ပျက်ကျသွားတဲ့ ဆရီဝီဂျယား လေကြောင်းပိုင် လေယာဉ်ရဲ့ မှတ်တမ်းကိရိယာ ပြန်တွေ့ပြီ

အင်ဒိုနီးရှား၊ လေယာဉ်၊ ပျက်ကျမှု

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အခုပြန်တွေ့ထားတဲ့ သေတ္တာနက်ကနေ အချက်အလက်တွေ ရယူနိုင်ဖို့ အင်ဒိုနီးရှား တာဝန်ရှိပုဂ္ဂိုလ်တွေ ကြိုးစားကြမှာပါ။
ရေးသားခဲ့သည်။

ပြီးခဲ့တဲ့ စနေနေ့က ဂျားဗားပင်လယ်ပြင်ထဲ ပျက်ကျသွားခဲ့တဲ့ အင်ဒိုနီးရှား လေယာဉ် ဘိုးအင်း ၇၃၇ ရဲ့ လေကြောင်း ပျံသန်းမှု အချက်အလက်တွေ ပါဝင်တဲ့ သေတ္တာနက် ၂ခုထဲက ၁ ခုကို ရှာတွေ့ပြီလို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

လေယာဉ် ဘာကြောင့် ပျက်ကျရသလဲ ဆိုတာကို သေတ္တာနက်ထဲက အချက်အလက်တွေကတဆင့် ရှာဖွေနိုင်မယ်လို့ တာဝန်ရှိသူတွေက မျှော်လင့်နေပါတယ်။

လူ ၆၂ ဦးကို တင်ဆောင်သွားတဲ့ အင်ဒိုနီးရှား ဆရီဝီဂျာယား လေကြောင်းပိုင် ဘိုးရင်း ၇၃၇ ခရီးသည်တင် လေယာဉ်ဟာ လေယာဉ်စပျံတက်တက်ချင်းမှာပဲ ပျက်ကျသွားခဲ့တာဖြစ်ပါတယ်။ လေယာဉ်ပေါ်ပါသူတွေအားလုံး အသက်ဆုံးရှုံးခဲ့ပါတယ်။

SJ182 လေယာဉ်ဟာ ဂျာကာတာမြို့ လေဆိပ်ကနေ ဘော်နီယိုကျွန်းပေါ်က ပွန်တီယန်နက်မြို့ လေဆိပ်ဆီ ထွက်ခွာသွားစဉ် ပျက်ကျခဲ့တာပါ။

သက်တမ်း ၂၆ နှစ်ကြာ ရှိပြီ ဖြစ်တဲ့ အဲဒီလေယာဉ်ဟာ ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့တဲ့ လေကြောင်းပျံသန်းမှု လုံခြုံစိတ်ချမှုဆိုင်ရာ စစ်ဆေးမှုတွေကို အောင်မြင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီလေယာဉ်ဟာ မတ်လနဲ့ ဒီဇင်ဘာလအတွင်း ပျံသန်းမှု ရပ်နားထားခဲ့ပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့ကျမှ ခရီးစဉ်တွေ ပြန်လည် ပြေးဆွဲခဲ့တာ ဖြစ်ပါတယ်။

ပျက်မကျခင်အထိ လေယာဉ်ရဲ့ လုပ်ငန်းဆောင်တာတွေ အားလုံးကောင်းမွန်တယ်လို့ ကနဦး စုံစမ်းစစ်ဆေးမှုမှာ ဖော်ပြထားပါတယ်။

တနင်္လာနေ့မှာတော့ လေယာဉ်ပျက်ကျမှုထဲက ပထမဆုံး ရှာဖွေတွေ့ခဲ့တဲ့ ရုပ်အလောင်းဟာ အိုကီ ဘစ်မာ ဆိုသူ ၂၉ နှစ်အရွယ် လေယာဉ်အမှုထမ်းရဲ့ ရုပ်အလောင်း ဖြစ်တယ်လို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ထုတ်ဖော် ပြောခဲ့ပါတယ်။

လေယာဉ်ပျက်ကျသွားမယ့် နေရာလို့ ယူဆတဲ့ ဧရိယာတဝိုက်မှာလည်း ရေငုပ်သမားတွေကို ချထားရှာဖွေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, လေယာဉ်ပျက်ကျသွားမယ့် နေရာလို့ ယူဆတဲ့ ဧရိယာတဝိုက်မှာလည်း ရေငုပ်သမားတွေကို ချထားရှာဖွေ

ဘိုးအင်း ၇၃၇ လေယာဉ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကာလအတွင်း မပျံသန်းဘဲ ရပ်နားထားတာ ဖြစ်ပြီး ဒီဇင်ဘာ လ ၁၄ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ လေကြောင်းပျံသန်းမှု လုံခြုံစိတ်ချရမှုဆိုင်ရာ စစ်ဆေးမှုကို ကျော်ဖြတ်နိုင် ခဲ့တယ်လို့ အင်ဒိုနီးရှား ပို့ဆောင်ရေး ဝန်ကြီးက ဇန်နဝါရီ ၁၂ ရက်မှာ ပြောကြားပါတယ်။

စစ်ဆေးမှုအပြီး ၅ ရက်အကြာမှာ ခရီးသည် မပါဘဲ ပျံသန်းမှုတွေ လုပ်ခဲ့ပြီးနောက်မှာ ပုံမှန်ခရီးစဉ်ကို စတင် ပြေးဆွဲခဲ့တာလို့လည်း ဆိုပါတယ်။

တခါ သယ်ယူပို့ဆောင်မှု လုံခြုံဘေးကင်းရေး ကော်မတီ (KNKT) ရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း ကနဦး စစ်ဆေးမှုတွေအရ လေယာဉ်ဟာ ဒေသစံတော်ချိန် ၂ နာရီ ၃၆ မိနစ်မှာ အမြင့်ပေ ၁၀၉၀၀ ကိုရောက်ရှိခဲ့ပြီး ၂ နာရီ နဲ့ ၄၀ မိနစ်မှာ ပေ ၂၅၀ လောက်ကို ကျဆင်းသွားတယ်လို့ ဆိုပါတယ်။ အဲဒီနောက် လေယာဉ်ဆီက သတင်း အချက်အလက် ပေးပို့တာ မရှိတော့ပါဘူး။

လေယာဉ် တာဘိုင်ထဲက ပျက်စီးနေတဲ့ ပန်ကာ အစအနကိုလည်း ရှာဖွေတွေ့ခဲ့ရပြီး ပျံသန်းစဉ် ပျောက်ကွဲ ပျက်ကျတာ မဖြစ်နိုင်ဘူးလို့ KNKT ကော်မတီ ဥက္ကဋ္ဌ ဆော်ရီဂျန်တို ဂျာဂျိုဟိုက ပြောပါတယ်။

ဒီပန်ကာ အစအနကို ရှာဖွေတွေ့ရှိရတဲ့ အတွက် လေယာဉ်ဟာ ပျက်ကျစဉ်မှာ ကောင်းကောင်း အလုပ်လုပ် နေသေးတာကို ညွှန်ပြနေတယ်လို့ သူက ဆိုပါတယ်။ ပေ ၂၅၀ ကို ကျဆင်းတဲ့ အချိန်မှာလည်း ကောင်းကောင်း အလုပ်လုပ်နေတယ်ဆိုတာကို ပြသနေတယ်လို့ မစ္စတာ ဆော်ဂျီဂျန်တို က သတင်းဌာနတွေကို ပြန်ကြားတဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အင်ဒိုနီးရှား၊ လေယာဉ်၊ ပျက်ကျမှု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပျက်ကျသွားတဲ့ လေယာဉ်ပျက်ကျသွားတဲ့ နေရာက ရေပြင်အောက်မှာ ပိုက်စိပ်တိုက်ရှာဖွေ

လက်ရှိအချိန်အထိ ဘာတွေဆောင်ရွက်ပြီးပြီလဲ

အခုအခါ လေယာဉ်ပျံသန်းရေး ခရီးစဉ် အချက်အလက်တွေပါရှိတဲ့ သေတ္တာ နှစ်လုံးအနက် တစ်လုံးကို ရှာတွေ့ခဲ့ပြီ ဖြစ်ပါတယ်။

လေယာဉ်ဦးခန်းထဲက အသံတွေကို ဖမ်းယူထားတဲ့ စက်ကို ပြန်တွေ့နိုင်ဖို့အတွက်ကိုလည်း လေယာဉ် ပျက်ကျသွားတဲ့ နေရာက ပင်လယ်ရေအောက်ထဲမှာ ရှာဖွေရေးသမားတွေ ပိုက်စိပ်တိုက် ရှာဖွေနေကြဆဲပါ။

ဒါပေမယ့် သေတ္တာနက် ရှာဖွေပေးတဲ့ ကိရိယာဟာ နည်းပညာ အခက်အခဲ ဒါမှမဟုတ် ပစ္စည်းပျက်စီးနေတာမျိုးနဲ့ ကြုံခဲ့ရတယ်လို့ အင်္ဂါနေ့မနက်က KNKT အဖွဲ့က ပြောပါတယ်။

လေယာဉ်ပျံသန်းမှု ခရီးစဉ်အတွင်း လေယာဉ်ဦးခန်းထဲက အချက်အလက်တွေကို မှတ်တမ်းတင်ထားတဲ့ သေတ္တာနက်ဟာ လေယာဉ် ပျက်ကျမှုမှာ အရေးပါတဲ့ အချက်အလက်တွေကို သိုလှောင်ထားတာ ဖြစ်ပါတယ်။

ဒီသေတ္တာနက် ရှာဖွေပေးနိုင်တဲ့ ကိရိယာ အသစ်ကို စင်္ကာပူကနေ မှာယူထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီရှာဖွေရေး ကိရိယာ ပျက်စီးမှုက လေယာဉ်ရှာဖွေရေး လုပ်ငန်းစဉ်ကို ဘယ်လောက်အထိ ထိခိုက်နိုင်သလဲ ဆိုတာကိုတော့ အသေအချာ မသိရပါဘူး။ ဒါပေမယ့် ဒီနေ့ အင်္ဂါနေ့မှာ သေတ္တာနက်ကို ရေငုပ်သမားတွေနဲ့ ဆက်ရှာနေတဲ့ သတင်းဓာတ်ပုံတွေကို ပြည်တွင်းသတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

တချိန်တည်းမှာပဲ လေယာဉ် အပျက်အစီးတွေ၊ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ ခရီးသည်တွေရဲ့ အဝတ်အစား အသုံးအဆောင် အပျက်အစီးတွေကိုလည်း ရှာဖွေတွေ့ရှိထားပြီးဖြစ်ပါတယ်။

အပျက်အစီး အစအနတွေ အများကြီးရှိနေပြီး အနည်းငယ်ကို ဆယ်ယူထားကြောင်းနဲ့ သေတ္တာနက်ကို ရှာတွေ့နိုင်မယ်လို့ မျှော်လင့်ကြောင်း ရေတပ် အကြီးအကဲ ယူဒို မာဂိုနိုက သတင်းထောက်တွေကို ပြောပါတယ်။

ရှာဖွေရေး လုပ်ငန်းစဉ်မှာ လူပေါင်း ၂၆၀၀ ပါဝင်ပြီး သင်္ဘော အစီး ၅၀ နဲ့ လေယာဉ် ၁၃ စင်းနဲ့လည်း ပူးပေါင်း ရှာဖွေနေတယ်လို့ AFP သတင်းဌာနက ဖော်ပြပါတယ်။ ဒါ့အပြင် လေယာဉ်ဘီး တစ်ခုနဲ့ ကိုယ်ထည် အစအနတွေကို ရှာဖွေ တွေ့ရှိထားတဲ့အပြင် အင်ဂျင်ထဲက တာဘိုင်တစ်ခုကိုလည်း တွေ့ထားတယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာ စုံစမ်းစစ်ဆေးမှု အဆင့် ၅ ဆင့်ထဲက အဆင့် ၂ ကိုရောက်နေပြီလို့ ပို့ဆောင်ရေး ဘေးကင်း လုံခြုံမှု ဌာနက တာဝန်ရှိသူတွေက ပြောပါတယ်။ စုံစမ်းစစ်ဆေးမှု အဆင့်မှာ အချက်အလက် ရှာဖွေ စုဆောင်းမှုတွေ ပါဝင်တာကြောင့် စစ်ဆေးတွေ့ရှိမှု ထုတ်ပြန်ဖို့ တစ်နှစ်ကြာနိုင်တယ်လို့ ဆိုပါတယ်။

လေယာဉ် ဘာဖြစ်သွားသလဲ

ဆရီဝီဂျာယား လေကြောင်းလိုင်းက ခရီးသည်တင်လေယာဥ်ဟာ ဂျာကတာရဲ့ ပင်မလေဆိပ်ကနေ စနေနေ့ ဒေသစံတော်ချိန် ၂နာရီ ၃၆ မိနစ်မှာ ပျံတက်သွားခဲ့တာပါ။

မိနစ်အနည်းငယ် အကြာ ၂ နာရီ ၄၀ မိနစ်မှာ နောက်ဆုံးဆက်သွယ်မှုကို မှတ်တမ်းတင် နိုင်ခဲ့တယ်လို့ ပို့ဆောင်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒီလေယာဉ်ဟာ ဘော်နီယိုကျွန်း၊ အနောက် ကလီမန်တန် မှာ ရှိတဲ့ ပွန်တီယန်နစ်မြို့ကို ဦးတည် ပျံသန်းနေတာ ဖြစ်ပြီး ပုံမှန် ပျံသန်းချိန်ဟာ မိနစ် ၉၀ သာ ကြာမြင့်ပါတယ်။

အဲဒီ လေယာဉ်ပေါ်မှာ ကလေး ၇ ဦး၊ ရင်ခွင်ပိုက် ကလေး ၃ ဦး အပါအဝင် ခရီးသည် ၅၀ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၂ ဦး လိုက်ပါသွားတယ်လို့ ယူဆရပါတယ်။ လေယာဉ် သယ်ဆောင်နိုင်တဲ့ ခရီးသည်ဦးရေက ၁၃၀ ဦး ဖြစ်ပါတယ်။ ဒီလေယာဉ်ပေါ် လိုက်ပါလာသူအားလုံးဟာ အင်ဒိုနီးရှား နိုင်ငံသားတွေဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လေယာဉ်ဟာ တစ်မိနစ်အတွင်းမှာ အမြင့်ပေ ၁၀၀၀၀ အထိ ကျဆင်း သွားတယ်လို့ လေယာဉ်ခရီး လမ်းကြောင်း တွေကို လေ့လာတဲ့ Flightrader24.com က ထုတ်ပြန်ထားပါတယ်။

မြေပုံ
1px transparent line

မျက်မြင်တွေ့ရှိသူတွေကလည်း ပေါက်ကွဲတဲ့ အသံတွေကို မြင်ခဲ့ ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

ဆရီဝီဂျာယား လေကြောင်းလိုင်းကို ၂၀၀၃ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပြီး စရိတ်သက်သာတဲ့ အင်ဒိုနီးရှား ပြည်တွင်း ခရီးစဉ်တွေနဲ့ အရှေ့တောင်အာရှ နိုင်ငံတချို့ကို သွားလာ ပြေးဆွဲနေတာပါ။

ပျက်ကျသွားတဲ့ လေယာဉ်ဟာ လေယာဉ်ပျက်ကျမှု ၂ ခုကြောင့် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မတ်လတုန်းက ပျံသန်းမှုတွေ ရပ်ဆိုင်းထားတဲ့ ဘိုးအင်း ၇၃၇ မက်စ် အမျိုးအစားတော့ မဟုတ်ပါဘူး။