ကိုဗစ်ဖြစ်သူတွေများလာလို့ ဆိုးလ်မြို့တော်က ကျောင်းတွေပြန်ပိတ်

ရေးသားခဲ့သည်။

ဆိုးလ်မြို့တော်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေ တိုးလာတာကြောင့် မူကြိုကျောင်းတွေနဲ့ စာသင်ကျောင်းတွေအားလုံးကို ပိတ်ထားဖို့ တောင်ကိုရီယားအစိုးရက အမိန့်ထုတ်ညွှန်ကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်း ၂ ပတ်အတွင်း ကျောင်းဆရာ၊ ဆရာမတွေ၊ ကျောင်းဝန်ထမ်းတွေ၊ ကျောင်းသူကျောင်းသားတွေ စုစုပေါင်း လူ ၂၀၀ နီးပါး ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပါတယ်။

ပညာရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၁ ရက်နေ့အထိ အဝေးသင်စနစ်နဲ့ သင်ကြားပေးမယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်းလုံးကူးစက်ပျံ့နှံ့မယ့်အရေးက လက်မတင်လေးပဲ လိုတော့တယ်လို့ ကျန်းမာရေးဌာနကလည်း သတိပေးထားပါတယ်။

လူဦးရေ ၂၅ သန်း မှီတင်းနေထိုင်တဲ့ ဆိုးလ်မြို့တော်ဧရိယာတွင်းမှာ အထက်တန်းကျောင်း နောက်ဆုံးနှစ် ကျောင်းသားတွေကလွဲလို့ ကျန်တဲ့ကျောင်းသားတွေအားလုံး အခုဆိုရင် အွန်လိုင်းမှာ ကျောင်းတက်ပြီး သင်ယူကြရမှာပါ။ အထက်တန်းနောက်ဆုံးနှစ်ကျောင်းသားတွေကတော့ လာမယ့် ဒီဇင်ဘာမှာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွေရှိလို့ အဲဒီအတွက် ပြင်ဆင်ကြရပါလိမ့်မယ်။

ကျောင်းသားအရေအတွက် ၆၀ ထက်နည်းပါးတဲ့ ကျောင်းတွေ၊ အထူးသီးသန့်ကျောင်းတွေကတော့ ပညာရေးဌာနက ထုတ်တဲ့ သက်ဆိုင်ရာ ညွှန်ကြားချက်တွေ အရ လိုက်ပါဆောင်ရွက်နိုင်တယ်လို့ ကိုရီးယား တိုင်းမ် သတင်းဌာနက ပြောပါတယ်။

နိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေ ကျဆင်းလာစဉ်က တောင်ကိုရီးယားမှာ ကျောင်းအများစုကို မေ ၂၀ ရက်နဲ့ ဇွန် ၁ ရက် အကြား အဆင့်လိုက် ပြန်ဖွင့်ခဲ့ပါတယ်။

ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်က ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေအရ ကမ္ဘာ့ကပ်စဖြစ်ချိန်က စပြီး တောင်ကိုရီးယားမှာ ကူးစက်ခံရသူပေါင်း ၁၇, ၉၄၅ ယောက်နဲ့ သေဆုံးသူ ၃၁၀ ယောက် ရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှု ထိန်းချုပ်ရေးဆောင်ရွက်ရာမှာ ကမ္ဘာ့နိုင်ငံတွေထဲ အအောင်မြင်ဆုံးနိုင်ငံတခု လို့ တောင်ကိုရီးယားကို သတ်မှတ်ချီးကျူးခဲ့ကြပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့သီတင်းပတ်တွေ အတွင်း နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ ရောဂါဖြစ်သူတွေ တိုးလာခဲ့ပြီး အထူးသဖြင့် ဆိုးလ်မြို့မှာ တိုးလာခဲ့တာပါ။

အင်္ဂါနေ့က ကိုဗစ် - ၁၉ ရောဂါဖြစ်သူ အသစ် ၂၈၀ ရှိလာခဲ့ပြီး အရင်က တရက်မှာ ရောဂါဖြစ်သူ ၃၀ အောက်သာရှိခဲ့တဲ့ အဲဒီတိုင်းပြည်မှာ တနေ့ကို ရောဂါဖြစ်သူတွေ ရာဂဏန်း တိုးလာတာ ၁၂ ရက် ဆက်တိုက်ရှိလာပါပြီ။

ရောဂါကူးစက်မှုအစုလိုက်အပြုံလိုက်ဖြစ်တာအများအပြားက လွန်ခဲ့တဲ့ အပတ်က ဆိုးလ်မှာ လက်ယာဝါဒီ ပရိုတက်စတင့် ခရစ်ယာန်ဘုရားကျောင်းတချို့က ကြီးမှူး ကျင်းပတဲ့ လူစုဝေးပွဲတွေနဲ့ ပတ်သက်ဆက်စပ်နေပါတယ်။

လူအများသွားလာတဲ့ နေရာတွေမှာ အဆောက်အအုံတွင်းဖြစ်စေ၊ လေဟာပြင်မှာဖြစ်စေ နှာခေါင်းစည်း တပ်ပြီးမှ သွားလာကြဖို့ကို ပထမဆုံးအကြိမ်အဖြစ် ဆိုးလ်မြို့က အာဏာပိုင်တွေက အမိန့်ထုတ်ထားပါတယ်။ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေ၊ နိုက်ကလပ်တွေ၊ ကာရာအိုကေ ဘားတွေ အားလုံးလည်း ပိတ်ထားရပါတယ်။

ရောဂါကူးစက်ခံရသူတွေ တကယ်လို့ ထပ်ပြီးတိုးလာမယ်ဆိုရင် လူတွေ ခပ်ခွာခွာနေရေး စည်းမျဉ်းတွေကို ဒီထက်တင်းကျပ်တာ ထပ်ပြီး ထုတ်ပြန်ရလိမ့်မယ်လို့ အစိုးရက သတိပေးထားပါတယ်။ သဘောကတော့ အဲဒီလိုသာ ရောဂါဖြစ်သူတွေ တိုးလာမယ်ဆိုရင် ကမ္ဘာ့ကပ်အတွင်း တောင်ကိုရီးယားမှာ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတဝန်းက စီးပွားရေး လုပ်ငန်း အများအပြားကို ပိတ်ပစ်တော့မယ် ဆိုတဲ့ သဘောပါ။