ပန်းဘဲတန်း သိမ်တော်ကြီးကျောင်းတိုက်မှာ သံဃာ အပါး၇၀ ကျော် အုပ်စုလိုက် ကိုဗစ် ကူးစက်မူဖြစ်

ဓာတ်ပုံ ရင်းမြစ်, U Than Naing Oo
ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်ရှိ သိမ်ကြီးစျေးအနီး မဟာသိမ်တော်ကြီး ကျောင်းတိုက်က သံဃာ ၇၆ ပါးနဲ့ ကျောင်းသား ၁၄ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တယ်လို့ ပန်းဘဲတန်းမြို့နယ်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦး က ဘီဘီစီကို ပြောပါတယ်။
အောက်တိုဘာလ ၃ ရက်နေ့ က မဟာသိမ်တော်ကြီးကျောင်းတိုက်က ကိုရင်တွေ အနံ့မရတာ နဲ့ဆက်စပ်ပြီး တိုင်းကျန်းမာရေးနဲ့ ပူးပေါင်းစစ်ဆေးခဲ့ရာမှာ အောက်တိုဘာလ ၄ ရက်နေ့မှာ အခုလို အဖြေ သိခဲ့ရတာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။
မဟာသိမ်တော်ကြီး ကျောင်းတိုက်မှာ သံဃာ ၈၈ ပါး၊ ကပ္ပိယ ကျောင်းသား ၂၃ ယောက်ရှိတဲ့အနက် သံဃာနဲ့လူ စုစုပေါင်း ၉၀ ခန့်မှာ အခုလို ပိုးတွေ့ခဲ့တာ ဖြစ်ပြီးတော့ သံဃာတော်တွေကိုတော့ ဗဟန်း ၃ လမ်းမှာရှိတဲ့ အဘိဓမ္မာသာသနာ့ဃရဗိမ္မာန်ကို ပို့ဆောင်ထားတယ်လို့ ဦးသန်းနိုင်ဦးက ဘီဘီစီကိုပြောပါတယ်။
အခုလိုတွေ့ရှိတာဟာ ပန်းဘဲတန်းမြို့နယ်မှာ အုပ်စုလိုက်အများဆုံး ကိုဗစ် ကူးစက်မှုလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, U Than Naing Oo
အခုအခါ မဟာသိမ်တော်ကြီး ကျောင်းတိုက်ကို ကန့်သတ်မှုတွေ ပြုလုပ်ထားပြီး အနီးပတ်ဝန်းကျင်က ၂၆ လမ်း စျေးကိုလည်း ကန့်သတ်မှုတွေလုပ် ဖို့စီစဥ်နေတယ်လို့လည်း ဦးသန်းနိုင်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့ကလည်း ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် စွန်းလွန်းဂူ ကျောင်းတိုက် ဘုန်းကြီးကျောင်းတစ်ကျောင်းက သံဃာ ၁၉ပါးနဲ့ ကိုရင်တစ်ပါး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
သင်္ဃန်းကျွန်း စွန်းလွန်းဂူဝိဿနာကျောင်းတိုက် ကိုဗစ် ၁၉ ဆေးစစ်ချက် အဖြေမှာ စုစုပေါင်းထပ်တိုး ၄၁ဦး ထပ်မံတွေ့ရှိပြီး သံဃာတော် ၃၇ပါး ၊ သီလရှင် ၁ ပါး နဲ့ ယောဂီ ၂ ဦး ၊ ကပ္ပိယ- ၁ ဦးတို့ မှာ တွေ့ရှိတယ်လို့ အဆိုပါ ကျောင်းတိုက် လူမှုကွန်ရက်က တစ်ဆင့်အောက်တိုဘာ လ ၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့ ကလည်း အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်က သံဃာ ၃၅၈ ပါးအထိ ကူးစက်ခံထားရပြီး လတ်တလောမှာ ပြန်လည် ကိုဗစ်ကင်းစင်သူ မရှိသေးပေမဲ့ ကျန်းမာရေးကတော့ ကောင်းမွန်ကြတယ်လို့လည်း အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်က အရှင်ဂန္ဓာသာရာလင်္ကာရက မိန့်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, U Than Naing Oo
ပန်းဘဲတန်း မဟာသိမ်တော်ကြီး ကျောင်းတိုက်က ကူးစက်မှုဟာ ဘယ်က စတင်ကူးစက်ခံရတယ်ဆိုတာ မသိရသေးကြောင်းနဲ့ ၂၆ လမ်းစျေးနဲ့ နီးကပ်နေတဲ့ အတွက် ကူးစက်မှုတွေ များလာမှာကို စိတ်ပူတယ်လို့လည်း ပန်းဘဲတန်း ကိုဗစ်ကော်မတီက ပြောပါတယ်။
ဒါအပြင် ပန်းဘဲတန်း မြို့နယ် ကွာရန်တင်းစင်တာ ကလည်း ၂၁ ဦးကိုဗစ် ရောဂါပိုး တွေ့ရှိခဲ့တဲ့အတွက် ပန်းဘဲတန်း မြို့နယ်က ပိုးတွေ့ရှိသူ ဟာအောက်တိုဘာလ ၄ရက် နေ့မှာ ၁၀၀ကျော်သွားခဲ့တယ်လို့လည်း ကိုဗစ်ကော်မတီ ကတစ်ဆင့်သိရပါတယ်။
မဟာသိမ်တော်ကြီးကျောင်းတိုက်က သံဃာတွေ ဟာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှု ခံရပေမဲ့ အများစုက ကျန်းမာရေးကောင်းမွန်တယ်လို့ ပန်းဘဲတန်းမြို့နယ် က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး ကပြောပါတယ်။
မဟာသိမ်တော်ကြီးကျောင်းတိုက်က ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုခံရတဲ့ ကပ္ပိယ ကျောင်းသား တွေကတော့ လှိုင်မြို့နယ်က ကုသရေးစင်တာမှာ သွားရောက်ကုသမှုခံယူနေတယ်လို့လည်း သူကပြောပါတယ်။








