လို့ မစ္စတာ မော်ရင်ဆင်က ပြောပါတယ်။
သြစတြေးလျ ဝန်ကြီးချုပ်ဟောင်း ဂျူလီယာ ဂစ်လာ့ဒ်က မြို့စားကြီးဟာ ပျော်ပျော်ရွှင်ရွှင် ရှိတတ်သူလို့ ဆိုပါတယ်။
ဆွီဒင်
ဆွီဒင်ဘုရင် ကားလ်ဂုစတ်ဖ်က ကျွန်တော်တို့ အင်မတန် တန်ဖိုးထားတဲ့ နှစ်ပေါင်းများစွာ ကျွန်တော်တို့ မိသားစုရဲ့ မိတ်ဆွေကောင်း တစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။
နယ်သာလန်
ဖိလစ်မင်းသားကြီးကို အင်မတန်လေးစားစွာနဲ့ အမှတ်ရနေမယ်လို့ တော်ဝင်မိသားစုက ပြောပါတယ်။
သူက သူ့ရဲ့ ဘဝနှစ်ပေါင်းများစွာကို ဗြိတိန်ပြည်သူတွေ နဲ့ သူ့ရဲ့တာဝန်ဝတ္တရားအတွက် နှစ်မြှုပ်ခဲ့တယ်။ သူ့ရဲ့ တက်တက်ကြွကြွနေတတ်ပုံက မေ့ဖျောက်မရတဲ့ ပုံရိပ်ပဲလို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Prince Philip
အမေရိကန်
ဖိလစ်မင်းသားကြီးဟာ ရှည်လျား ပြောင်မြောက်တဲ့ ဘဝကို ဖြတ်သန်းခဲ့ပြီး တန်ဖိုးရှိတဲ့အလုပ်တွေနဲ့ သူတစ်ပါးအကျိုးအတွက် သူ့ကိုယ်သူ နှစ်မြှုပ်ထားခဲ့တယ်လို့ အမေရိကန် သမ္မတဟောင်း ဂျော့ချ်ဒဗလျူဘုရှ်က ပြောပါတယ်။
ဘယ်လ်ဂျီယံ
ဘုရင်ဖိလစ်က ဘုရင်မကြီးဆီကို သီးသန့် သတင်းစကားပေးပို့ခဲ့ပါတယ်။ အဆင်ပြေတဲ့ အချိန်မှာ ဘုရင်မကြီးနဲ့ စကားပြောဖို့ မျှော်လင့်ပါတယ်လို့ ဆိုပါတယ်။








