ကိုဗစ်ဆေး ရမ်ဒက်ဆီဗီးယား ထိရောက်မှုနည်းတယ်လို့ဆို

ရမ်ဒက်ဆီဗီးယားက ကိုဗစ်ကုသဖို့ အစောပိုင်းမှာ သုံးခဲ့တဲ့ ဆေးတစ်ခုဖြစ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ရမ်ဒက်ဆီဗီးယားက ကိုဗစ်ကုသဖို့ အစောပိုင်းမှာ သုံးခဲ့တဲ့ ဆေးတစ်ခုဖြစ်
ရေးသားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကုသဆေး ရမ်ဒက်ဆီဗီးယားဟာ လူနာတွေ အသက်ရှင်သန်ရေးနဲ့ ပတ်သက်ပြီး ထိရောက်မှု နည်းပါးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOရဲ့ သုတေသန စမ်းသပ်လေ့လာမှုက တွေ့ရှိပါတယ်။

ဒီ ရမ်ဒက်ဆီဗီးယား Remdesivir ဆေးဟာ လုံးဝ မထိရောက်သလောက်ကနေ ထိရောက်မှု နည်းနည်းပဲ ရှိတဲ့ အခြေအနေဖြစ်တယ်လို့ အဲဒီ သုတေသန စစ်တမ်းအရ သိရပါတယ်။

ရမ်ဒက်ဆီဗီးယား နဲ့ ဟိုက်ဒြောက်ဆီကလိုရိုကွင်း အပါအဝင် ကိုဗစ်ကို ကုသနိုင်ခြေရှိတဲ့ ဆေးလေးမျိုးကို WHO ကလေ့လာခဲ့ရာက အခုလို တွေ့ရှိခဲ့တာပါ။

ရမ်ဒက်ဆီဗီးယားဟာ ကိုဗစ်ကုသဆေးတွေထဲမှာ အစောဆုံး ကုသရာမှာ သုံးတဲ့ဆေးတွေထဲက တစ်ခု ဖြစ်ပါတယ်။

ပြီးတော့ ဒီဆေးကို မကြာခင်ကမှ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကို ဆေးရုံမှာ ကုသခဲ့စဥ်ကလည်း သုံးခဲ့ပါသေးတယ်။

ဆေးထုတ်လုပ်တဲ့ အမေရိကန် ကုမ္ပဏီကြီး ဂိလိယတ် Gilead ကတော့ WHO ရဲ့ စမ်းသပ်မှုရလဒ်ကို ပယ်ချပါတယ်။

WHO ရဲ့ စမ်းသပ်မှုရလဒ်က တခြား သုတေသနတွေနဲ့ မကိုက်ညီဘူးလို့ ဂိလိယတ်ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါ့အပြင် ဒီရလဒ်ကို ပြန်သုံးသပ်ဖို့ လိုမယ်လို့လည်း ဆိုပါတယ်။

WHO စမ်းသပ်လေ့လာမှုက ဘာတွေ့ခဲ့သလဲ

လူတွေနဲ့ စမ်းသပ်ခဲ့တဲ့ WHO ရဲ့ Solidarity အမည်ရှိ ကိုဗစ် ကုသရေး လေ့လာစမ်းသပ်မှုမှာတော့ ကိုဗစ်ကုသနိုင်ဖို့ အလားအလာရှိတဲ့ ဆေးလေးမျိုး ကိုစမ်းသပ်ခဲ့ပါတယ်။

မူလက အီဘိုလာ ရောဂါ ကုသဖို့ ထုတ်ထားတဲ့ ရမ်ဒက်ဆီဗီးယားက ဒီဆေးတွေထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။

ဒါ့အပြင် ငှက်ဖျားဆေး ဟိုက်ဒြောက်ဆီကလိုရိုကွင်း၊ ကိုယ်ခံအားစနစ်ဆေး အင်တာဖာရွန်တို့အပြင် လိုပင်နဗီးယားနဲ့ ရစ်တိုနဗီးယားတို့ပေါင်းထားတဲ့ အိတ်ခ်ျအိုင်ဗီကုသဆေးလည်းပါဝင်ပါတယ်။

ယူကေက အထူးကြပ်မတ်ကုသရတဲ့ လူနာတွေမှာ ကျယ်ကျယ်ပြန့်ပြန့်သုံးနေတဲ့ စရိတ်နည်း စတီးရွိုက်ဆေး ဒက်ဆာမက်သာဇုန်းကတော့ အခု လေ့လာစမ်းသပ်မှုထဲမှာ မပါဝင်ခဲ့ပါဘူး။

အဲဒီဆေးလေးမျိုးကို နိုင်ငံ ၃၀ ကျော်မှာရှိတဲ့ ဆေးရုံ ၅၀၀ က လူကြီး ၁၁,၂၆၆ ဦး မှာ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

WHO ရဲ့ လေ့လာမှုကို ပြန်သုံးသပ်ဖို့လိုမယ်လို့ ဂိလိယတ်ဆို

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, WHO ရဲ့ လေ့လာမှုကို ပြန်သုံးသပ်ဖို့လိုမယ်လို့ ဂိလိယတ်ဆို

ဒီရလဒ်တွေ အရ အဲဒီဆေးတစ်ခုကမှ ကိုဗစ်လူနာတွေရဲ့ သေဆုံးနှုန်းနဲ့ ဆေးရုံမှာကုသရတဲ့ အချိန်တွေကို သိသိသာသာ သက်ရောက်မှု မရှိဘူးလို့ WHO က ကြာသပတေးနေ့မှာ ပြောပါတယ်။ ဒါပေမဲ့ ဒါကို တခြား ပညာရှင်တွေရဲ့ သီးခြား လေ့လာသုံးသပ်မှုတော့ မရှိသေးပါဘူး။

ဟိုက်ဒြောက်ဆီကလိုရိုကွင်း၊ လိုပင်နဗီးယား/ရစ်တိုနဗီးယားတို့ဟာ ကိုဗစ်ကုသရာမှာ ထိရောက်မှု မရှိတာ တွေ့ရလို့ စမ်းသပ်တာကို ဇွန်လကတည်းက ရပ်ထားလိုက်ပြီလို့ WHO ရဲ့ သိပ္ပံပညာရှင်အဖွဲ့အကြီးအကဲ ဆိုမီယာ ဆွာမိနာသန်က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

ဒါပေမဲ့ တခြားဆေးတွေကို ဆက်စမ်းသပ်နေတယ်လို့ ပြောပါတယ်။

WHO ရဲ့ ရလဒ်ဟာ ဂိလိယတ်က ဒီလ အစောပိုင်းမှာ လုပ်ခဲ့တဲ့ သုတေသနနဲ့တော့ ကွဲပြားပုံရပါတယ်။

ဂိလိယတ်က ရမ်ဒက်ဆီဗီးယားဆေးကို လူနာ ၁၀၀၀ နဲ့ စမ်းသပ်ခဲ့ရာမှာ ဒီဆေးရသူက ဒီဆေးမရသူထက် ရောဂါပြန်သက်သာချိန် ငါးရက် ပိုမြန်တယ်လို့ ဆိုပါတယ်။

တခြားဆေးတွေရော ဘယ်လိုအခြေအနေရှိသလဲ

အခုလုပ်ခဲ့တဲ့ စမ်းသပ်လေ့လာမှု အရ နောက်ထပ်ဘာဆက်လုပ်ရလဲဆိုတာ WHO က ရှာဖွေနေတယ်လို့ ဒေါက်တာဆွာမိနာသန်က ပြောပါတယ်။

ဒါ့အပြင် တရုတ်သုတေသီတွေကတော့ သူတို့ စမ်းသပ်ထုတ်လုပ်ဆဲ ကိုဗစ် ကာကွယ်ဆေးက စိတ်ချရတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ အစောပိုင်းနဲ့ ဒုတိယပိုင်းအဆင့် စမ်းသပ်မှုတွေအရ ဗိုင်းရပ်စ်ကို ခုခံအားထွက်လာစေတယ်လို့လည်း ဆိုပါတယ်။

ဘေဂျင်း ဇီဝထုတ်ကုန် အဖွဲ့အစည်းက ထုတ်လုပ်တဲ့ ဒီကာကွယ်ဆေးကို တရုတ် ပြည်တွင်း အရေးပေါ်ကာကွယ်ဆေး အစီအစဥ်အတွက် သုံးခွင့်ပြုထားပြီ ဖြစ်ပါတယ်။