လွှတ်တော်ကိုယ်စားလှယ်က ပါတီပြောင်းတဲ့ ဇနီးကို ကွာရှင်းမယ် ဆိုပြီးခြိမ်းခြောက်

ဓာတ်ပုံ ရင်းမြစ်, BAPI BANERJEE
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီရဲ့ ဘာရာတီယာ ဂျန်နာတာပါတီ ( BJP ) ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက သူ့ဇနီးဖြစ်သူ ပါတီပြောင်းသွားတဲ့ အတွက် ကွာရှင်းမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဆော်မီတြာခန်းက ဇနီးဖြစ်သူ ဆူဂျာတာ မွန်ဒါလ်ခန်းကို အနောက်ဘင်္ဂေါပြည်နယ်က အာဏာရပြိုင်ဘက် ထရင်နမူးလ်ကွန်ဂရက်ပါတီ( TMC )ကို ကူးပြောင်းသွားတဲ့ နောက် တစ်ရက်မှာပဲ အခုလို ကွာရှင်းစာ နို့တစ်ကို ပို့လိုက်တာ ဖြစ်ပါတယ်။
အနောက်ဘင်္ဂေါပြည်နယ်မှာ လာမယ့်လ အနည်းငယ်အတွင်း အဓိကကျတဲ့ လွှတ်တော် ရွေးကောက်ပွဲတစ်ရပ် ကျင်းပဖို့ တာဆူနေတာ ဖြစ်ပါတယ်။ဒီအခါမှာ( BJP ) နဲ့( TMC ) ပါတီတို့ အဓိက ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ပြည်နယ်မြို့တော် ကာလကတ္တားမြို့ မှာပြီးခဲ့တဲ့ တနင်္လာနေ့က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ်မွန်ဒါလ်ခန်း ကလည်း သူဘာကြောင့် ( BJP ) ပါတီက နှုတ်ထွက်ရမယ် ဆိုတာနဲ့ ပတ်သက်ပြီး အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တယ်လို့ ရှင်းပြသွားခဲ့ပါတယ်။
မစ်မွန်ဒါလ်ခန်းက ( BJP ) ပါတီဟာ သူ့အပေါ်မှာ လေးစားမှု မပြတဲ့အပြင် တခြားပြိုင်ဘက် ပါတီတွေက အဂတိလိုက်စားမှုရှိတဲ့ ခေါင်းဆောင်တွေကို ပါတီအပေါ်မှာ သစ္စာရှိသူတွေရဲ့နေရာမှာ အစားထိုးမယ်လို့ ကတိတွေပေးကြောင်း ထောက်ပြသွားပါတယ်။
( BJP ) ပါတီဟာ ဆိုရင် ( TMC )ပါတီထက် တစ်ဆင့် လျှောသွားမှတော့ သူ့အနေနဲ့ ဆက်နေစရာ မလိုတော့ဘူး။ တစ်ဆင့်မြင့်သွားတဲ့ ( TMC )ပါတီကိုပဲ သွားတော့မှာပေါ့ လို့ ပြောသွားပါတယ်။
မစ်မွန်ဒါလ်ခန်းရဲ့ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီးလို့ နာရီအတန်ကြာမှာ ခင်ပွန်းဖြစ်သူ အသက် ၄၀ အရွယ် မစ္စတာခန်း ကလည်း သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ဖုတ်ပူမီးတိုက် ခေါ်ယူပြီး မချိတင်ကဲ အသံနဲ့ မျက်ရည်ကို အနိုင်နိုင်ထိန်း ရင်ဖွင့်တဲ့အခါမှာ သူ့ဇနီးသည်ရဲ့ အပြုအမူကြောင့် သူတို့ ရဲ့ ၁၀ နှစ် တာ အိမ်ထောင်ရေးခရီးကို လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း ကြေညာလိုက်ပါတယ်။
ဒါ့အပြင် သူ့ရဲ့ မိသားစု အမည်မှာ ခန်း ဆိုတာကိုလည်း ဇနီးသည်ကို ဖြုတ်ပစ်ဖို့နဲ့ သူ့ ဇနီးအနေနဲ့ အသိအမှတ် မပြုဖို့တွေကို ပြောလိုက်ပါတယ်။ ခင်ပွန်းတစ်ယောက်အနေနဲ့ ဇနီးသည် ရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ ကို အလုံးစုံ ခွင့်ပြုလိုက်တဲ့ အကြောင်း ( TMC )ပါတီဟာလည်း သူ့ အိမ်ထောင်ရေးကို ဖျက်ဆီးလိုက်တဲ့ အကြောင်းတွေ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောတာကို PTI အိန္ဒိယ သတင်းစဉ်က ကိုးကား တင်ပြထားပါတယ်။( TMC )ပါတီဟာ သူ့ အချစ်ဆုံးဇနီး ကို ခိုးယူသွားကြောင်း ပြောလိုက်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BAPI BANERJEE
ဝါရင့် သတင်းထောက်တစ်ဦး ကတော့ အခု နိုင်ငံရေး ကစားကွက်ဟာ ပြဇာတ်အသွင်ဆောင်တာကို အရင်က မမြင်ဖူးသလို အိမ်ထောင်ရေးပြိုကွဲသွားတဲ့ ဇာတ်လမ်းဟာလည်း ရုပ်မြင်သံကြားသတင်းတွေမှာ ပြသရာမှာလည်း ပရိသတ် ရဲ့ အာရုံကို ဖမ်းစားနိုင်တဲ့အကြောင်း ပြောသွားပါတယ်။
ဒါ့အပြင် သူ့ဇနီးဟာ ဇနီးကောင်း ပီသတဲ့အကြောင်း၊ ဒါကြောင့် သူ့အနေနဲ့ စိတ်ထိခိုက်ခံစားရပုံတွေ လည်း ပြောသွားပါတယ်။ တကယ်တော့ မစ္စတာခန်းရဲ့ ပြီးခဲ့တဲ့ မဲဆွယ်ပွဲတုန်းက သူဟာ ရာဇဝတ်ပြစ်မှု တစ်ခုနဲ့ ဆက်နွယ်မှုရှိခဲ့လို့ ရွေးကောက်ပွဲ ဝင်မရနိုင်တဲ့ အခြေအနေဖြစ်ခဲ့စဉ်က ဇနီးဖြစ်သူဟာ သူကိုယ်တိုင် ခင်ပွန်းကိုယ်စား မဲဆွယ်ပေးခဲဖူးပါတယ်။
အခုတော့ မစ္စတာခန်းဟာ ဒီလို လုပ်ပေးခဲ့တာကိုပင် မထောက်ထား နိုင်တော့ပဲ လုံးဝ လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း ဆူဂျာတာနဲ့ သူ ဘာမှ မသက်ဆိုင်တော့တဲ့ အကြောင်းတွေလည်း ပြောခဲ့ပါတယ်။
မစ္စတာခန်းက တခြားသတင်းထောက် တစ်ယောက်ကို ရှင်းပြရာမှာတော့ ဆူဂျာတာဟာ ( BJP ) ပါတီ အပေါ်မှာ လေးစားမှု မရှိတဲ့အကြောင်း၊ ဝန်ကြီးချုပ်မိုဒီက ဆိုရင် ဆူဂျာတာ့ကို ညီမတစ်ယောက်သဖွယ် ညွှန်းဆို ပြောလေ့ရှိလို့ ဒီ့ထက်နေရာပေးတဲ့အပြင် ဘာများ ထပ်လိုချင်သေးလည်းလို့ ရှင်းပြပါတယ်။
မစ္စက်ခန်းက ပြီးခဲ့တဲ့ ဆယ်လလုံးလုံး သူ့ခင်ပွန်းဟာ သူ့ကို လျစ်လျူရှုထားခဲ့ကြောင်းနဲ့၊ နိုင်ငံရေး ကိစ္စရပ် တွေနဲ့ပဲ လုံးလည်ချာလည် နေပြီး သူ့ကို ဂရုမစိုက်တဲ့ အကြောင်း၊ အစားမှန် အအိပ်မှန်ရဲ့လားတောင် မေးဖော်မရတာကို မေးမြန်းခန်းမှာ ပြောသွားခဲ့ပါတယ်။
ဒါ့အပြင် ( BJP ) ခေါင်းဆောင်ပိုင်းဟာ သူတို့ရဲ့ အိမ်ထောင်ရေးကို ပျက်စီးအောင် ၊ သူ့ခင်ပွန်း ကိုလည်း ဇနီး ကို ကွာရှင်းအောင် သွေးထိုးသူတွေက ဘယ်သူတွေလည်း ဆိုတာပါလို့.မျက်ရည် အနိုင်နိုင်ထိန်းရင်း ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BAPI BANERJEE
တကယ်တော့ အိန္ဒိယနိုင်ငံမှာက အခုလိုပါတီ တစ်ခုကနေ တစ်ခုကို ဘက်ပြောင်း တာ မဆန်းပါဘူး။ မစ္စတာ ခန်း ကိုယ်တိုင်လည်း ကွန်ဂရက် ပါတီ နဲ့ အစပျိုး ခဲ့ပြီး ၂၀၁၃ မှာ ( TMC ) ပါတီ ကူးခဲ့ပြီး ၂၀၁၉ ကျတော့ ( BJP ) ပါတီ ပြောင်းခဲ့တာပါ။
ဒါ့အပြင် မိသားစုဝင် အချင်းချင်းကြားမှာလည်း ကွဲပြားတဲ့ နိုင်ငံရေးပါတီတွေကို ထောက်ခံ အားပေးကြတဲ့တိုင်အောင် အိမ်ထောင်ရေး မြဲနေတာလည်း ဒု နဲ့ ဒေးပါ။ ဘင်္ဂေါပြည်နယ်မှာလည်း ဒေသခံ နိုင်ငံရေးသမားတွေဟာ အဖေ နဲ့ သား၊ ဦးလေး နဲ့ တူမ၊ ညီ စတာတွေ ဟာလည်း ကိုယ် နှစ်သက်ရာပါတီကို အားပေးထောက်ခံရင်း ဘယ်သူ့ကိုမှ အယူအဆ မတူတာနဲ့ ကွာရှင်းအဆက်ဖြတ်ဖို့ ပြောလေ့ မရှိကြပါဘူး။ သူတို့ အိမ်ထောင်ရေးကျမှ ခင်ပွန်းကို ကွာရှင်းစေတာဟာ ( BJP ) ပါတီ ရဲ့ ပူးပေါင်း ကြံစည်မှု လို့ မစ္စက်ခန်း က ပြောပါတယ်။ သူ့ အမြင် အရ တော့ နိုင်ငံရေး နဲ့ အိမ်ထောင်ရေး ကို သီးခြား ထားဖို့ လိုတဲ့ အကြောင်း လည်း မေးမြန်းခန်း မှာ ရှင်းပြပါတယ်။ လတ်တလော အခြေအနေ အရတော့ ဘင်္ဂေါ ပြည်နယ် မှာ အဓိက ကျတဲ့ ရွေးကောက်ပွဲ အရှိန်မြင့်လာတာ နဲ့ အမျှ သဘောထား မတူ ကွဲပြားမှု ရှိနေတာကတော့ ပြန်ညှိနိုင်းရေး အပိုင်း မှာ ဆိုရင် အပြောလွယ်ပေမယ့် လုပ်ကိုင်ရ ခက်ခဲတဲ့ အခြေအနေမှာရှိနေပါတယ်။








