အိန္ဒိယနဲ့ တရုတ် စစ်တပ်တွေ နယ်စပ်က အမြန် ဆုတ်ခွာဖို့ သဘောတူ

ရေးသားခဲ့သည်။

အိန္ဒိယနဲ့ တရုတ် နှစ်နိုင်ငံ နယ်စပ်မှာ ထိပ်တိုက် ရင်ဆိုင် တပ်စွဲထားတဲ့ သူတို့ရဲ့ တပ်တွေ မြန်မြန် ပြန်ဆုတ်ခွာပေးရမယ်ဆိုတာကို သဘောတူလိုက်ပြီလို့ နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေက ပြောပါတယ်။

နှစ်နိုင်ငံ ဝန်ကြီးတွေ ကြာသပတေးနေ့မှာ တွေ့ဆုံခဲ့ကြ အပြီးမှာ တင်းမာမှုတွေ လျော့ကျအောင်လုပ်မယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး ဆူဘရာမန်ယန် ဂျေရှန်ကာနဲ့ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝန်ယီတို့ ရုရှားနိုင်ငံ မော်စကိုမြို့မှာ ပြုလုပ်တဲ့ ဒေသတွင်း အစည်းအဝေး တစ်ခုမှာ သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အိန္ဒိယနဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးတွေ နှစ်နှာရီကြာ ပြုလုပ်တဲ့ နှစ်နိုင်ငံ ဆွေးနွေးပွဲမတိုင်ခင် ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လဗ်ရော့ဗ်က ကြားဝင်ညှိနှိုင်းပေးခဲ့ပါတယ်။

ဟိမဝန္တာတောင်တန်းပေါ်က အငြင်းပွားနေကြတဲ့ နယ်စပ်အရေးနဲ့ ပတ်သက်ပြီး ကာလရှည် ဆက်ဆံရေး တင်းမာခဲ့ပါတယ်။

အဲဒီလို နယ်စပ်အရေး မဖြေရှင်းနိုင်ဖြစ်ခဲ့ရာကနေ ဇွန်လမှာ သေနတ်မပစ်ခတ်ပေမဲ့ လူသေဆုံးတဲ့အထိ နှစ်ဖက် ရန်ဖြစ်သတ်ပုတ်ခဲ့ကြပါတယ်။ အဲဒီနောက် သုံးလ အကြာမှာ အခု တွေ့ဆုံမှု ဖြစ်ပေါ်လာတာပါ။

အိန္ဒိယ စစ်သား ၂၀ သေဆုံးခဲ့ပြီး တရုတ်ဘက်ကလည်း ထိခိုက်ဒဏ်ရာ ရသူတွေ ရှိခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

အခုသီတင်းပတ် အစောပိုင်းတုန်းကလည်း ထိပ်တိုက်တွေ့ဆုံမှု ထပ်ဖြစ်ခဲ့ပြီး မိုးပေါ် သေနတ်ထောင်ဖောက်တာတွေ လုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

တကယ်လို့သာ ပစ်ခတ်တယ်ဆိုတဲ့ သတင်း တကယ်အမှန်ဆိုရင်တော့ ၄၅ နှစ်တာကာလအတွင်း အဲဒီနယ်စပ်မှာ ပထမဆုံးအကြိမ် သေနတ်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာပါ။

နယ်ခြားထိန်းချုပ်ရေးစည်းတဝိုက်မှာ သေနတ်တွေ၊ ဗုံးတွေ မသုံးရဘူးလို့ တားမြစ်ထားတဲ့ သဘောတူညီချက်ကို ၁၉၉၆ ခုနှစ်မှာ ၂ နိုင်ငံ လက်မှတ်ထိုးထားကြတာပါ။

ပြီးခဲ့တဲ့ လပိုင်းအတွင်း နှစ်ဖက် တင်းမာမှုတွေ ဖြစ်လာခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ဆိုးရွားလာကာ အချင်းချင်း အပြန်အလှန် စွပ်စွဲမှုတွေ လုပ်ခဲ့ကြပါတယ်။

နှစ်နိုင်ငံအကြား ဆယ်စုနှစ် ၃ စု အတွင်း ဆွေးနွေးခဲ့ကြတာတွေ အကြိမ်များစွာရှိခဲ့ပေမဲ့ နယ်စပ်အငြင်းပွားတဲ့အရေးကို မဖြေရှင်းနိုင်ခဲ့ကြပါဘူး။

၁၉၆၂ နှစ်မှာ ၂ နိုင်ငံကြား စစ်ပွဲတပွဲဖြစ်ခဲ့ပြီး အိန္ဒိယက မရှုမလှ ရှုံးနိမ့်ခဲ့ဖူးပါတယ်။