ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တောင်ကိုရီးယားမှာ ကိုဗစ်ကူးစက်သူ တိုးလာလို့ စည်းကမ်းတွေ ပြန်တင်းကျပ်
တောင်ကိုရီးယားနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူဦးရေဟာ ၅ လအတွင်း အမြင့်ဆုံး ဖြစ်လာတာကြောင့် ဆိုးလ်မြို့ တော်နဲ့ အဲဒီအနီးတဝိုက်က ပြတိုက်တွေ၊ နိုက်ကလပ်တွေ၊ ကာရာအိုကေ သီချင်းဆို ခန်းမတွေနဲ့ ဘီယာအရက်ဆိုင်တွေကို ပိတ်ထားလိုက်ပါပြီ။
ဗုဒ္ဓဟူးနေ့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ လူနာသစ် ၂၉၇ ဦးအထိ တွေ့ရှိခဲ့တာပါ။
ဒါဟာ မတ်လနောက်ပိုင်း နေ့စဉ် ဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေ အမြင့်ဆုံးနှုန်းထားလည်း ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်တဲ့ နေရာမှာ ကမ္ဘာမှာ အောင်မြင်မှု ရထားတဲ့ နိုင်ငံတွေထဲက တနိုင်ငံ ဖြစ်ပါတယ်။
ဒါပေမဲ့ ခရစ်ယာန်ဘုရားကျောင်းတကျောင်းနဲ့ ဆက်စပ်ပြီး အများဆုံး တွေ့ရှိခဲ့တဲ့ ပိုးကူးစက်ခံရသူ လူနာသစ်တွေ တိုးလာတဲ့အတွက် နိုင်ငံတဝန်း ဗိုင်းရပ်စ်ပိုး အကြီးအကျယ် ပျံ့ နှံ့လာမလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။
ပိုးကူးစက်ခံရသူ လူနာပေါင်း ၄၀ ဝန်းကျင်လောက်သာ ရှိခဲ့တာ သီတင်းပတ်တွေနဲ့ချီ ကြာပြီးတဲ့နောက် ဗုဒ္ဓဟူးနေ့ဟာ ကူးစက်သူဦးရေ ရာဂဏန်းအထိ မြင့်တက်ခဲ့တဲ့ ၆ ရက်မြောက်နေ့လည်း ဖြစ်ပါတယ်။
ရောဂါကူးစက်ခံရသူ အသစ် တနိုင်ငံလုံးမှာ ၂၉၇ ယောက်ရှိခဲ့ပြီး ဆိုးလ်မြို့ ဧရိယာတခုထဲမှာ ၂၅၂ ယောက်ပါ။
ရောဂါကူးစက်ခံရသူ အများအပြားဟာ ဆာရန်ဂျေး ခရစ်ယာန် အသင်းတော်နဲ့ ဆက်စပ်နေပြီး အဲဒီ ဘုရားကျောင်းက သင်းအုပ်ဆရာဟာ သမ္မတ မွန်ဂျေအင်းကို ဝေဖန်ပြောဆိုသူတဦး ဖြစ်ပါတယ်။
တောင်ကိုရီးယားမှာ ဗိုင်းရပ်စ်ကူးစက်သူ အများအပြား တွေ့ရှိခဲ့တဲ့ နေရာလို့ ဒီနှစ်အစာပိုင်းတုန်းက သတ်မှတ်ထားတဲ့ ရှင်ချွန်းဂျီ ခရစ်ယာန် အသင်းတော်ပြီးရင် နောက်ထပ် အသင်းတော်တခုမှာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့ခဲ့တာပါ။
ရှင်ချွန်းဂျီ အသင်းတော် လူစုဝေးတာနဲ့ ဆက်စပ်ပြီး ဗိုင်းရပ်စ်ပိုး ကူးစက်သူပေါင်း ၅,၂၀၀ ကျော် ဖြစ်ခဲ့ပါတယ်။
ဆာရန်ဂျေး ဘုရားကျောင်း အသင်းတော်ဝင် ၆၂၃ ဦး လက်ရှိအချိန်ထိ ပိုးကူးစက်ခံထားရတယ်လို့ ရောဂါထိန်းချုပ်ကာကွယ်တားဆီးရေးတွေ လုပ်နေတဲ့ ကိုရီးယားစင်တာတွေ (KCDC) က ဆိုပါတယ်။
အဲဒီထဲက ၁၀ ဦးဟာ ဆိုးလ်မြို့တော်မှာ ပြီးခဲ့တဲ့ နှစ်ပတ်တုန်းက လုပ်ခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သူတွေ ဖြစ်တယ်ဆိုတာ အတည်ပြုထားနိုင်တယ်လို့ အင်္ဂါနေ့တုန်းက ရိုက်တာသတင်းဌာနက ရေးသားထားပါတယ်။
အသင်းတော်ဝင်တွေက ကိုဗစ် စည်းမျဉ်းတွေကိုလိုက်နာဖို့ ဝန်လေးနေ
လော်ရာ ဘက်ကာ - ဆိုးလ်အခြေစိုက် ဘီဘီစီ သတင်းထောက်
ကိုရိုနာဗိုင်းရပ်စ်ကို တောင်ကိုရီးယားနိုင်ငံက ခုခံတိုက်ဖျက်တဲ့ နေရာမှာ အခုကာလဟာ "အင်မတန် စိုးရိမ်ရတဲ့ အချိန်" ပဲလို့ တောင်ကိုရီးယား ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
အဓိက စိုးရိမ်စရာ အချက် နှစ်ချက် ရှိပါတယ်။ ပထမ တခုကတော့ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုဟာ လူဦးရေ အင်မတန် ထူထပ်တဲ့ ဆိုးလ်မြို့တော်တဝိုက်မှာ ဖြစ်နေတာပါ။ ဒုတိယတချက်ကတော့ အသင်းဝင် ရာနဲ့ချီပြီး ဝတ်ပြုဆုတောင်းပွဲကို လာခဲ့ပြီးတဲ့နောက် အစုလိုက် အပြုံလိုက် ရောဂါကူးစက်မှုဖြစ်လာပေမယ့် အဲဒီလာခဲ့တဲ့လူတွေရဲ့ လိပ်စာတွေကို သက်ဆိုင်ရာအစိုးရ အဖွဲ့အစည်းက တောင်းရာမှာ လိပ်စာတုတွေပဲ ပေးတဲ့အချက်ပါ။
တောင်ကိုရီးယားနိုင်ငံဟာ အခုလိုမျိုး အခြေအနေနဲ့ အရင်ကလည်း ကြုံခဲ့ဖူးပေမယ့် ထိန်းချုပ်နိုင်ခဲ့ဖူးတာကိုတော့ မေ့ထားလို့ မရပါဘူး။
ဗိုင်းရပ်စ်ပိုးရှိနိုင်တဲ့ သံသယရှိသူတွေကို ထိရောက် မြန်ဆန်စွာ ခြေရာခံနိုင်တဲ့ စနစ်နဲ့ ပိုးရှိမရှိ အဆင့်ဆင့် စမ်းသပ်မှုတွေကြောင့် ပြီးခဲ့တဲ့ တခေါက်က အစုလိုက် အပြုံလိုက် ရောဂါပိုးပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ဗိုင်းရပ်စ်ပိုး လိုက်ဖြန့်သလို ဖြစ်နိုင်တယ်လို့ ကျန်းမာရေး အာဏာပိုင်တွေက သတိပေးနေတာကို မျက်ကွယ်ပြုပြီး ဆာရန်ဂျေး ဘုရားကျောင်း အသင်းတော်ဝင်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းတုန်းကလည်း ဆိုးလ်မြို့လယ်ခေါင်မှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။
ဗိုင်းရပ်စ်ပိုးကူးစက်ခံရနိုင်ဖွယ်လူတွေကို ခြေရာခံ လိုက်လံစစ်ဆေးသူတွေကို အဲဒီ အသင်းတော်ဝင်တွေက အော်ဟစ် ဆဲဆိုနေတဲ့ ရုပ်ပုံတွေကိုလည်း ပြည်တွင်း သတင်းမီဒီယာမှာတွေ့ရပါတယ်။
ဒါတွေလုပ်တာဟာ သမ္မတ မွန်ဂျေအင်း အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိတဲ့ လက်ယာဝါဒီ ခရစ်ယာန် အသင်းတော်ကို ပိတ်ဖို့အတွက် လျှို့ဝှက်ကြံစည်မှု အစီအစဉ် တစိတ်တပိုင်း ဖြစ်မယ်လို့ အသင်းတော်ဝင်တချို့က ယူဆကြပုံရပါတယ်။ သူတို့က ကွာရန်တင်း ဝင်ဖို့ ဒါမှမဟုတ် ဆေးစစ်ဖို့ စည်းမျဉ်းတွေကို လိုက်နာဖို့လည်း တွန့်ဆုတ်နေကြပါတယ်။
တဦးနဲ့ တဦး ခပ်ခွာခွာ နေကြဖို့ ပိုမိုတင်းကြပ်တဲ့ လမ်းညွှန်ချက်တွေကိုလည်း အာဏာပိုင်တွေက ချမှတ်နိုင်ခွင့်ရှိပါတယ်။
ကာရာအိုကေ သီချင်းဆိုခန်းမတွေနဲ့ နိုက်ကလပ်တွေကိုလည်း ပိတ်ထားလိုက်ပါပြီ။
ဆိုးလ်မြို့တော် အခြေစိုက် ကုမ္ပဏီအများစုကလည်း သူတို့ရဲ့ ဝန်ထမ်းတွေကို အိမ်ကနေပဲ အလုပ်လုပ်ကြဖို့ ပြောထားပါတယ်။
ဒါပေမဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး ရောဂါပိုး ဖြန့်ဝေသလို ဖြစ်နိုင်တဲ့ အသင်းတော်ဝင်တွေကို နောက်ယောင်ခံလိုက်နိုင်ဖို့က ခက်ခဲနေပါတယ်။
ဘုရားကျောင်းတွေမှာ လူကိုယ်တိုင်လာပြီး ဝတ်ပြုဆုတောင်းတာကို အာဏာပိုင်တွေက ပိတ်ပင်ထားပြီးဖြစ်သလို ဘုရားကျောင်းမှာ လာစုခဲ့ကြတဲ့ လူတွေကိုလည်း ကိုယ့်ဘာသာ တယောက်တည်း သီးခြားခွဲနေဖို့နဲ့ ပိုးရှိမရှိ စမ်းသပ်မှုတွေ လုပ်ဖို့ ပန်ကြားနေပါတယ်။
"လတ်တလော ဖြစ်နေတဲ့ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကို မထိန်းချုပ်နိုင်ဘူးဆိုရင် ကျွန်တော်တို့ဟာ ကပ်ကြီးတခုနဲ့ ရင်ဆိုင်ရမှာပါ။ အဲဒါဆိုရင် ပိုးကူးစက်ခံရသူ ဦးရေ ပိုပိုတိုးလာပြီး ကျွန်တော်တို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်လည်း ပြိုလဲပျက်စီးသွားနိုင်သလို စီးပွားရေးလုပ်ငန်းတွေလည်း အကြီးအကျယ် ထိခိုက်လာနိုင်တယ်" လို့ ရောဂါ ထိန်းချုပ်ကာကွယ်တားဆီးရေးတွေ လုပ်နေတဲ့ ကိုရီးယားစင်တာ(KCDC) က ဒါရိုက်တာ ဂျန် အန် ကျုံး က ဒီသီတင်းပတ် အစောပိုင်းမှာ ပြောခဲ့ပါတယ်။
ဆိုးလ်၊ အင်ချွန်းနဲ့ အိမ်နီးချင်း ချုံဂီပြည်နယ်တွေမှာ ဗိုင်းရပ်စ်ပိုး အဓိက ပျံ့နှံ့နိုင်တဲ့ စီးပွားရေး လုပ်ငန်းတွေဖြစ်တဲ့ နိုက်ကလပ်တွေ၊ ကာရာအိုကေ သီချင်းဆို ခန်းမတွေ၊ ဘီယာ အရက်ဆိုင်တွေနဲ့ ဘူဖေးအဝစားဆိုင်တွေ အပါအဝင် စီးပွားရေး လုပ်ငန်း ၁၂ မျိုးရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို ဗုဒ္ဓဟူးနေ့က စတင်ပြီး ရပ်ဆိုင်းထားလိုက်ပါပြီ။
ပြတိုက်တွေကိုလည်း ပိတ်ထားလိုက်ပါပြီ။
ခန်းမအတွင်းမှာ လူ ၅၀ ထက်ပိုပြီး စုဝေးတာနဲ့ အိမ်အပြင်မှာ လူ ၁၀၀ ထက်ကျော်ပြီး စုဝေးတာတွေကိုလည်း တားမြစ်ထားပါတယ်။