ကမ္ဘာကြီးက မေ့နေတဲ့ ရှေးဦး ကာကွယ်ဆေးဖော်သူ

ရေးသားခဲ့သည်။

ကမ္ဘာ့ပထမဆုံး ကာလဝမ်းရောဂါနဲ့ ပလိပ်ရောဂါ ကာကွယ်ဆေးတွေ ဖော်စပ်နိုင်ခဲ့သူဖြစ်ပေမယ့် မတော်တဆ ကာကွယ်ဆေး အဆိပ်သင့်မှုကြောင့် နာမည်ပျက်ရသူ ဗယ်ဒမာ ဟက်ဖ်ကင်

ဓာတ်ပုံ ရင်းမြစ်, Wellcome Trust

ဓာတ်ပုံ ပုံစာ, ကမ္ဘာ့ပထမဆုံး ကာလဝမ်းရောဂါနဲ့ ပလိပ်ရောဂါ ကာကွယ်ဆေးတွေ ဖော်စပ်နိုင်ခဲ့သူဖြစ်ပေမဲ့ မတော်တဆ ကာကွယ်ဆေး အဆိပ်သင့်မှုကြောင့် နာမည်ပျက်ရသူ ဗယ်ဒမာ ဟက်ဖ်ကင်

၁၉ ရာစု နှောင်းပိုင်းနဲ့ ၂၀ ရာစု အစပိုင်း ကာလတွေမှာ ပြင်သစ်နဲ့ အိန္ဒိယနိုင်ငံတွေအတွင်း ဘက်တီးရီးယားဆိုင်ရာ ပညာရှင် အဖြစ် အလုပ်လုပ်ကိုင်ခဲ့တဲ့ ဗယ်ဒမာ ဟက်ဖ်ကင်ဟာ ကာလဝမ်းရောဂါနဲ့ ပလိပ်ရောဂါတို့အတွက် ကမ္ဘာ့ပထမဆုံး ကာကွယ်ဆေး ဖော်စပ်ပေးသူ ဖြစ်ခဲ့ပေမယ့် သူ့ကြောင့် လူတွေ အစုလိုက် အပြုံလိုက် အဆိပ်သင့်မှု ဖြစ်ခဲ့ရာကနေ ဘဝပျက်ခဲ့ရသူ ဖြစ်ပါတယ်။

မစ္စတာ ဟက်ဖ်ကင်ဟာ ၁၈၈၄ ခုနှစ်မှာ အဲဒီအချိန်က ရုရှားအင်ပါယာ နယ်နိမိတ် ဖြစ်ပြီး ယခု ယူကရိန်း နယ်နိမိတ်အတွင်းမှာရှိတဲ့ အိုဒက်ဆာ တက္ကသိုလ်ကနေ သတ္တဗေဒဘာသာနဲ့ ဘွဲ့ရခဲ့ပါတယ်။

သူဟာ ဂျူးလူမျိုးဖြစ်တဲ့အတွက် အဲဒီအချိန်က ဂျူးမုန်းတီးရေး အယူအဆရှိတဲ့ ရုရှားအင်ပါယာအတွင်းမှာ ကျောင်းဆရာအဖြစ် အသက်မွေးခွင့်မရခဲ့ဘဲ ကနဦး ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့နဲ့ နောက်ပိုင်း ပြင်သစ်နိုင်ငံ ပါရီမြို့တို့မှာ ကျောင်းဆရာအလုပ်တွေ လာရောက်လုပ်ကိုင်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ပါရီမြို့မှာရှိတဲ့ ဘက်တီးရီးယား သုတေသနပိုင်းမှာ ကမ္ဘာ့ရှေ့ဆောင် လူဝီ ပက်စ်တော ကျောင်းမှာ လက်ထောက် စာကြည့်တိုက်မှူး လုပ်ရာကနေ ကာလဝမ်းရောဂါနဲ့ ပတ်သက်တဲ့ လေ့လာမှုတွေ စလုပ်ခဲ့ပါတယ်။

အဲဒီအချိန်က ကာလဝမ်းရောဂါဟာ မသန့်ရှင်းတဲ့လေထဲက တစ်ဆင့် ကူးစက်တတ်တယ်လို့ ယူဆမှု များပေမဲ့ မစ္စတာ ဟက်ဖ်ကင်က ဒီလို မဟုတ်ကြောင်းကို စမ်းသပ်ကြည့်နိုင်ခဲ့တဲ့အပြင် ကာကွယ်ဆေး စမ်းဖော်ကြည့်တဲ့အဆင့်ပါ ရောက်ခဲ့ပါတယ်။

ဗီဒီယို ပုံစာ, စင်္ကာပူရဲ့ ကိုဗစ်ထိန်းချုပ်မှု အောင်မြင်ခဲ့သလား

မစ္စတာ ဟက်ဖ်ကင်ဟာ ပူးသတ္တဝါတွေရဲ့ ဗိုက်သားမှာ အရင်ဆုံး ကာလဝမ်းရောဂါပိုးတွေ ထိုးပြီး ပွားများအောင် အရင်လုပ်ကြည့်ခဲ့ပါတယ်။

ဒီလိုလုပ်အပြီးမှာတော့ အဲဒီ ပူးဗိုက်သားထဲက ပိုးတွေကို အားနည်းသွားအောင် သူက အပူပေးပြီး စမ်းကြည့်ခဲ့ပါတယ်။

ဒီပိုးတွေကို ကာကွယ်ဆေးအဖြစ် သူစမ်းသပ်ပုံကတော့ ကာလဝမ်းရောဂါ ပိုးမထိုးရသေးတဲ့ ပူးတွေကို အားနည်းအောင် လုပ်ထားတဲ့ ကာလဝမ်းရောဂါပိုး အရင်ထိုးပြီး၊ အချိန်ခြားပြီးမှ ယခင် ဗိုက်သားမှာ ရှင်သန်ကြီးပွားအောင်လုပ်ထားတဲ့ ကာလဝမ်းရောဂါပိုးကို ပြန်ထိုးခြင်းအားဖြင့် ဒီလို နှစ်ခါထိုးခံရတဲ့ ပူးက ကာလဝမ်းရောဂါ ပြင်းပြင်းထန်ထန် မဖြစ်တော့တာကို တွေ့ရှိခဲ့ရပါတယ်။

နောက်ပိုင်းမှာတော့ ဒီနည်းလမ်းဟာ ပူးတွေမှာသာမက ခိုနဲ့ ယုန်သတ္တဝါတွေမှာလည်း အလားတူ ထိရောက်မှုရှိတာကို သူတွေ့လာရတဲ့အတွက် ပထမအဆင့် အနေနဲ့ သူကိုယ်တိုင် အသက်ဘေး စတေးပြီး စတင် အထိုးခံကြည့်ခဲ့ပါတယ်။

သူအခုလို ကိုယ့်ကိုယ်ကို ထိုးကြည့်ပြီးနောက်ပိုင်း ရက်အတော်အတန်ကြာ နေမကောင်းဖြစ်ခဲ့ပေမယ့် နောက်ပိုင်း ပြန်လည်သက်သာလာခဲ့တဲ့အတွက် အစမ်းသပ်ခံလိုတဲ့ သူရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ အပေါင်းအသင်းတွေကိုပါ ထိုးကြည့်ရာမှာလည်း အောင်မြင်ခဲ့ပြန်ပါတယ်။

၁၈၉၄ မှာ ကာလကတ္တားမြို့က ရွာသားတွေကို ကာလဝမ်းရောဂါ ကာကွယ်ဆေး စမ်းသပ် ထိုးပေးနေတဲ့ မစ္စတာ ဟက်ဖ်ကင်

ဓာတ်ပုံ ရင်းမြစ်, Wellcome Trust

ဓာတ်ပုံ ပုံစာ, ၁၈၉၄ မှာ ကာလကတ္တားမြို့နားက ရွာသားတွေကို ကာလဝမ်းရောဂါ ကာကွယ်ဆေး စမ်းသပ် ထိုးပေးနေတဲ့ မစ္စတာ ဟက်ဖ်ကင်

၁၈၉၄ ခုနှစ်မှာတော့ မစ္စတာ ဟက်ဖ်ကင်ဟာ အိန္ဒိယနိုင်ငံ ဘန်ဂေါပြည်နယ်အတွင်းက ကာလကတ္တားမြို့ကို ကာလဝမ်းရောဂါ ကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့်သုံးလို့ ရမရ လေ့လာဖို့ ရောက်လာခဲ့ပါတယ်။

သူ့မှာ ကာလဝမ်းရောဂါ အတွက် ကာကွယ်ဆေးအဖြစ် ထိရောက်နိုင်တဲ့ ဆေးပါလာခဲ့ပေမယ့် အဲဒီအချိန်က အိန္ဒိယကို အုပ်ချုပ်နေတဲ့ ဗြိတိသျှအစိုးရ လက်အောက်က ဆေးပညာ အသိုင်းအဝိုင်းက သူ့အယူအဆကို သံသယရှိကြသလို အိန္ဒိယ ပြည်သူတွေကလည်း အလားတူ သံသယရှိခဲ့ကြပါတယ်။

သူဟာ အိန္ဒိယနိုင်ငံကို မသွားခင်မှာ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ဘက်တီးရီးယား လေ့လာတဲ့ ပညာရပ်ကို ဆည်းပူးခဲ့ပြီး အဲဒီကာလက ဒီပညာရပ်နယ်ပယ်မှာ အယူအဆ ကွဲလွဲမှုများတဲ့အတွက် အများက ယုံကြည်စိတ်ချမှု အသေအချာ မရသေးတဲ့ ပညာရပ်တစ်ခုလည်း ဖြစ်ပါတယ်။

မစ္စတာ ဟက်ဖ်ကင် အိန္ဒိယကို ရောက်လာချိန်မှာ အသက် ၃၃ နှစ်သာရှိသေးပြီး တစ်ပတ်ခြားပြီး နှစ်ကြိမ်ထိုးဖို့ လိုအပ်တဲ့ ကာကွယ်ဆေးကို အစမ်းခံချင်သူ ရှားပါးသလို ပထမတစ်ကြိမ်အပြီး နောက်တစ်ကြိမ်ထပ်ထိုးဖို့ လူရှာလို့ မတွေ့တော့တဲ့ ပြဿနာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာတော့ ကာလကတ္တားမြို့က ဆေးပညာ အရာရှိတစ်ဦးက မြို့တွင်း ဆင်းရဲသားရပ်ကွက်တစ်ခုအတွင်း အသုံးပြုတဲ့ သုံးရေစည်ကြီး တစ်ခုအတွင်းမှာ ဘယ်ပိုးမွှားက ကာလဝမ်းရောဂါပိုးဖြစ်တယ် ဆိုတာကို ထောက်ပြရေး ကူညီဖို့ မစ္စတာ ဟက်ဖ်ကင်ကို အကူအညီတောင်းလာပါတယ်။

ဒါကို မစ္စတာ ဟက်ဖ်ကင်က သူ့ရဲ့ ကာကွယ်ဆေး စမ်းသပ်ဖို့ အခွင့်ကောင်းပဲလို့ ယူဆခဲ့ပါတယ်။

ကာလဝမ်းရောဂါ လွယ်လွယ်ကူကူ ပျံ့နှံ့သွားလေ့ရှိတဲ့ ၁၈၉၀ ပြည့်လွန် ကာလအတွင်းက အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့အနီးက ရွာတစ်ရွာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကာလဝမ်းရောဂါ လွယ်လွယ်ကူကူ ပျံ့နှံ့သွားလေ့ရှိတဲ့ ၁၈၉၀ ပြည့်လွန် ကာလအတွင်းက အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့အနီးက ရွာတစ်ရွာ

မစ္စတာ ဟက်ဖ်ကင်ဟာ သူသွားရောက်တဲ့ ရပ်ကွက်အတွင်း နေထိုင်ရှင်သန်ရတဲ့ အခြေအနေ တူညီတဲ့ လူတွေကို စတင် အုပ်စုခွဲကာ လူရွေးပြီး ကာကွယ်ဆေးထိုးခြင်းအားဖြင့် ကာကွယ်ဆေးက ကာကွယ်နိုင်စွမ်း ရှိမရှိကို သူ စမ်းသပ်နိုင်ခဲ့ပါတယ်။

သူ အခုလို သွားရောက်စမ်းသပ်ခဲ့တဲ့ ရပ်ကွက်တစ်ခုဖြစ်တဲ့ ကက်တန် ဘဂန် ရပ်ကွက်မှာ သူခွဲခြားထားတဲ့ လူ ၂၀ဝ အတွင်းက ၁၁၆ ယောက်ကို စမ်းသပ်ပြီး ထိုးပေးမှုမှာ ဆိုရင် သူ မထိုးပေးထားတဲ့ လူတွေထဲကပဲ ကာလဝမ်းရောဂါကြောင့် သေဆုံးသူ ရှိခဲ့တဲ့အထိ အောင်မြင်မှုလည်း ရလာခဲ့ပါတယ်။

ဒီလို ရလဒ်ကြောင့် ကာလကတ္တားမြို့ အာဏာပိုင်တွေက ကာကွယ်ဆေး စမ်းသပ်ဖို့ ရန်ပုံငွေ ထောက်ပံ့တဲ့အထိ သူ့ကို ထောက်ခံမှုရလာပေမယ့် အထိုးခံမယ့်လူရှာရတဲ့ အလုပ်ကတော့ သူ့အတွက် အခက်အခဲ ဆက်ဖြစ်နေခဲ့ပါတယ်။

အခုလို အခက်အခဲဖြစ်ရတဲ့ အကြောင်းအရင်းတစ်ခုကတော့ အိန္ဒိယကို အုပ်ချုပ်တဲ့ ဗြိတိ

သျှအာဏာပိုင်တွေဟာ အိန္ဒိယပြည်သူတွေနဲ့ ညှိနှိုင်းခြင်း မရှိဘဲ အနောက်တိုင်း ဆေးကုသမှုပုံစံကို သွတ်သွင်းတဲ့ ထုံးစံကြောင့်လည်း အပါအဝင်ဖြစ်ပါတယ်။

နိုင်ငံတကာမှာတောင် ခေတ်မစားသေးတဲ့ ကာကွယ်ဆေး သဘောတရားကို လက်ခံဖို့ ဝေးကွာလှတဲ့ အိန္ဒိယလူထုရဲ့ ထောက်ခံမှုကို ရဖို့အတွက် မစ္စတာ ဟက်ဖ်ကင်က ဗြိတိသျှ ဆရာဝန်တွေနဲ့ တွဲမလုပ်ဖို့ အိန္ဒိယနွယ်ဖွား ဆရာဝန်တွေနဲ့တကွ လက်ထောက်တွေကို အသုံးပြုခဲ့ပါတယ်။

ကာကွယ်ဆေးသဘောတရားကို အများပြည်သူ လက်ခံလာဖို့အတွက် သူကိုယ်တိုင် အရင် အထိုးခံပြတာမျိုးကိုလည်း မစ္စတာ ဟက်ဖ်ကင်က ပြုလုပ်ခဲ့တဲ့အတွက် နောက်ပိုင်းမှာ ကာကွယ်ဆေးအထိုးခံဖို့ လူတွေ တစ်နေ့လုံး တန်းစီကြတဲ့အထိ လူထုလက်ခံမှု ရလာခဲ့ပါတယ်။

ဗီဒီယို ပုံစာ, လာရောက်လေ့လာမှုတိုင်းကို လမ်းဖွင့်ပေးထားတယ်လို့ ဝူဟန်ဓာတ်ခွဲခန်းက သုတေသီ တုံ့ပြန်

မစ္စတာ ဟက်ဖ်ကင်ရဲ့ အခုလို ကြိုးစားအားထုတ်မှုကြောင့် ကာကွယ်ဆေး သဘောတရားကို နိုင်ငံတကာနဲ့ချီပြီး လက်ခံမှုများလာစေတဲ့ သိပ္ပံပညာရှင်တွေထဲမှာ အပါအဝင် ဖြစ်လာခဲ့တယ်လို့ ဆိုနိုင်ပေမယ့် သူ့မတိုင်ခင် ကမ္ဘာ့ပထမဆုံး ကာကွယ်ဆေးသုံး ကုသမှု ဖန်တီးပြီး ရေကျောက်ကာကွယ်ဆေးဖော်ခဲ့တဲ့ အက်ဒဝါ့ဒ် ဂျန်နာနဲ့ မစ္စတာ ဟက်ဖ်ကင် ကွယ်လွန်ပြီးနောက်ပိုင်း ပေါ်ထွက်လာတဲ့ ပိုလီယို ကာကွယ်ဆေးဖော်သူ ဂျိုးနတ် ဆော့လ်က် တို့လို အများပြည်သူ သိရှိသူတဦးတော့ ဖြစ်မလာခဲ့ပါဘူး။

တရုတ်နိုင်ငံ ယူနန် ပြည်နယ်ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့ တတိယမြောက် ပလိပ်ရောဂါ ကပ်ဆိုက်မှုက ၁၈၉၆ မှာ အိန္ဒိယနိုင်ငံ ဘုံဘေမြို့ကိုပါ ပျံ့နှံ့ ရောက်ရှိလာချိန်မှာ ကာလဝမ်းရောဂါ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး မစ္စတာ ဟက်ဖ်ကင် အောင်မြင်မှုရထားတာကို သိတဲ့ ဗြိတိသျှ အစိုးရက သူ့ကို ပလိပ်ရောဂါ ကာကွယ်ဆေးဖော်ဖို့ အကူအညီတောင်းလာခဲ့ပါတယ်။

မစ္စတာ ဟက်ဖ်ကင်ဟာ ပလိပ်ရောဂါပိုးတွေကို ပြုပြင်ထားတဲ့ ထောပတ် ဒါမှမဟုတ် အုန်းဆီရောကြည့်ခြင်းအားဖြင့် ပလိပ်ရောဂါပိုးတွေကို အဆိပ်သင့်အောင်လုပ်ပြီး ဒါကို တစ်ကြိမ်ပဲ ထိုးစရာလိုတဲ့ ကာကွယ်ဆေးအနေနဲ့ ပြန်သုံးဖို့ ကြိုးစားခဲ့ပါတယ်။

၁၈၉၆ ဒီဇင်ဘာလအရောက်မှာတော့ သူ့ရဲ့ စမ်းသပ်မှုက ယုန်တွေကို ထိုးကြည့်ရာမှာ အောင်မြင်မှုရတာကို တွေ့ရတဲ့အတွက် သူ့ကိုယ်သူ ဆက်လက် ထိုးသွင်း စမ်းသပ်ခဲ့ပြီး အောင်မြင်မှု ရခဲ့ပြန်ပါတယ်။

နောက်ပိုင်းမှာတော့ သူ့ရဲ့ ကာကွယ်ဆေးကို လူသိန်းချီ ထိုးပေးနိုင်ခဲ့ပြီး လူပေါင်းများစွာရဲ့ အသက်တွေကို ကယ်တင်ပေးနိုင်ခဲ့တဲ့အတွက် အဲဒီအချိန်က ဗြိတိသျှ ဝိတိုရိယ ဘုရင်မကြီးက သူရဲကောင်းဘွဲ့ ချီးမြှင့်ခြင်းခံရပြီး ဘုံဘေမြို့မှာလည်း ပလိပ်ရောဂါ သုတေသန ဓါတ်ခွဲခန်း ကြီးကြပ်ရေးမှူးချုပ် ရာထူးခန့်အပ်ပေးခြင်း ခံခဲ့ရပါတယ်။

ဗီဒီယို ပုံစာ, ဗိုင်းရပ်စ်မျိုးကွဲသစ်တမျိုးကြောင့် ဗြိတိန်က လာသူတွေကို ကမ္ဘာ့တဝန်း နိုင်ငံတွေ ကန့်သတ်

ဒါပေမဲ့ ဒီလို ခန့်အပ်ခံရအပြီးကျမှပဲ မစ္စတာ ဟက်ဖ်ကင် နာမည်ပျက်မယ့် အခြေအနေတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

၁၉၀၂ ခုနှစ် ပန်ဂျပ်ပြည်နယ်အတွင်းက ရွာတစ်ရွာမှာ မစ္စတာ ဟက်ဖ်ကင် ဖော်စပ်တဲ့ ပလိပ်ရောဂါ ကာကွယ်ဆေးထိုးပေးရာမှာ လူ ၁၉ ဦး မေးခိုင်ရောဂါပိုးထိပြီး သေဆုံးသွားတဲ့အတွက် အိန္ဒိယအစိုးရက ကော်မရှင်ဖွဲ့ပြီး စစ်ဆေးခဲ့ပါတယ်။

အခုလို စစ်ဆေးရာမှာ မစ္စတာ ဟက်ဖ်ကင်ဟာ ကာကွယ်ဆေးအတွက် ပိုးသတ်ရေး မြန်ဆန်ဖို့အတွက် အပူပေးတဲ့နည်းကို အသုံးပြုပြီး ကာဘော်လစ် အက်ဆစ်သုံးပြီး ပိုးမသတ်ခဲ့တာကို တွေ့ရှိရပြီး ကာကွယ်ဆေး မြန်မြန်ထုတ်ဖို့ ဦးစားပေးတာကို တွေ့ရှိရတဲ့အတွက် ရာထူးက ဖြုတ်ချ အနားပေး ခံလိုက်ရပါတယ်။

အခုလို နာမည်ပျက်သွားတဲ့ မစ္စတာ ဟက်ဖ်ကင်ဟာ အိန္ဒိယမှာ ဆက်မနေတော့ပဲ လန်ဒန်ကို ရောက်လာခဲ့ပါတယ်။

သူဟာ ဘုရင်မကြီးက သူရဲကောင်းဘွဲ့ပေးခံရတဲ့အတွက် ကာကွယ်ဆေးကြောင့် နာမည်ရခဲ့ပေမယ့် ကာကွယ်ဆေးကြောင့်ပဲ အခုလို ရုတ်တရက်ကြီး လုံးလုံး နာမည်ပျက်ခဲ့ရ ရာမှာ သူ့ရဲ့ ဆေးပညာနောက်ခံမရှိဘဲ ပညာရပ်ဆိုင်ရာ သတ္တဗေဒ ကျွမ်းကျင်မှုသာ ရှိလို့ ဆိုတဲ့ အမြင်တွေနဲ့ ကြည့်တာကိုလည်း ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဗီဒီယို ပုံစာ, ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ဝယ်ယူသိုလှောင်နေကြ

ဒါ့အပြင် သူရဲ့ ဂျူးလူမျိုးဖြစ်မှုနဲ့ ပညာရပ်ဆိုင်ရာ ရေးသားပြောဆိုရာမှာ အင်္ဂလိပ်ဘာသာ သုံးပြီး ရှင်းရှင်းလင်းလင်း မပြောနိုင်ခဲ့တဲ့အတွက်လည်း သူနာမည် လွယ်လွယ်ပျက်သွားတာ ဖြစ်နိုင်တယ်လို့ မစ္စတာ ဟက်ဖ်ကင် အကြောင်းကို လေ့လာသူ ဟားဗတ်တက္ကသိုလ်က လူထုကျန်းမာရေး ဆိုင်ရာ ပါမောက္ခ အယ်လီ ချာနင်က ဘီဘီစီကို ပြောပါတယ်။

၁၉၀၆ ရောက်မှ မစ္စတာ ဟက်ဖ်ကင် အပြစ်ရှိကြောင်း အစီအရင်ခံစာ အပြည့်အစုံကို အိန္ဒိယက အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ရမှာတော့ ကာကွယ်ဆေး တချို့မှာ မေးခိုင်ပိုး ပါဝင်ခဲ့မှုဟာ မတော်တဆသာ ဖြစ်ပြီး မစ္စတာ ဟက်ဖ်ကင်ရဲ့ အပူပေး ပိုးသတ်နည်း အလုပ် မလုပ်လို့ ဖြစ်ရတာ မဟုတ်ကြောင်း ကာကွယ်ရေးသားပေးတဲ့ ဆေးပညာရှင်တွေ ပေါ်ထွက်လာခဲ့ပါတယ်။

အခုလို မစ္စတာ ဟက်ဖ်ကင် အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်ကို ပြင်ဆင်ဖို့ ဗြိတိသျှ သတင်းစာတွေမှာ ရေးသားကြတဲ့ ဆေးပညာရှင်တွေထဲမှာ ငှက်ဖျားရောဂါ ကူးစက်ပုံကို ဖော်ထုတ်နိုင်ခဲ့တဲ့ ဆေးပညာဆိုင်ရာ နိုဘဲဆုရှင် ရော်နယ် ရော့စ်လည်း ပါဝင်ခဲ့ပါတယ်။

အခုလို ဂုဏ်သိက္ခာဆယ်ပေးခဲ့ကြတဲ့ ဆေးပညာရှင်တွေရဲ့ ဖိအားကြောင့် မစ္စတာ ဟက်ဖ်ကင် အပြစ်မရှိကြောင်း ၁၉၀၇ ခုနှစ် နိုဝင်ဘာလမှာ ပြန်လည် ပြင်ဆင် ထုတ်ပြန်ချက် ထွက်လာခဲ့ပါတယ်။

ဗီဒီယို ပုံစာ, ကိုဗစ်ကာကွယ်ဆေးတွေ ပို့ဆောင်ဖို့ စင်္ကာပူပြင်ဆင်

55

အဲဒီနောက်ပိုင်းမှာ မစ္စတာ ဟက်ဖ်ကင်ဟာ ကာလကတ္တားမြို့ ဇီဝဗေဒ ဓါတ်ခွဲခန်းမှာလည်း ဒါရိုက်တာရာထူး ခန့်အပ်ခြင်း ခံခဲ့ရပေမဲ့ သူအပြစ်ရှိခဲ့တယ်ဆိုတဲ့ အမြင်က ဆေးပညာ အသိုင်းအဝိုင်းကြားမှာ ရှိနေသေးပြီး အိန္ဒိယက ဗြိတိသျှ အာဏာပိုင်တွေ ကိုယ်တိုင်က သူ့ကို လက်တွေ့ ကာကွယ်ဆေး စမ်းသပ်မှု လုပ်ခွင့် တားမြစ်ထားခဲ့ပါတယ်။

နောက်ပိုင်း သူ အဲဒီ ဒါရိုက်တာ ရာထူးယူထားတဲ့ ကာလအတွင်း ရေးသားတဲ့ သုတေသန စာတမ်း ၃၀ ကျော်ခဲ့ပေမယ့် တစစောင်သာ ပုံနှိပ်ဖော်ပြတာ ခံခဲ့ရပြီး ကာကွယ်ဆေး စမ်းသပ်မှု လုပ်ခွင့်ပေးဖို့ အကြိမ်ကြိမ် ခွင့်တောင်းမှုတွေလည်း ပယ်ချခံရအပြီးမှာတော့ မစ္စတာ ဟက်ဖ်ကင်ဟာ အသက် ၅၅ မှာတင် ပင်စင်ယူ လိုက်ပါတယ်။

သူဖော်စပ်ခဲ့တဲ့ ပလိပ်ရောဂါ ကာကွယ်ဆေးထိုးသူ အရေအတွက်ဟာ အိန္ဒိယနိုင်ငံမှာ ၂၆ သန်း အထိရှိခဲ့ပြီး သူ့ ကာကွယ်ဆေးကြောင့် ပြည်တွင်းမှာ ၈၅ ရာခိုင်နှုန်းအထိ အသက်သေနိုင်ခြေ ရာခိုင်နှုန်းကိုလျှော့ချပေးနိုင်ခဲ့တဲ့အတွက် ယခုအထိ ထင်ရှားကျော်ကြားသူ ဖြစ်သင့်ပေမယ့် မေးခိုင်ပိုး ပြဿနာကြောင့် ကျသွားတဲ့ ဂုဏ်သိက္ခာ ပြန်မဆယ်နိုင်ခဲ့ဘူးလို့ လန်ဒန် ဘုရင့်ကောလိပ်က ဇီဝကမ္မဗေဒ ပညာရှင် ဒေါက်တာ ဘာဘရာ ဟောဂွတ်က ဆိုပါတယ်။

မစ္စတာ ဟက်ဖ်ကင် အပြစ်ရှိတယ်ဆိုပြီး ထုတ်ပယ်ခံရတဲ့ ဘုံဘေမြို့ (ယခု မွန်ဘိုင်းမြို့)က ပလိပ် သုတေသန ဓါတ်ခွဲခန်းရဲ့ နာမည်ကို သူကွယ်လွန်အပြီး ငါးနှစ်အကြာ ၁၉၂၅ ခုနှစ်မှာ ဟက်ဖ်ကင် သင်ကြားရေးနဲ့ သုတေသန ကျောင်းဆိုပြီး ပြောင်းဖို့ သူ့ကို ထောက်ခံသူတွေက အစိုးရကို တိုက်တွန်းမှု အောင်မြင်ခဲ့တဲ့အတွက် မစ္စတာ ဟက်ဖ်ကင်ရဲ့ နာမည်ကတော့ ဆက်လက် ရှင်သန်နေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။