ရှည်ကြာတဲ့ ကိုဗစ် - ဘာကြောင့်တချို့တွေ နာလန်ထူဖို့ သိပ်ကြာတာလဲ

ရေးသားခဲ့သည်။

ဂျိန်းစ် ဂဲလ်လက်ဂါ

ကျန်းမာရေးနဲ့ သိပ္ပံဆိုင်ရာ ဘီဘီစီ သတင်းထောက်

No caption

ဓာတ်ပုံ ရင်းမြစ်, Getty Images

ကိုဗစ်ရောဂါကူးစက်ခံခဲ့ရတဲ့ လူအများစုအဖို့ ဒီရောဂါက သူတို့ကို ခဏသာ ဒုက္ခပေးနိုင်ပြီး အားပျော့တဲ့ ရောဂါလက္ခဏာတွေ လောက်သာ ခံစားလိုက်ရပေမဲ့ တချို့အတွက်တော့ ပင်ပန်းနွမ်းနယ်တာ၊ နာကျင်ကိုက်ခဲနေတာ၊ အသက်ရှူရခက်တာ စတာတွေအပါအဝင် ဝေဒနာအများအပြားကို လပေါင်းများစွာ ဆက်ခံစားနေရပါတယ်။

အဲဒီအခြေအနေကို ရှည်ကြာတဲ့ကိုဗစ် (long Covid) လို့ ခေါ်ကြပြီး လူတွေက အားအင်ကုန်ခန်းနေတာကို ခံစားကြရပါတယ်၊ အခုတလောမှာ အဖြစ်များတာကတော့ လမ်းလေး နည်းနည်းလျှောက်လိုက်တာနဲ့ အားကုန်မောပန်းသွားကြတာပါ။

အရင်က ကိုဗစ်ရောဂါကို ကုသဖို့ အာရုံစိုက်ခဲ့ကြပေမဲ့ အခုတော့ ရေရှည်ဖြစ်လာတဲ့ နောက်ဆက်တွဲ ပြဿနာတွေကို လူတွေရင်ဆိုင်လာနေကြရတယ်ဆိုတာကိုပို သတိပြုလာနေကြပါတယ်။

အဲဒီတော့ အခြေခံမေးခွန်းတွေဖြစ်တဲ့ ဘာကြောင့်လူတွေ ကိုဗစ်ကို အကြာကြီးခံစားနေရတာလဲ၊ အဲဒီလူတွေ ပုံမှန်အခြေအနေကို အပြည့်အဝပြန်ရောက်မှာလား စတဲ့အမေးတွေ ထုတ်မယ်ဆိုရင် အဖြေတွေက သိပ်ရှင်းရှင်းလင်းလင်းတော့ ထွက်မလာသေးပါဘူး။

ရှည်ကြာတဲ့ကိုဗစ် (long Covid) ဆိုတာ ဘာလဲ

အဲဒါကို ဆေးပညာအရ အဓိပ္ပါယ်တိတိကျကျ ဖွင့်ဆိုထားတာ မရှိသေးသလို၊ အဲဒါဖြစ်ရင် ခံစားရတဲ့ ရောဂါလက္ခဏာတွေကလည်း လူနာ တစ်ယောက်နဲ့ တစ်ယောက် မတူညီတာကို တွေ့ရပါတယ်။

ဒါပေမဲ့ အဖြစ်အများဆုံး တစ်ခုကတော့ ဆိုးဆိုးဝါးဝါး ပင်ပန်းနွမ်းနယ်တာပါ။

နောက်ထပ်ရောဂါလက္ခဏာတွေကတော့ အသက်ရှူရခက်တာ၊ ချောင်းဆိုး တော်တော်နဲ့ မရပ်တာ၊ အဆစ်တွေနာတာ၊ အသားတွေ ကိုက်ခဲနေတာ၊ အမြင်အာရုံ အကြားအာရုံတွေ အားနည်းတာ၊ ခေါင်းကိုက်တာ၊ အနံ့မရတော့တာ၊ ဘာစားစား အရသာမရှိဖြစ်တာ စတာတွေ ဖြစ်သလို နှလုံး၊ အဆုပ်၊ ကျောက်ကပ်၊ အူလမ်းကြောင်း စတာတွေ အပေါ် ထိခိုက်သက်ရောက်တာတွေလည်း ဖြစ်တတ်ပါတယ်။

စိတ်ကျန်းမာရေးပြဿနာတွေလည်း ဖြစ်တတ်ပြီး အဲဒီထဲမှာ စိတ်ဓာတ်ကျတာ၊ စိုးရိမ်ကြောက်လန့်တာ၊ သေသေချာချာ ရှင်းရှင်းလင်းလင်း တွေးနိုင် နားလည်နိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားရတာ စတာတွေ ပါဝင်ပါတယ်။

ဒီ ရှည်ကြာတဲ့ကိုဗစ် (long Covid) က လူတွေ ပျော်ရွှင်ကျေနပ်တဲ့ ဘဝမျိုးမရအောင် ဖျက်ဆီးနိုင်ပါတယ်။ ခံစားနေရတဲ့တွေထဲက သူတစ်ယောက်ဖြစ်တဲ့ ဂျိတ်ဒ် ဂရေး ခရစ်စတီက "ကျွန်မခံစားရတဲ့ ပင်ပန်းနွမ်းနယ်တာမျိုး တစ်ခါမှ အရင်တုန်းက မကြုံဖူးဘူးပါဘူး" လို့ ပြောပါတယ်။

ဒီလို ဝေဒနာသည်တွေကို ပြုစုစောင့်ရှောက်ပေးရတဲ့ အိတ်စ်ဇစ်တာ တက္ကသိုလ် (University of Exeter) က ပါမောက္ခ ဒေးဗစ် ဆရိန်းက "ရှည်ကြာတဲ့ကိုဗစ် (long Covid) ဆိုတာ ရှိနေပါပြီ၊ ဒီအချက်အပေါ် ကျွန်တော်တို့ ဘာမှ လက်မခံနိုင်စရာ မရှိပါဘူး" လို့ ဆိုပါတယ်။

လူနာဘယ်လောက်များများက ရှည်ကြာတဲ့ကိုဗစ် (long Covid) ရနေလဲ

ရောမမြို့ရဲ့ အကြီးဆုံးဆေးရုံကနေ ဆင်းခွင့်ပြုလိုက်တဲ့ နာလန်ထ ကိုဗစ်လူနာ ၁၄၃ ယောက်ကို ဆက်လေ့လာစောင့်ကြည့်ထားတဲ့ သုတေသန တစ်ခုကို အမေရိကန် ဆေးပညာရှင်များ အသင်း (American Medical Association) က ထုတ်ဝေတဲ့ ဂျာနယ်တစ်ခုမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

အဲဒီ သုတေသနအရ ဆေးရုံကနေ ဆင်းသွားတဲ့ လူနာ ၈၇% က ရောဂါလက္ခဏာ အနည်းဆုံး တစ်ခုကို နှစ်လ နီးပါးကြာအောင် ဆက်ခံစားကြရပြီး လူနာ တစ်ဝက်ကျော်ဟာ ပင်ပန်းနွမ်းနယ်တာကို ခံစားခဲ့ကြရပါတယ်။

No caption

ဒါပေမဲ့ ဒီလေ့လာမှုက ဆေးရုံမှာတက်ရောက်ကုသဖို့ လိုအပ်ခဲ့တဲ့ ကိုဗစ် လူနာအုပ်စု၊ တစ်နည်းအားဖြင့်ပြောရရင် ကိုဗစ်ရောဂါရသူတွေထဲ လူနည်းစုအုပ်စုထဲက သူတွေကို အာရုံစိုက် လေ့လာခဲ့တာပါ။

ဗြိတိန်နိုင်ငံမှာ လူပေါင်း ၄ သန်း နီးပါး သုံးစွဲကြတဲ့ ကိုဗစ် လက္ခဏာ ခြေရာခံလိုက်ကြည့်တဲ့ အက်ပ် (Covid Symptom Tracker App) က တွေ့ရှိချက်အရ ကိုဗစ်ဖြစ်သူ ၁၂% က ရက်ပေါင်း ၃၀ ကြာသွားပြီးတဲ့နောက်မှာလည်း ရောဂါလက္ခဏာတွေ ကျန်နေသေးတာကို တွေ့ရပါတယ်။

ကိုဗစ်ရောဂါရတုန်းက အသည်းအသန်ဖြစ်ခဲ့လို့ ရှည်ကြာတဲ့ ကိုဗစ် ဖြစ်တာလား

အဲလိုတော့ ဟုတ်ပုံမရပါဘူး။

ကိုဗစ်ဖြစ်လို့ ဆေးရုံတက်ခဲ့ရကာ အထူးကြပ်မတ်ကုသဆောင်မှာနေခဲ့ရပြီးမှ ပြန်နာလန်ထလာသူတွေ ထဲမှာလည်း ရှည်ကြာတဲ့ ကိုဗစ် ဖြစ်တာရှိသလို ရောဂါလက္ခဏာ ပြင်းထန်တာမျိုးမရှိခဲ့တဲ့ သူတွေလည်း ကိုဗစ်လက္ခဏာတွေကို ရှည်ကြာစွာ ခံစားနေရတာတွေရှိပါတယ်။

ဒဗ်ဘလင်မြို့မှာ လုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ သူတို့ စစ်တမ်းယူခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် လူ တစ်ဝက်ကျော်လောက်ဟာ ပိုးကူးစက်ခံရပြီး သီတင်းပတ် ၁၀ ပတ်ကြာတဲ့အထိ ပင်ပန်းနွမ်းနယ်တာကိုခံစားရကြောင်း သိရပါတယ်။ စစ်တမ်းယူခဲ့တဲ့ လူတွေထဲက ၃ ပုံ ၁ ပုံ ဟာ အလုပ်ပြန်ဆင်းနိုင်တဲ့ ကိုယ်ခန္ဓာကျန်းမာမှုမျိုး ပြန်မရပါဘူး။

သုတေသီ ဆရာဝန်တွေ အနေနဲ့ လူနာမှာ ရောဂါပြင်းခဲ့တဲ့ အတိုင်းအတာအလိုက် ရေရှည်ကျန်ခဲ့တဲ့ ပင်ပန်းနွမ်းနယ်မှု အနည်းအများက ဆက်စပ်မနေဘူးဆိုတာတွေ့ခဲ့ရပါတယ်။

ဒါပေမဲ့လည်း အလွန်ပင်ပန်းအားယုတ်နွမ်းနယ်တယ်ဆိုတဲ့ လက္ခဏာက ရှည်ကြာတဲ့ ကိုဗစ်ခံစားရသူတွေ အတွက် ရောဂါလက္ခဏာ တစ်ခုသာပါ။

လက်စတာ တက္ကသိုလ် (University of Leicester) ပါမောက္ခ ခရစ်ခ်ဘရိုက်လင်းက ကိုဗစ်ဖြစ်တုန်းက အဆုပ်ရောင်ရောဂါ (pneumonia) ဖြစ်ခဲ့တဲ့သူတွေဟာ အဆုပ်ကို ထိခိုက်ခဲ့တာကြောင့် ပြဿနာတွေပိုကြုံရနိုင်တယ်လို့ ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး အဆုပ်နေရာတချို့မှာ အဆုပ်ရောင်ရောဂါဖြစ်နေတာကို ပြသတဲ့ပုံ

ဓာတ်ပုံ ရင်းမြစ်, SPL

ဓာတ်ပုံ ပုံစာ, ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး အဆုပ်နေရာတချို့မှာ အဆုပ်ရောင်ရောဂါဖြစ်နေတာကို ပြသတဲ့ပုံ

ရှည်ကြာတဲ့ ကိုဗစ် (long Covid) ဖြစ်အောင် ဗိုင်းရပ်စ်က ဘယ်လိုလုပ်လိုက်တာလဲ

ဒါနဲ့ပတ်သက်လို့ တွေးဆနေကြတာတွေကတော့ အများကြီးပါ။ ဒါပေမဲ့ တိတိကျကျ အဖြေမထုတ်နိုင်ကြသေးပါဘူး။

ကိုဗစ်ဗိုင်းရပ်စ်ပိုးဟာ ခန္ဓာကိုယ်တွင်းနေရာအများစုကနေ ကင်းပသွားပြီဖြစ်ပေမဲ့ တချို့နေရာလေးတွေမှာ ဆက်ပြီးခိုအောင်းနေတာမျိုးဖြစ်နိုင်ပါတယ်။

လန်ဒန် ကင်းစ် ကောလိပ် (King's College London) က ပါမောက္ခ တင်မ် စပက်တာက "ဝမ်းပျက် ဝမ်းလျောဖြစ်နေတာရေရှည်ဖြစ်နေရင် ဗိုင်းရပ်စ်က အူလမ်းကြောင်းမှာရှိနေသေးတာကို တွေ့ရတယ်၊ အနံ့မရတာဖြစ်နေရင် ဗိုင်းရပ်စ်က နာဗ်ကြောတွေထဲမှာကျန်နေသေးတာကိုတွေ့ရပါတယ်။ ဒီတော့ ဗိုင်းရပ်စ်ကပဲ ပြဿနာအကြောင်းရင်းအဖြစ် ယူဆနိုင်စရာပါ" လို့ ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ ခန္ဓာကိုယ်က ဆဲလ်အမျိုးအစားများစွာကို ကူးစက်ထိခိုက်သွားတဲ့အတွက် ကိုယ်ခံအားစနစ်တုံ့ပြန်တာကို အလွန်အမင်းဖြစ်စေကာ အထိအခိုက်တွေက တစ်ကိုယ်လုံးကို ဖြစ်လာနိုင်တယ်လို့ တွေးဆတာတွေရှိပါတယ်။

နောက်တစ်မျိုးတွေးဆကြတာကတော့ ကိုဗစ်ပိုးကူးစက်ခံရပြီးရင် ကိုယ်ခံအားစနစ်က အရင်လို အခြေအနေမျိုးပြန်မရောက်တဲ့အတွက် နောက်ထပ်ရောဂါတွေဝင်လာတာကို ကြုံရနိုင်တယ် ဆိုတာပါ။

ဗိုင်းရပ်စ်ပိုးကြောင့် ထိခိုက်ခံရတဲ့ ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ငန်းဆောင်ရွက်နိုင်ပုံတွေ ပြောင်းသွားနိုင်ပါတယ်။ အဆုပ်ထိခိုက်မိသွားရင် အဆုပ်မှာ အမာရွတ်တွေဖြစ်ကျန်ရစ်ပြီး အဲဒီ ပြဿနာက ရေရှည်ဖြစ်နိုင်ပါတယ်။ အဲဒါမျိုးတွေက ကိုဗစ်နဲ့ အမျိုးတူ ကိုရိုနာဗိုင်းရပ်စ်တွေကြောင့် ဖြစ်ခဲ့တဲ့ ဆားစ် (Sars) နဲ့ မားစ် (Mers) ရောဂါတွေက နာလန်ပြန်ထလာတဲ့သူတွေမှာလည်း တွေ့ရပါတယ်။

ကိုဗစ်ဟာ လူတွေရဲ့ ကိုယ်တွင်း ဇီဝဖြစ်စဉ်က အလုပ်လုပ်ပုံတွေကိုလည်း ပြောင်းလဲနိုင်ပါတယ်။ ဒီဗိုင်းရပ်စ်ကြောင့် သွေးချို ဆီးချိုရောဂါရလာပြီး သွေးထဲက သကြားဓာတ်ကို ထိန်းချုပ်ရခက်တာမျိုးလည်း ကြုံရနိုင်ပါတယ်။

ဦးနှောက်အာရုံကြောတည်ဆောက်ဖွဲ့စည်းပုံ ဆိုင်ရာမှာ ထိခိုက်နိုင်တယ်ဆိုတာ နဲ့ သွေးခဲတာတွေ ဖြစ်စေနိုင်တယ်လို့ ဆိုတဲ့အပေါ်တွေမှာလည်း ပညာရှင်တွေက စူးစမ်းလေ့လာကြဆဲပါ။

လူတွေ အပြည့်အဝ ပြန်နာလန်ထူနိုင်မလား

အချိန်ကြာလာတာနဲ့အမျှ ရှည်ကြာတဲ့ ကိုဗစ်ခံစားရတဲ့ သူတွေ အရေအတွက် နည်းပါးလျော့ကျ လာပါတယ်။

ဒါပေမဲ့ ဒီဗိုင်းရပ်စ် စတင်ပေါ်လာတာက ၂၀၁၉ နှစ်ကုန်ပိုင်းလောက်ကသာဖြစ်ပြီး ဒီဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ ရေရှည်စုဆောင်းထားတဲ့ အချက်အလက် မှတ်တမ်းတွေမရှိသေးပါဘူး။

ပါမောက္ခ ဘရိုက်လင်းက "သေချာဖို့အတွက် ၂၅ နှစ်လောက် စောင့်ကြည့်ရတာတွေ ရှိပါတယ်၊ အခုလောလောဆယ် ဒီကိစ္စမှာတော့ တစ်နှစ်ကျော်တဲ့အချိန်မှာ ရောဂါလက္ခဏာတွေကျန်နေမယ့်သူ သိပ်မရှိလောက်ဘူးလို့ ကျွန်တော် မျှော်လင့်မိပါတယ်၊ ကျွန်တော်မျှော်လင့်သလို ဖြစ်မလာတာမျိုးလည်း ဖြစ်နိုင်ပါတယ်" လို့ ပြောပါတယ်။

ဒါပေမဲ့ လူတွေ ဒီရောဂါက ပြန်နာလန်ထလာပေမဲ့ ရောဂါလက္ခဏာတွေ ပြန်ပြန်ဖြစ်လာတာက သူတို့ ဘဝ တစ်လျှောက်လုံးအထိ သွားမယ်လို့ စိုးရိမ်တာတွေလည်းရှိနေတာပါ။

ပင်ပန်းနွမ်းနယ်တာကို ရေရှည်ခံစားခဲ့ရသူတွေအနေနဲ့ အဲဒါမျိုး တစ်ချိန်ပြန်ဖြစ်လာနိုင်တယ်လို့ လည်း ဆိုကြပါတယ်။

"ရှည်ကြာတဲ့ ကိုဗစ်က ဒီလို ပုံစံနဲ့ပဲ ဆက်ဖြစ်နေရင် တချို့ ပုံမှန်အတိုင်း ပြန်နာလန်ထူလာနိုင်မယ် လို့ မျှော်လင့်ပါတယ်၊ ဒါပေမဲ့ ဆောင်းတွင်းတိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ဝေဒနာ နောက်ထပ် ထပ်ဖြစ်လာနိုင်တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်" လို့ ပါမောက္ခ ဆရိန်းက ပြောပါတယ်။

အနာဂတ်မှာ ပြဿနာတွေ ပိုထွက်လာနိုင်ဆဲပါ။

ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်လာတဲ့ ကိုယ်ခန္ဓာအတွင်း ရောင်ရမ်းတာတွေ အနှံ့အပြားဖြစ်လာရာကနေ လူငယ်တွေမှာတောင် အဲဒီကတစ်ဆင့် နှလုံးရောဂါတွေဖြစ်လာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားပါတယ်။