ကိုဗစ်- ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်သစ် ပြင်သစ်မှာတွေ့

ကျန်းမာရေးဝန်ထမ်း

ဓာတ်ပုံ ရင်းမြစ်, Reuters

ရေးသားခဲ့သည်။

ယူကေမှာ လတ်တလော တွေ့ရတဲ့ ကူးစက်မှု ပိုမြန်တဲ့ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်သစ် ပြင်သစ်မှာလည်း ကူးစက်တာ ပထမဆုံး တစ်ခု စရှိလာပါတယ်။

လန်ဒန်မြို့ကနေ ဒီဇင်ဘာ ၁၉ ရက်က ရောက်လာတဲ့ ပြင်သစ် နိုင်ငံသား အမျိုးသားတစ်ဦးမှာ ကူးစက်တာတွေ့ရတယ်လို့ ပြင်သစ် ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီအမျိုးသားမှာ ကူးစက်မှု လက္ခဏာ မပြသကြောင်းနဲ့ သူဟာ လက်ရှိမှာ သူ့ဘာသာ အိမ်မှာ သီးသန့်ခွဲနေကြောင်း၊ ကျန်းမာရေးကောင်းမွန်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ကိုဗစ်မျိုးကွဲသစ်ကို ယူကေမှာ တွေ့ရတာကြောင့် နိုင်ငံ ၄၀ လောက်က ခရီးသွားလာမှု ပိတ်ပင်တာတွေ လုပ်ထားပါတယ်။

ပြင်သစ်ကလည်း သူ့ရဲ့ နယ်စပ်ကို ပိတ်ထားခဲ့ပေမဲ့ ဗုဒ္ဓဟူးနေ့က ပြန်ဖွင့်လိုက်ပါတယ်။

ဒါ့အပြင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ်ကို ဂျပန်၊ ဒိန်းမတ်၊ သြစတြေးလျနဲ့ နယ်သာလန် နိုင်ငံတို့မှာလည်း တွေ့ခဲ့ရပြီ ဖြစ်ပါတယ်။

အခုချိန်ထိ ပြင်သစ်မှာ ကူးစက်သူ ၂.၅ သန်းကျော် ရှိပြီး သေဆုံးသူ ၆၂,၀၀၀ ကျော် ရှိပါပြီ။ အဲဒါဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် သေဆုံးသူ ၇ နိုင်ငံမြောက် အများဆုံး နိုင်ငံ ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေး ဖိုင်ဇာ-ဘိုင်အွန်တက် ပထမဆုံး အသုတ်ကို ဘယ်လ်ဂျီယံနိုင်ငံကနေ သယ်ယူနေပြီ ဖြစ်ပြီး ပထဆုံး အဖြစ် အသက်ကြီးသူတွေကို တနင်္ဂနွေနေ့မှာ စထိုးနှံမှာ ဖြစ်ပါတယ်။

ဒီဗီဇပြောင်း ဗိုင်းရပ်စ်ကို အင်္ဂလန်မှာ စက်တင်ဘာလက စတင် တွေ့ရှိရပြီး အခုသီတင်းပတ်တွေအတွင်း ယူကေမှာ ကူးစက်မှု ရုတ်တရက်မြင့်မားလာတာ ဒီဗိုင်းရပ်စ်သစ်ကြောင့်လို့ ပြောပါတယ်။

ဒီဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သတိထားမိစရာသုံးချက်က -

  • ဒီဗိုင်းရပ်စ်ဟာ တခြားမျိုးကွဲတွေနေရာမှာ မြန်မြန်ဆန်ဆန် အစားထိုးကူးစက်နေတယ်။
  • ဒီဗိုင်းရပ်စ်မှာ ဗီဇပြောင်းလဲမှုတွေ ရှိပြီး အဲဒါက ဗိုင်းရပ်စ်ကို ပိုဂရုစိုက်ဖို့ ဖြစ်လာတယ်။
  • အဲဒီထဲက မျိုးကွဲတချို့ဟာ ဆဲလ်တွေဆီကို ကူးစက်နိုင်စွမ်း ပိုမြင့်တယ်ဆိုတာ ဓာတ်ခွဲခန်းစမ်းသပ်မှုတွေမှာ တွေ့ထားပြီး ဖြစ်တယ်။

အဲဒါတွေကြောင့် ဗိုင်းရပ်စ်က ကူးစက်မှု ပိုလွယ်လွယ် ပျံ့နှံ့နိုင်တယ်လို့ ပြောစရာဖြစ်လာတယ်လို့ ဘီဘီစီကျန်းမာရေး သတင်းထောက် ဂျိမ်းစ် ဂယ်လဟာက ပြောပါတယ်။

ဒါပေမဲ့ ဗိုင်းရပ်စ်က ပိုပြင်းထန်လာတယ်လို့ သက်သေပြစရာ မရှိသေးကြောင်းနဲ့ အခုလပိုင်းတွေမှာ ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးတွေက ဆက်ပြီး ကာကွယ်နိုင်စွမ်းရှိလိမ့်မယ်လို့ ပညာရှင်တွေက ပြောပါတယ်။