၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ- အရေးကြီးမေးခွန်းတွေကို ရှောင်ဖြေသွားတဲ့ ထရမ့်နဲ့ဘိုင်ဒန်

ရေးသားခဲ့သည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒန်တို့နှစ်ဦးဟာ မဲဆန္ဒရှင် ပြည်သူတွေနဲ့ သီးခြားစီ တွေ့ဆုံခဲ့တဲ့ ရုပ်သံ မေးမြန်းခန်းအစီအစဉ်တွေမှာ ပြည်သူတွေရဲ့ အဓိက ကျတဲ့ မေးခွန်းတွေကို ရှောင်ဖြေသွားခဲ့ပါတယ်။

ရီပတ်ဘလစ်ကန် သမ္မတ မစ္စတာ ထရမ့်ကတော့ အွန်လိုင်းကနေ စည်းရုံးလှုံ့ဆော်နေတဲ့ အကြံအစည် အယူအဆ တခုအကြောင်း သူဘာမှမသိဘူးလို့ ငြင်းဆန်သွားခဲ့သလို ဒီမိုကရက် သမ္မတလောင်း ဂျိုးဘိုင်ဒန်ကလည်း တရားရုံးချုပ်မှာ တရားသူကြီး တိုးချဲ့ခန့်အပ်သွားဖို့ ကိစ္စနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေကို ထုတ်ပြောမသွားခဲ့ပါဘူး။

သမ္မတလောင်း နှစ်ဦးလုံးဟာ ဖုံးဖုံးဖိဖိနဲ့ ခုခံဖြေဆိုသွားခဲ့ကြပါတယ်။

လူထုစစ်တမ်းတွေအရတော့ မစ္စတာဘိုင်ဒန်ဟာ မစ္စတာ ထရမ့်ထက် ပြတ်ပြတ်သားသား အနိုင်ရနေပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲကို အဆုံးအဖြတ်ပေးနိုင်တဲ့ တဖက်နဲ့ တဖက် အကြိတ်အနယ်ရှိနိုင်တဲ့ အရေးပါတဲ့ ပြည်နယ်တချို့မှာတော့ ကွာဟမှု သိပ်မရှိပါဘူး။

နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် အမေရိကန် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် ၁၈ သန်းကျော်ဟာ လူကိုယ်တိုင် ဒါမှမဟုတ် စာတိုက်ကနေ တဆင့် မဲထည့်ခဲ့ကြပြီးပါပြီ။

ဖျက်သိမ်းခဲ့ရတဲ့ ဒုတိယအကြိမ် သမ္မတလောင်း စကားစစ်ထိုးပွဲနေရာမှာ မဲဆန္ဒရှင်တွေရဲ့ မေးခွန်းတွေကို သမ္မတလောင်းနှစ်ဦးက ရုပ်သံကနေတဆင့် ပြန်လည်ဖြေကြားရတဲ့ ဒီမေးမြန်းခန်းအစီအစဉ်နဲ့ အစားထိုးကျင်းပခဲ့တာ ဖြစ်ပါတယ်။

မကြာသေးတုန်းက ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရပြီး အခုတော့ အပြည့်အဝ ပြန်လည်သက်သာလာပုံရတဲ့ သမ္မတ ထရမ့်ဟာ အွန်လိုင်းကနေ ကျင်းပဖို့ စီစဉ်ထားတဲ့ ဒုတိယအကြိမ် စကားစစ်ထိုးပွဲမှာ ပါဝင်ဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ထရမ့်အတွက် အရေးပါတဲ့ အခိုက်အတန့်များ

ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့မှာ NBC ရုပ်သံ သတင်းဌာနက ကြီးမှူးကျင်းပတဲ့ ဒီမေးမြန်းခန်းမှာ အွန်လိုင်းပေါ်မှာ လှုပ်ရှားနေတဲ့ လက်ယာစွန်း အယူဝါဒ ကျူအန်နန် QAnon သီအိုရီနဲ့ ပတ်သက်လို့ သမ္မတ ထရမ့်ကို မေးမြန်းခဲ့ပါတယ်။

ကလေးတွေကို မှောင်ခိုရောင်းဝယ်တဲ့ အဖွဲ့တွေကနေ ကယ်တင်နေတာမျိုးလို ကမ္ဘာကြီးကို မကောင်းဆိုရွားတွေလက်က ကယ်တင်မှုတွေ မစ္စတာ ထရမ့်က လုပ်နေတယ်လို့ ဒီအယူအဆကို ထောက်ခံအားပေးသူတွေက ယုံကြည်ကြပါတယ်။

ဒီမေးမြန်းခန်းမှာ ကြီးကြပ်မေးမြန်းသူအဖြစ် ဆောင်ရွက်တဲ့ ဆာဗန်နာ ဂတ်သရီက ဒါတွေကို ပယ်ချသွားဖို့ ရှိလားလို့ မစ္စတာ ထရမ့်ကို မေးမြန်းရာမှာတော့ "QAnon အကြောင်း သူဘာမှ မသိပါဘူး" လို့ မစ္စတာ ထရမ့်က ဖြေသွားခဲ့ပါတယ်။

ဒီအဖွဲ့ဟာ အကြမ်းဖက် ခြိမ်းခြောက်မှု တခုဖြစ်လာနိုင်တယ်လို့ FBI အမေရိကန် ဗဟိုစုံစမ်းစစ်ဆေးရေး ဗျူရိုက သတ်မှတ်ထားတဲ့အကြောင်း သမ္မတကြီးကို အခုလေးပဲ သူပြောခဲ့ပြီးပြီလေလို့ မစ္စ ဂတ်သရီက ထပ်မေးပါတယ်။

"ဒါနဲ့ ပတ်သက်လို့ သူဘာဆို ဘာမှ မသိဘူး။ ကလေးတွေ ကာမစိတ် တိမ်းညွတ်လာအောင် စေ့ဆော်တဲ့ အရာတွေကို ဒီအဖွဲ့က ဆန့်ကျင်တယ်။ ဒါနဲ့ပတ်သက်လို့ အပြင်းအထန် တိုက်ဖျက်နေကြတယ်ဆိုတာပဲ သူသိတယ်" လို့ သမ္မတ ထရမ့်က တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

အဲဒီအစား မစ္စတာ ထရမ့်ဟာ လက်ယာစွန်း အယူအဆတွေကို ဆန့်ကျင်တဲ့ အန်တီဖာ antifa လှုပ်ရှားမှုအကြောင်းကို ပြောကြားခဲ့ပါတယ်။

အဲဒီ လက်ဝဲစွန်း လှုပ်ရှားမှုမှာ ပါဝင်သူတွေဟာ ပြီးခဲ့တဲ့ လတွေအတွင်း အမေရိကန်မြို့ကြီးတွေမှာ ပေါ်ပေါက်ခဲ့တဲ့ လူမျိုးရေးခွဲခြားမှု ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ အမေရိကန် တရားရေးဌာနက အပြစ်ဖို့ခံရပါတယ်။

အဲဒီအကြောင်းအရာတွေအပြင် လာမယ့်လမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိလာနိုင်တယ်ဆိုတဲ့ သူ့ရဲ့ စိုးရိမ်မှုတွေကို ထုတ်ဖော်ပြောဆိုခဲ့ဖူးပေမယ့် ဒီရွေးကောက်ပွဲမှာ သူရှုံးနိမ့်သွားခဲ့ရင် အေးအေးချမ်းချမ်း အာဏာလွှဲပြောင်းပေးသွားမယ်လို့ သမ္မတ ထရမ့်က ပထမဆုံးအကြိမ် ဖြေကြားသွားခဲ့ပါတယ်။

မဲမသမာမှု၊ မဲလိမ်လည်မှုတွေ အများအပြား ရှိလာနိုင်တယ်ဆိုတဲ့ အထောက်အထားတွေ မတွေ့ရဘူးလို့ ဗဟိုအစိုးရ ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူတွေက ပြောနေပါတယ်။

"ငြိမ်းငြိမ်းချမ်းချမ်း အာဏာလွှဲပြောင်းမှုကို လက်ခံမှာလား ဆိုတဲ့ အမေးကိုတော့ သမ္မတ ထရမ့်က ဟုတ်တယ်။ ဒါကို ကျွန်တော် လက်ခံသွားမှာပါ။ ဒါပေမဲ့ ဖြောင့်မတ် မှန်ကန်တဲ့ ရွေးကောက်ပွဲဖြစ်လာဖို့ သူလိုလားတယ်။ သူလို့ပဲ လူတိုင်း အဲဒီလို ဆန္ဒရှိကြမှာပါ" လို့ ဖြေကြားသွားခဲ့ပါတယ်။

ဒါပေမဲ့ ကျန်းမာရေး စောင့်ရှောက်မှု၊ စည်းကြပ်ခွန် ကောက်ခံဖို့ ပိုင်ဆိုင်မှုစာရင်းတွေ တင်ပြဖို့ကိစ္စတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကိုတော့ မစ္စတာ ထရမ့် ရှောင်ဖြေသွားခဲ့သလို ပြီးခဲ့တဲ့ တခေါက် မစ္စတာ ဘိုင်ဒန်နဲ့အတူ လုပ်ခဲ့တဲ့ စကားစစ်ထိုးပွဲနေ့မှာ ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ စစ်ခဲ့သလားဆိုတဲ့ အမေးကိုလည်း မစ္စတာ ထရမ့်က "သူ စစ်ဆေးကောင်း စစ်ဆေးခဲ့တယ်၊ မစစ်ခဲ့တာလည်း ဖြစ်နိုင်တယ်" လို့ ဖြေသွားခဲ့ပါတယ်။

ဒီမေးမြန်းခန်းမှာ သမ္မတ ထရမ့်က သူ့ရဲ့ ဖြေကြားချက် အများအပြားကို စောဒကတက်ခဲ့တဲ့ မေးမြန်းသူနဲ့ အတော်လေး အငြင်းအခုံ ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ မဲဆန္ဒရှင် အမျိုးသမီးတဦးက သူ့မေးခွန်းကို စတင် မေးမြန်းဖို့ အစပျိုးတဲ့အချိန်မှာ မစ္စတ ထရမ့်က နှစ်လိုဖွယ် ပြုံးပြခဲ့ပါတယ်။

ဒီတော့ မဲဆန္ဒရှင် အမျိုးသမီးကလည်း "သမ္မတကြီးရှင့် ရှင်ဟာ ပြုံးလိုက်ရင် သိပ်ကြည့်ကောင်းတယ်" လို့ မေးခွန်းမမေးခင် ပြောသွားခဲ့ပါတယ်။

ဘိုင်ဒန်အတွက် အရေးပါတဲ့ အခိုက်အတန့်များ

ဖိလာဒေးဖီးယားမြို့ မှာ ABC ရုပ်သံလိုင်းက ကြီးမှူးကျင်းပတဲ့ ရုပ်သံ မေးမြန်းခန်း အစီအစဉ်မှာတော့ အမေရိကန် တရားရုံးချုပ်မှာ တရားသူကြီးတွေ ထပ်မံခန့်အပ်သွားဖို့ ကိစ္စကို ထောက်ခံရဲ့လားဆိုတဲ့ မေးခွန်းကို ဒီမိုကရက် သမ္မတလောင်း ဂျိုးဘိုင်ဒန်က ငြင်းဆန်သွားခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို မစ္စတာ ဘိုင်ဒန်က ပြီးခဲ့တဲ့ ကာလတွေအတွင်း ခေါင်ရှောင်နေခဲ့ပါတယ်။ တရားရုံးချုပ် တရားစီရင်ရေး မဏ္ဍိုင်ကို အပြောင်းအလဲလုပ်ဖို့ သူ ကြံစည်နေတာကို ရှေးရိုးစွဲဆန်သူတွေက ကန့်ကွက်ဖို့ ရှိနေပါတယ်။

သမ္မတဟောင်း ဘားရက်ခ် အိုဘားမား လက်အောက်မှာ ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ မစ္စတာ ဘိုင်ဒန်ဟာ ကြာသပတေးနေ့ မေးမြန်းခန်းမှာလည်း သဘောထားကွဲလွဲစေတဲ့ အဖြေတွေကိုပဲ ဖြေသွားခဲ့ပါတယ်။

"တရားရုံးချုပ်မှာ တရားသူကြီးတွေ တိုးခန့်အပ်သွားဖို့ အစီအစဉ်ကို ထောက်ခံသူ တယောက်တော့ မဟုတ်ပါဘူး" လို့ အရင်ဆုံး ပြောခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိ တရားလူကြီး ၉ ယောက်ရှိတဲ့ တရားရုံးချုပ်မှာ လစ်လပ်နေရာအတွက် မစ္စတာ ထရမ့်ဘက်က အဆိုတင်သွင်းထားသူကို ရီပတ်ဘလစ်ကန်တွေက အတည်ပြုပေးခဲ့ရင် တရားလူကြီးဦးရေကို ထပ်မံတိုးချဲ့သွားဖို့ လမ်းဖွင့်ထားလားလို့ မစ္စတာ ဘိုင်ဒန်ကို မေးမြန်းသူ ဂျော့ချ် စတက်ဖန်နို ပိုးလော့စ် က ထပ်မေးခဲ့ပါတယ်။

"အဲဒီအခြေအနေမှာ ဖြစ်ပျက်နေတာတွေကို ကြည့်ပြီး စဉ်းစားသွားမယ်လို့ " လို့ မစ္စတာ ဘိုင်ဒန်က ဆိုပါတယ်။

ဒါပေမဲ့ ဒီကိစ္စအပေါ် သူ့ရဲ့ ရပ်တည်ချက်ကို ဖွင့်ဟဖို့အတွက်တော့ သူ ငြင်းဆန်ခဲ့ပါတယ်။

"ဒီကိစ္စကို သူတို့ ကိုင်တွယ်မလဲဆိုတဲ့အပေါ် မူတည်တယ်" လို့လည်း သူက ဆိုပါတယ်။

၁၉၉၄ ရာဇဝတ်မှု ဥပဒေ မူကြမ်းအရေးဆွဲရေးမှာ သူပါဝင်ဆောင်ရွက်ခဲ့မှုဟာ အမှားအယွင်းတခုလားလို့ မေးမြန်းရာမှာလည်း မစ္စတာ ဘိုင်ဒန်က ရှောင်ဖြေသွားခဲ့ပြန်ပါတယ်။

ဒီဥပဒေမူကြမ်းကြောင့် အာဖရိကန် အမေရိကန် လူမျိုးအများအပြား ထောင်ချခံခဲ့ရတယ်လို့ Black Lives Matters လူမည်းတွေရဲ့ အသက်ဟာ အရေးပါတယ်လို့ ပြောဆိုလှုပ်ရှားနေသူတွေက အပြစ်ဖို့နေကြပါတယ်။

"ဟုတ်တယ်၊ ဒါဟာ အမှားတခုပဲ" လို့ သူက ဆိုပါတယ်။

"ဒီဥပဒေမူကြမ်းမှာ ကောင်းတာရော ဆိုးတာရော နှစ်ခုလုံး ဒွန်တွဲနေတဲ့ တခြားအကြောင်းအရာတွေလည်း ပါတယ်" လို့လည်း သူက ဖြေခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး မဖြစ်မနေ ထုတ်ဖို့ ကိစ္စ နဲ့ ပတ်သက်လို့လည်း တိကျတဲ့ အဖြေ ပေးမသွားခဲ့ပါဘူး။

"ကာကွယ်ဆေး အမျိုးအစား အခြေအနေပေါ် မူတည်ပါတယ်။ ကာကွယ်ဆေးထွက်လာရင် ဘယ်လို ဖြန့်ဖြူးကြမလဲဆိုတဲ့ အပေါ်လည်း မူတည်တယ်" လို့လည်း သူက ဆိုပါတယ်။

သမ္မတလောင်းနှစ်ဦးရဲ့ နောက်တကျော့ စကားစစ်ထိုးပွဲကို အောက်တိုဘာလ ၂၂ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

ဒါပေမဲ့ ဘယ်လိုပုံစံမျိုးနဲ့ ကျင်းပသွားမလဲဆိုတာကိုတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။

ပြီးခဲ့တဲ့လက ပထမအကြိမ် စကားစစ်ထိုးပွဲမှာတော့ သမ္မတလောင်းနှစ်ဦးကြား အပြန်အလှန် ပုတ်ခတ်ပြောဆိုမှုတွေ၊ ထိုးနှက်ချက်တွေနဲ့သာ ဖုံးလွှမ်းခဲ့ပါတယ်။