အမေရိကန် လွှတ်တော်က ရုန်းရင်းဆန်ခတ်မှုကြောင့် ထရမ့် ရာထူးက ဆင်းပေးရနိုင်သလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်ကွန်ဂရက်လွှတ်တော်ထဲကို လက်ရှိ သမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံသူတွေ ဝင်ရောက်ဆန္ဒပြကြအပြီးမှာ ဒီလို ဖြစ်လာဖို့ မစ္စတာ ထရမ့်က အားပေးလှုံ့ဆော်တယ်ဆိုပြီး သူ တရားဝင်ရာထူးက ဆင်းပေးရမယ့် လာမယ့် ဇန်နဝါရီ ၂၀ ရက်နေ့မတိုင်ခင်မှာပဲ ရားထူးက ဖယ်ရှားဖို့ တောင်းဆိုသံတွေ များလာနေတာကို တွေ့ရပါတယ်။
ဒီလို မစ္စတာ ထရမ့်ကို ရာထူးက ဖယ်ရှားစေချင်သူတွေထဲမှာ အမေရိကန် အောက်လွှတ်တော် (House of Representatives) ဥက္ကဋ္ဌ နန်စီ ပလိုစီ လည်း ပါဝင်နေပါတယ်။
လာမယ့် နှစ်ပတ် မပြည့်ခင်မှာပဲ ရွေးကောက်ပွဲ ရှုံးထားလို့ တရားဝင် ရာထူးက ဆင်းပေးရမှာ ဖြစ်တဲ့ ထရမ့်ကို အချိန်မတိုင်ခင် ဖယ်ရှားဖို့ ဆိုရင် စဉ်းစားစရာ အခြေအနေ သုံးခု ရှိပါတယ်။
အဲဒီ သုံးခုကတော့ အမေရိကန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၂၅ ခုမြောက် ပြင်ဆင်ချက်အရ သမ္မတကို ဖြုတ်ချလို့ ရနိုင်ခြေ၊ လွှတ်တော်က သမ္မတကို စွဲချက်တင်ပြီး ဖြုတ်ချလို့ ရနိုင်ခြေတို့နဲ့ ဒီလိုဖြစ်လာရင် သမ္မတက သူ့ကိုယ်သူ လွတ်ငြိမ်းချမ်းသာခွင့် ပေးလို့ ရမရ ဖြစ်နိုင်ခြေ တို့ ဖြစ်ပါတယ်။
ဇန်နဝါရီလ ၁၀ ရက်နေ့မှာတော့ နန်စီ ပလိုစီက ဒုသမ္မတ မိုက်ပန့်စ်ဘက်က အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၅ ခုမြောက် ပြင်ဆင်ချက်အရ လုပ်ငန်းစဉ်ကို လုပ်ဆောင်ပေးဖို့ အဆိုပြုချက်ကို လွှတ်တော် အမတ်တွေက မဲပေးဆုံးဖြတ်ဖို့ အမတ်တွေကို စာရေးသားခဲ့ပါတယ်။
ဒီလို လုပ်ပေးဖို့ အဆိုပြုချက်ကို မစ္စတာ ပန့်စ်က ငြင်းဆန်မယ်ဆိုရင်တော့ လွှတ်တော်က သမ္မတကို ဆူပူဖို့ လှုံ့ဆော်တယ်ဆိုပြီး စွဲချက်တင်မယ်လို့ ဒီမိုကရက်တွေဘက်က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၂၅ ခုမြောက် ပြင်ဆင်ချက်အရ သမ္မတ ဖြုတ်ချလို့ ရနိုင်ခြေ
အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလိုစီရော၊ အမေရိကန် တပြည်နယ်စီက နှစ်ယောက်နှုန်းနဲ့ ဖွဲ့စည်းထားတဲ့ အထက်လွှတ်တော် ဆီးနိတ်က ဒီမိုကရက် အမတ်များ ခေါင်းဆောင် ချပ်က် ရှူးမား တို့ကပါ အမေရိကန် ဒုသမ္မတ မိုက်ပန့်စ်နဲ့တကွ အမေရိကန်အစိုးရ တဖွဲ့လုံး အနေနဲ့ မစ္စတာ ထရမ့်က ဆူပူဖို့ လှုံ့ဆော်ခဲ့တဲ့အတွက်ဆိုပြီး သူ့ကို ဖြုတ်ချပေးဖို့ တောင်းဆိုထားခဲ့ကြပါတယ်။
ဒီလိုလုပ်ဖို့အတွက် မစ္စတာ ပန့်စ်ဟာ အမေရိကန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၂၅ ခုမြောက် ပြင်ဆင်ချက်အရ လုပ်ဆောင်ဖို့ လိုပါတယ်။
အဲဒီ ပြင်ဆင်ချက်အရ လက်ရှိ သမ္မတဖြစ်သူက ကိုယ်စိတ် မကျန်းမမာ ဖြစ်လာရင် ဒုသမ္မတက သမ္မတ အဖြစ် အစားထိုး တာဝန်ယူနိုင်ပါတယ်။
ဒီလို ဒုသမ္မတက သမ္မတအဖြစ် တာဝန်ယူဖို့ဆိုရင် အဲဒီ ပြင်ဆင်ချက် အပိုင်းလေးအရ ဒုသမ္မတနဲ့တကွ အစိုးရအဖွဲ့ဝင် အနည်းဆုံး ရှစ်ယောက်က သမ္မတ အနေနဲ့ တာဝန်မထမ်းဆောင်နိုင်တော့ဘူး ဆိုပြီး ကြေညာရမှာ ဖြစ်ပါတယ်။
အခုလို ကြေညာမယ့်သူတွေ အနေနဲ့ လက်ရှိ သမ္မတက တာဝန်ထမ်းဆောင်ဖို့ မသင့်တော်တော့ဘူး သို့မဟုတ် အာဏာ တည်မြဲဖို့နဲ့ ရုံးတာဝန်တွေ မထမ်းဆောင်နိုင်တော့ဘူး ဆိုပြီး အမေရိကန်လွှတ်တော် နှစ်ရပ်ရဲ့ ဥက္ကဋ္ဌတွေကို လက်မှတ်ထိုး စာပို့ရမှာ ဖြစ်ပါတယ်။
ဒီလို စာပို့တဲ့အဆင့် ရောက်သွားတဲ့အချိန်မှာ သမ္မတဘက်ကလည်း ပြန်လည် တုံ့ပြန်ဖို့ အခွင့်အရေးရှိပြီး သူက သဘောမတူဘူးဆိုရင် အမေရိကန်လွှတ်တော်နှစ်ရပ်လုံးရဲ့ အမတ် သုံးပုံ နှစ်ပုံစီ တို့က သမ္မတက တာဝန်မထမ်းဆောင်နိုင်တော့ဘူးလို့ မဲပေးမှုနဲ့ သမ္မတက ရာထူးက ဆင်းပေးရမှာ ဖြစ်ပါတယ်။
ဒီလို မဲပေးဖြေရှင်းရတဲ့ အဆင့်မှာတင် ဒုသမ္မတက သမ္မတနေရာကို ယာယီ ယူထားခွင့်ရှိတယ်လို့လည်း ဆိုပါတယ်။
အောက်လွှတ်တော်က သမ္မတကို စွဲချက်တင်ပြီး ဖြုတ်ချလို့ ရနိုင်ခြေ
လက်ရှိ အမေရိကန် သမ္မတ ဖြစ်နေသေးတဲ့ ဒေါ်နယ် ထရမ့်ဟာ သူ သမ္မတအဖြစ် ပြန်လည် အရွေးခံရဖို့အတွက် အာဏာ အလွဲသုံးစားလုပ်တယ်ဆိုပြီး စွဲချက် အတင်ခံခဲ့ရပြီးသား ဖြစ်ပေမယ့် အထက်လွှတ်တော် ဆီးနိတ်က ထရမ့် လုပ်ရပ်က အဲဒီသဘော မသက်ရောက်ဘူးလို့ ဆုံးဖြတ်ထားခဲ့တာ ဖြစ်ပါတယ်။
ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီက ဂျိုးဘိုင်ဒန်နဲ့တကွ သူ့ရဲ့သားဖြစ်သူ ဟန်တာ ဘိုင်ဒန်ကို ယူကရိန်း အစိုးရက စုံစမ်းစစ်ဆေးပေးဖို့ မစ္စတာ ထရမ့်က အကြိမ်ကြိမ်တောင်းဆိုခဲ့မှုဟာ သမ္မတ အာဏာ အလွဲသုံးရာရောက်တယ် ဆိုပြီး ဒီမိုကရက်တွေဘက်က စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ ထရမ့်ဘက်ကလည်း ဂျိုးဘိုင်ဒန်ဟာ သူဒုသမ္မတ ရာထူးယူထားစဉ်က အရှိန်အဝါကို အသုံးပြုပြီး နောက်ပိုင်းမှာ ငွေကြေးခဝါချမှုနဲ့ အစစ်ဆေးခံခဲ့ရတဲ့ ယူကရိန်းစွမ်းအင် ကုမ္ပဏီတခုမှာ အလုပ်လုပ်နေတဲ့ သူ့သား ဟန်တာ ဘိုင်ဒန်ကို ကာကွယ်ခဲ့တယ်ဆိုပြီး စွပ်စွဲထားခဲ့တာ ဖြစ်ပါတယ်။
အခုတကြိမ်မှာ ဒီမိုကရက်တွေဘက်က အမေရိကန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၂၅ ခုမြောက် ပြင်ဆင်ချက်ကို အသုံးပြုပြီး ဒေါ်နယ် ထရမ့်ကို ဖြုတ်ချဖို့ မအောင်မြင်ဘူးဆိုရင် ဒီမိုကရက်တွေက ထရမ့်ကို ထပ်မံ စွဲချက်တင်မှာဖြစ်တဲ့အတွက် မစ္စတာ ထရမ့်ဟာ အမေရိကန်သမိုင်း တလေ ျှာက်မှာ နှစ်ကြိမ် စွဲချက်အတင်ခံရတဲ့ ပထမဆုံး သမ္မတ ဖြစ်လာနိုင်ပါတယ်။
ဒီလို စွဲချက်တင်ခံရမှုမှာလည်း အမေရိကန် အထက်လွှတ်တော် အမတ် သုံးပုံ နှစ်ပုံရဲ့ ဆုံးဖြတ်ချက်က အတည်ဖြစ်မှာ ဖြစ်ပြီး မစ္စတာ ထရမ့်မှာ အပြစ်ရှိကြောင်း ထင်ရှားမယ်ဆိုရင် ဘယ်အစိုးရ ရာထူးအတွက်မှ ထပ်မံပြီး အရွေးခံခွင့် မရှိတော့တဲ့အထိ ဆုံးဖြတ်ချက်ချတာမျိုးလည်း ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
ဒီလို ဆုံးဖြတ်ချက် အချခံရပြီဆိုရင် မစ္စတာ ထရမ့်ဟာ အမေရိကန်ပြည်သူတွေပေးတဲ့ အခွန်ငွေကတဆင့် ရရှိမယ့် ပင်စင်၊ ကျန်းမာရေး အာမခံနဲ့ လုံခြုံရေး အစောင့်အရှောက် ခံစားခွင့်တွေကိုပါ ဆုံးရှုံးရမယ်လို့လည်း ဆိုပေမယ့် ဒီလောက်အထိ အခြေအနေကတော့ အမေရိကန်သမိုင်းမှာ တခါမှ မဖြစ်ဖူးသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Reuters
သမ္မတက သူ့ကိုယ်သူ လွတ်ငြိမ်းချမ်းသာခွင့် ပေးလို့ ရမရ ဖြစ်နိုင်ခြေ
မစ္စတာ ထရမ့်ဟာ သူ သမ္မတအဖြစ် တာဝန်ထမ်းဆောင်တဲ့ နောက်ဆုံးနေ့ရက်တွေအတွင်းမှာ သူ့ကိုယ်သူ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ စဉ်းစားနေကြောင်း သူ့ကို အကြံပေးနေသူတွေကို ပြောဆိုခဲ့တယ်လို့ သတင်းဌာနတွေက အမည်မဖော်တဲ့ သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး ဖော်ပြမှုတွေ ရှိနေပါတယ်။
အကြောင်းကတော့ အကောက်ခွန် အာဏာပိုင်တွေ၊ ဘဏ်တွေနဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေကို လှည့်စားမှု ရှိမရှိနဲ့ ပတ်သက်ပြီး နယူးယောက် ဒေသအစိုးရအဖွဲ့က စုံစမ်းစစ်ဆေးမှု အပါအဝင် မစ္စတာ ထရမ့် ရင်ဆိုင်နေရတဲ့ အခြား စုံစမ်းစစ်ဆေး ခံရမှုတွေ ရှိနေလို့ ဖြစ်ပါတယ်။
အခုလို စုံစမ်းစစ်ဆေးခံရမှု တခုခုကနေ မစ္စတာ ထရမ့် အပြစ်ရှိကြောင်း ထွက်ပေါ်လာခဲ့ရင် သူ့ကိုယ်သူ လွတ်ငြိမ်းချမ်းသာခွင့် ပေးလို့ ရမရ ဆိုတာကတော့ အမေရိကန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ တိတိကျကျ ရေးထားတာ မရှိတဲ့အတွက် ကံသေကံမ ပြောဖို့တော့ ခက်ပါတယ်။
ဒီလို ဖြစ်နိုင်ခြေနဲ့ ပတ်သက်ပြီး ဥပဒေပညာရှင် တချို့တော့ မဖြစ်နိုင်ဘူးလို့ ဆိုကြပြီး စွဲချက်အတင်ခံရအပြီးမှာ နုတ်ထွက်သွားရတဲ့ ရီပတ်ဘလီကင် သမ္မတ ရစ်ချတ် နစ်ဆင် ကြုံခဲ့ရတဲ့ အခြေအနေကို ကိုးကားကြပါတယ်။
အမေရိကန် သမ္မတ ရစ်ချတ် နစ်ဆင်က သူ့ရဲ့ နိုင်ငံရေး ပြိုင်ဘက်တွေကို တရားမဝင် ထောက်လှမ်းတာတွေ လုပ်ကြောင်း ပေါ်သွားတဲ့ ဝါးတားဂိတ် အရှုပ်တော်ပုံ ကိစ္စမှာဆိုရင် မစ္စတာ နစ်ဆင် နုတ်မထွက်ခင် တရက်မှာ ‘အခြေခံကျကျ စည်းကမ်း တခုအနေနဲ့ ဘယ်သူကမှ ကိုယ့်အမှုကိုယ် စီရင်ခွင့် မရှိစေရဘူး’ လို့ဖော်ပြထားတဲ့ ဥပဒေရေးရာ သုံးသပ်ချက် စာတစောင်ကို အမေရိကန် တရားရေးဌာနက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အမေရိကန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ သမ္မတက ကိုယ့်ကိုယ်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလို့မရဘူးလို့ ဖော်ပြမထားတဲ့အတွက် ဒီလို လုပ်ဖို့ ဖြစ်နိုင်တယ်ဆိုတဲ့ ဥပဒေ ပညာရှင်တွေကလည်း ရှိနေပါတယ်။
သမ္မတ ထရမ့် အချိန်မတိုင်က ရာထူးက ဆင်းရဖို့ ဖြစ်နိုင်ခြေ ဘယ်လောက် ရှိနေသလဲ
မစ္စတာ ထရမ့်ကို စွဲချက်တင်ဖို့ ထောက်ခံကြတဲ့ ဒီမိုကရက်တစ် ပါတီအမတ်တွေ အမြောက်အများရှိပေမယ့် အောက်လွှတ်တော်မှာ သူတို့ အသာရ လွွှမ်းမိုးထားမှုက သုံးပုံ နှစ်ပုံ အထိတော့ မရှိတာကို တွေ့ရပြီး အထက်လွှတ်တော် ဆီးနိတ်မှာဆိုရင်လည်း အလားတူပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဆီးနိတ် လွှတ်တော်က ရီပတ်ဘလီကန် အမတ်တွေ ကိုယ်တိုင်ကလည်း မစ္စတာ ထရမ့်ကို ဖယ်ရှားဖို့ ဆန္ဒမရှိဘူးလို့ ပြောဆိုထားကြပါတယ်။
တဖက်မှာလည်း မစ္စတာ ထရမ့်ရဲ့ လုပ်ရပ်တွေကို မထောက်ခံတဲ့ အစိုးရ အဖွဲ့ဝင် နှစ်ဦးက နုတ်ထွက်သွားပြီဖြစ်တဲ့အပြင် ကျန်တဲ့ အစိုးရအဖွဲ့ဝင်တွေကလည်း သမ္မတ ဖြုတ်ဖို့ ထောက်ခံနိုင်ခြေ မရှိတဲ့အတွက် အမေရိကန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၂၅ ခုမြောက် ပြင်ဆင်ချက်အရ သမ္မတ ဖြုတ်ချလို့ ရနိုင်ခြေကလည်း ပိုပြီး ဖြစ်နိုင်ခြေ နည်းလာတယ်လို့ ဆိုနေကြပါတယ်။











