ဂန္ဒီ့ မျက်မှန် လေလံတင်တာ စတာလင်ပေါင် ၂၆၀,၀၀၀ ရ

ဒီမျက်မှန်ကို ဂန္ဒီ တောင်အာဖရိကနိုင်ငံကို ခရီးသွားတုန်းက ဝတ်ဆင်ခဲ့
ဓာတ်ပုံ ပုံစာ, ဒီမျက်မှန်ကို ဂန္ဒီ တောင်အာဖရိကနိုင်ငံကို ခရီးသွားတုန်းက ဝတ်ဆင်ခဲ့
ရေးသားခဲ့သည်။

လေလံတင်ပွဲတစ်ခုမှာ စာတိုက်သေတ္တာပုံး တစ်ခုထဲကနေ အပြင်ကိုတစ်ဝက်လောက် ထွက်နေတဲ့ မျက်မှန်တစ်လက်ကို စိတ်ဝင်စားသူတွေကတွေ့ခဲ့ပြီးတဲ့နောက် အဲဒီ့မဟတ္တမဂန္ဒီ မျက်မှန်ဟာ စတာလင်ပေါင် ၂၆၀, ၀၀၀ နဲ့ ရောင်းထွက်သွားပါတယ်။

သောကြာနေ့ကလုပ်တဲ့ အဲဒီ လေလံပွဲမှာ အမေရိကန်က စုဆောင်းသူတစ်ယောက်က ဖုန်းနဲ့ ဈေးပြိုင်တင်ခဲ့ပြီး အဲဒီမျက်မှန်အတွက် လေလံ စဖွင့်ပြီး ၆ မိနစ်အကြာမှာ လေလံအောင်သွားတာပါ။

လေလံပွဲတင်သွင်းသူ အင်ဒရူး စတိုးက ဘရစ်စတိုးကလေလံပွဲတွေမှာတော့ ဒါ စံချိန်သစ်တင်တဲ့ ဈေးပဲလို့ဆိုကာ "ရာစုနှစ်အတွင်း ဈေးအရဆုံးပစ္စည်း" လို့ လည်းပြောပါတယ်။

လေလံပွဲမစခင်တုန်းက ဒီမျက်မှန်ကို ရလှ၊ ပေါင် ၁၅, ၀၀၀ အမြင့်ဆုံးပဲလို့ တွက်ထားကြတာပါ။

ပိုင်ရှင်က မန်ဂေါ့စ်ဖီးလ်က အသက်ကြီးကြီးလူတစ်ယောက်လို့ မစ္စတာ စတိုးကပြောပြီး အဲဒီ အဖိုးကြီးက အခုရတဲ့ငွေကို သူ့သမီးနဲ့သူ ခွဲယူမယ်လို့ဆိုတာကိုလည်း သိရပါတယ်။

၁၉၂၀နှစ်တွေ အတွင်း ဂန္ဒီ တောင်အာဖရိကကို လာတဲ့အခိုက် ပိုင်ရှင်ရဲ့ ဆွေမျိုးတစ်ယောက်နဲ့ တွေ့ခဲ့ပြီး ဒီမျက်မှန်က အဲဒီဆွေမျိုးဆီမှာ ရှိနေခဲ့တာပါ။ ဒီမျက်မှန်ကို သူတို့မျိုးဆက် တစ်ဆက်ပြီး တစ်ဆက်လက်ဆင့်ကမ်း ပေးလာခဲ့ကြတာပါ။

အိန္ဒိယ လွတ်လပ်ရေးခေါင်းဆောင်ဟာ သူပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်းတွေကို ပေးလှူပစ်ခဲ့တယ်လို့ လေလံတင်ပွဲလုပ်သူကပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိန္ဒိယ လွတ်လပ်ရေးခေါင်းဆောင်ဟာ သူပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်းတွေကို ပေးလှူပစ်ခဲ့တယ်လို့ လေလံတင်ပွဲလုပ်သူကပြော

"သိပ်ကို ကြီးမားတဲ့ရလဒ်ပါပဲဗျာ၊ ဒီ မျက်မှန်တစ်စုံက ကျွန်တော်တို့အတွက် လေလံတင်စံချိန်ကျိုးတာတင် မဟုတ်ပါဘူး၊ နိုင်ငံတကာ သမိုင်းအမွေအနှစ်တစ်ခုကိုလည်း ရှာတွေ့နိုင်ခဲ့တာပါ" လို့ မစ္စတာ စတိုးက ပြောပါတယ်။

ဘဝသစ် စနိုင်ဖို့ ငွေပမာဏ

သောကြာညက အရှေ့ ဘရစ်စတိုးမှာ လုပ်တဲ့ လေလံပွဲမှာ ဒီမျက်မှန်လေးကို အဖြူရောင် စာအိတ်တစ်ခုထဲ ထည့်ထားပြီး စာတိုက်သေတ္တာပုံးလေးတစ်ခုထဲ ထည့်လို့ ပိုင်ရှင်က ထားထားခဲ့တာပါ၊ တနင်းလာနေ့ မနက်အထိ လေလံတင်ရငွေကို ပိုင်ရှင်က မစုံစမ်းခဲ့ပါဘူး။

"(ဒီမျက်မှန်မျိုးလေးက) လွယ်လွယ်ပဲ ခိုးတာခံရနိုင်သလို တစ်ချိန် အမှိုက်ပုံးထဲမှာတောင် အဆုံးသတ်သွားနိုင်ခြေရှိပါသေးတယ်" လို့ မစ္စတာ စတိုးက ဆက်ပြောပြပါတယ်။

ပိုင်ရှင်အနေနဲ့ ဒီပစ္စည်းက ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာ မမှန်းတတ်ခဲ့ပါဘူး၊ ပိုင်ရှင့်ကို လေလံမပစ်ခင် ဒီ ပစ္စည်းက ပေါင် ၁၅, ၀၀၀ လောက်တောင်ရနိုင်တယ် ပြောတုန်းက မယုံနိုင်လို့ နှလုံးခုန် ရပ်သွားမယ့် အခြေအနေတောင် ရှိခဲ့တယ်လို့လည်း သူက ပြန်ပြောပြပါတယ်။

"ဒီမျက်မှန်လေးက အံဆွဲထဲမှာ နှစ်ပေါင်း ၅၀ ကျော် အောင်းနေခဲ့တာပါ၊ ရောင်းတဲ့သူက တကယ်လို့ ရောင်းမရရင် လွှင့်ပစ်တော့မယ်လို့တောင် ပြောနေခဲ့တဲ့အထိပါ၊ အခုတော့ ဘဝသစ် စနိုင်တဲ့ ငွေပမာဏကို သူတို့ရသွားပါပြီ။"