နယ်စပ်ပဋိပက္ခဖြစ်ထားတဲ့ တရုတ်နဲ့ အိန္ဒိယတို့ ဘယ်နယ်ပယ်တွေမှာ ထိပ်တိုက်တွေ့ကြမလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်နဲ့ အိန္ဒိယတို့ ဇွန်လ ၁၅ ရက်နေ့က နယ်စပ်မှာ စစ်တပ်ချင်း ထိပ်တိုက်တွေ့ခဲ့ကြမှု အပါအဝင် နယ်စပ် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ သြဂုတ်လ ၂ ရက်နေ့မှာ နှစ်ဖက် စစ်တပ် ကိုယ်စားလှယ်တွေ ဆွေးနွေးပွဲ လုပ်ခဲ့ပါတယ်။
တရုတ်ဘက်မှာ ကျင်းပတဲ့ ဒီဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာတွေကို တရားဝင် ထုတ်ပြန်ခြင်း မရှိခဲ့ပေမယ့် India Today နဲ့ Hindustan Times သတင်းစာ အပါအဝင် အိန္ဒိယမီဒီယာတွေကတော့ နှစ်ဖက် ထိပ်တိုက် မတွေ့ကြခင်ကအတိုင်း တပ်တွေ အသီးသီး ပြန်ဆုတ်ဖို့ အိန္ဒိယဘက်က ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက် ပဋိပက္ခဖြစ်ခဲ့တဲ့ ဂယ်ဝမ် တောင်ကြားဒေသက တရုတ်တပ်တွေ ပြန်ဆုတ်ပေးလိုက်ပြီဆိုပေမယ့် ပန်ဂွန်းရေကန် တဝိုက်မှာရှိတဲ့ တရုတ်တပ်တွေကတော့ ပြန်လည် မဆုတ်ခွာသေးဘူးလို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၁ ရာစုရဲ့ အရေးအပါဆုံး အားပြိုင်မှုလား
တရုတ်နဲ့ အိန္ဒိယ နယ်စပ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့က နှစ်ဖက်စစ်သားတွေ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။ ဒီဖြစ်ရပ် နောက်ကွယ်မှာ နှစ်ဖက် ခေါင်းဆောင်တွေရဲ့ အမျိုးသားရေးဝါဒနဲ့ သူတို့ရဲ့ နိုင်ငံသားတွေ ဂုဏ်ယူနိုင်တဲ့ ခေါင်းဆောင်ဆိုတာမျိုး ပုံဖော်ချင်တာမျိုးလည်း ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာ မိုဒီတို့ နှစ်ဦးစလုံးဟာ ပြတ်ပြတ်သားသား တင်းတင်းမာမာ လုပ်ကိုင်တတ်တဲ့ ခေါင်းဆောင်တွေ ဖြစ်ကြောင်း ပြနေသူတွေ ဖြစ်ပြီး သူတို့ရဲ့ နိုင်ငံအသီးသီးကိုလည်း ခေတ်သစ်တခုဆီကို ခေါ်ဆောင်သွားပေးနိုင်တဲ့ ခေါင်းဆောင်ဖြစ်ကြောင်းကိုလည်း ပုံဖော်နေသူတွေ ဖြစ်ပါတယ်။
ဒီနှစ်နိုင်ငံရဲ့ စီးပွားရေးအင်အားဟာ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်းမှာမှ ကွာဟသွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ တရုတ်က ကမ္ဘာ့စီးပွားရေးအင်အား အကြီးဆုံး အမေရိကန်နဲ့ အပြိုင်အဆိုင်ရှိလာချိန်မှာ အိန္ဒိယကတော့ ပဉ္စမ နေရာလောက်မှာ ရှိနေပါတယ်။
ဒါ့ကြောင့် အိန္ဒိယ အနေနဲ့ တရုတ်ကို ပြိုင်ချင်ရင် လက်တွေ့ကျဖို့လည်း လိုမယ် ဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။
ဒီနှစ်နိုင်ငံရဲ့ နယ်စပ်ဒေသ ထိပ်တိုက်တွေ့မှုမှာ နှစ်ဖက်စစ်သားတွေက ကျောက်ခဲတွေ၊ သံတွေ စိုက်ထားတဲ့ တုတ်ချောင်းတွေနဲ့ လက်သီးတွေ သုံးခဲ့ကြတယ် ဆိုတဲ့အတွက် နှစ်ဖက်တိုက်ပွဲက ဥရောပက အလယ်ခေတ် တိုက်ပွဲဆန်နေပါတယ်။
ဥရောပက အလယ်ခေတ် ဆိုတာကတော့ ရောမအင်ပါယာ ကျဆုံးတဲ့ ၄၇၆ ခုနှစ်ကနေ ဥရောပမှာ အသိပညာ၊ အတတ်ပညာ ပြန်လည် ဆန်းသစ်လာတဲ့ ၁၅ ရာစု မတိုင်ခင်အထိ ကာလကို အကြမ်းဖျင်း ခေါ်ဆိုတာဖြစ်ပါတယ်။ ရောမအင်ပါယာလက်အောက်မှာ ဥရောပက ဖွံ့ဖြိုးခဲ့သလောက် ဒီအင်ပါယာ ကျဆုံးသွားပြီးနောက်ပိုင်း ယေဘုယျ လူနေမှု အဆင့်အတန်း နိမ့်ကျသွားတဲ့ သာဓကတွေရှိထားတဲ့ ကာလလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC
အခုလို တရုတ်နဲ့ အိန္ဒိယတို့ အလယ်ခေတ် ဆန်ဆန် နယ်စပ်မှာ ထိပ်တိုက်တွေ့ကြတဲ့ နေရာဟာ ဟိမဝန္တာတောင်တန်းတနေရာက ပင်လယ်ရေ မျက်နှာပြင်အထက် မီတာ ၄၀၀၀ (ပေ ၁၀,၀၀၀ ကျော်) အမြင့်လောက်မှာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် သေဆုံးသူတွေဟာ ရေခဲလုအောင် အေးတဲ့ ရာသီဥတုမှာ ဒဏ်ရာကြောင့် သေဆုံးတာနဲ့ တချို့ကတော့ အနီးနားက မြစ်ထဲကျပြီး သေဆုံးတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အလယ်ခေတ် ဆန်ဆန် ကျောက်ခဲတွေ၊ တုတ်ချောင်းတွေ၊ လက်သီးတွေနဲ့ တိုက်ခဲ့ကြတယ် ဆိုပေမယ့် တိုက်ကြတဲ့ နှစ်ဖက်က ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံရဲ့ ၂၀၂၀ နှစ်ဝက်လောက် ရောက်ချိန်မှာ တိုက်ပွဲဖြစ်ခဲ့တာ ဖြစ်နေပါတယ်။
ဒီတိုက်ပွဲမှာ နှစ်ဖက်စလုံးက သေနတ်မသုံးကြဖို့ ကြိုတင်သဘောတူတာတွေ ရှိခဲ့တယ်ဆိုပေမယ့် လူ သေဆုံးမှုကတော့ ရှိခဲ့ပါတယ်။
ဒီတိုက်ပွဲမှာ အိန္ဒိယဘက်က သေဆုံးသူ ၂၀ ရှိတယ်ဆိုပြီး တရားဝင် ထုတ်ပြန်မှု ရှိခဲ့ပေမယ့် တရုတ်ဘက်ကတော့ တိတိကျကျ အတည်ပြု ထုတ်ပြန်တာ မရှိသေးပါဘူး။
ဒီလို ဖြစ်ခဲ့ကြအပြီးမှာ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်ဘက်က တိုက်ပွဲအခြေအနေကို လျှော့ပေါ့ ပြောဆိုခဲ့ပါတယ်။ အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာ မိုဒီကတော့ အိန္ဒိယဘက်က ငြိမ်းချမ်းရေး လိုလားတယ် ဆိုပေမယ့် လာပြီးဆွမယ်ဆိုရင်တော့ ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ် သင့်လျော်တဲ့ တုံ့ပြန်မှုမျိုး လုပ်နိုင်ပါတယ် ဆိုပြီး ပြောဆိုခဲ့ပါတယ်။
ဒီလိုသူပြောအပြီးမှာပဲ တရုတ်နိုင်ငံကို စီးပွားရေးပိတ်ဆို့မှုတချို့လည်း လုပ်လိုက်ပါတယ်။
တရုတ်နိုင်ငံက အိန္ဒိယထက် စီးပွားရေးအင်အား သာလွန်တယ်ဆိုပေမယ့် နှစ်ဖက်စလုံးက နျူးကလီးယားလက်နက်ရှိကြတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံ စာရင်းဝင်တဲ့အပြင် ကမ္ဘာ့လူဦးရေ အထူထပ်ဆုံး နှစ်နိုင်ငံဖြစ်တဲ့အတွက် တရုတ်နဲ့ အိန္ဒိယတို့ရဲ့ အားပြိုင်မှုဟာ ၂၁ ရာစုအတွင်းမှာ အရေးအပါဆုံး အားပြိုင်မှု ဖြစ်လာမလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ရေးအရ ထိပ်တိုက်တွေ့မှု
ခရစ်စ် ဒိုဟာတီရဲ့ သုံးသပ်ချက်
(ခရစ်စ် ဒိုဟာတီဟာ အမေရိကန်နိုင်ငံ အခြေစိုက် ခေတ်သစ် အမေရိက လုံခြုံရေးရာ (CNAS) ဆိုတဲ့ မူဝါဒနဲ့ သုတေသန ဖော်ဆောင်ရေး အဖွဲ့(think tank) က ကာကွယ်ရေးဌာနမှာ လုပ်ကိုင်တဲ့ ဝါရင့်အဖွဲ့ဝင် တဦးဖြစ်ပါတယ်။)
တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ ထိစပ်နေတဲ့ နယ်စပ်တလျှောက် အကွာအဝေးဟာ ကီလိုမီတာ ၃၀၀၀ ကျော်ရှိပြီး ဟိမဝန္တာတောင်တန်းကိုလည်း ဖြတ်သွားတဲ့ အကွာအဝေး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လက တရုတ်နဲ့ အိန္ဒိယစစ်တပ်တို့ ထိပ်တိုက်တွေ့ခဲ့ကြတဲ့ နေရာဟာ ဂယ်ဝမ်မြစ်ရှိတဲ့ တောင်ကြားဒေသမှာ တည်ရှိပြီး မီတာ ၄၀၀၀ (ပေ ၁၀,၀၀၀ ကျော်) အမြင့်မှာ ရှိနေရာဖြစ်ပြီး လူလည်း နေထိုင်လို့ မရတဲ့ ဒေသဖြစ်ပါတယ်။
ဒီဒေသကို အိန္ဒိယနိုင်ငံက ပိုင်ဆိုင်ကြောင်း ပြောဆိုထားပေမယ့် တကယ်တမ်း တရုတ်က ထိန်းချုပ်ထားတဲ့ ဒေသ ဖြစ်ပါတယ်။
အဲဒီ ဒေသဟာ လူတွေအတွက် မြေပြင်အနေအထားအရ သွားလာရေး ခက်ခဲတဲ့ ဒေသ ဖြစ်ပါတယ်။
ဒါ့အပြင် အလွန်မြင့်တဲ့ဒေသ ဖြစ်တာကြောင့် လူတွေအတွက် အသက်ရှူစရာ အောက်စီဂျင်နည်းတဲ့ ပြဿနာအပြင် လူတွေ အသုံးပြုတဲ့ ယာဥ်တွေ မောင်းနှင်ရာမှာလည်း အောက်စီဂျင်နည်းမှုကြောင့် အခက်အခဲတွေရှိပြီး ထောက်ပံ့ရေးလမ်းကြောင်းတွေကလည်း အလွန်ရှည်လျား ခက်ခဲ ကြမ်းတမ်းတဲ့ လမ်းကြောင်းတွေ ဖြစ်နေပါတယ်။
ဒါတင်မကသေးပဲ ပုံမှန်သွားနေကျ လမ်းကြောင်းတွေပေါ်ကို မြေပြိုနိုင်ခြေနဲ့ ရေခဲတောင်ပြိုနိုင်ခြေတွေလည်း ရှိသေးတဲ့အတွက် သွားလာလှုပ်ရှားဖို့ အလွန် ခက်ခဲကြမ်းတမ်းတဲ့ ဒေသ ဖြစ်ပါတယ်။
ဒီလိုနေရာမျိုးမှာ တိုက်ပွဲဖြစ်ရတဲ့ အကြောင်းရင်းတွေထဲက တခုကလည်း နှစ်ဖက်စလုံးက ကင်းလှည့်ရလွယ်အောင် လမ်းဖောက်နေကြရင်း ထိပ်တိုက်တွေ့ကြတာ ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တိဘက်ဒေသနဲ့ ကပ်နေတဲ့ ရှင်ကျန်ပြည်နယ်ဒေသလို နေရာတွေမှာ တရုတ်အစိုးရက လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း လမ်းတံတားအပါအဝင် အခြေခံအဆောက်အဦတွေကို ဆောက်လုပ်နေခဲ့ပြီး ဒီလို ဆောက်လုပ်မှုတွေကြောင့် တရုတ်စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဖြတ်သန်း သွားလာ နေနိုင်ခဲ့ပါတယ်။
လုံခြုံရေးအရ ဘက်တဖက်မှာ အားကောင်းလာတယ်ဆိုတာက ကျန်တဖက်ကို အားနည်းစေတယ် အယူအဆ ရှိထားရာမှာ အိန္ဒိယကလည်း သူတို့ ထိန်းချုပ်နိုင်တဲ့ နယ်စပ်ဘက်ခြမ်းမှာ အလားတူ လုပ်လာရင်း နှစ်ဖက် ထိပ်တိုက်တွေ့ကြတာ ဖြစ်ပါတယ်။
ဒီလို ထိပ်တိုက်တွေ့ကြမယ်ဆိုရင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့အပေါ် တရုတ်စစ်သားတွေကို အထက်က ညွှန်ကြားထားပြီးသား ဖြစ်နိုင်ပြီး ဒေသတွင်း ဗိုလ်ချုပ်အဆင့်လောက်က ကိုယ့်သဘောနဲ့ကိုယ် နဂိုထိန်းချုပ်ထားပြီးသား နယ်မြေရဲ့ အပြင်ဘက်ကို ရှေ့တိုးဖို့လုပ်တာမျိုးတော့ မဖြစ်နိုင်ပါဘူး။
ဖြစ်သွားခဲ့တဲ့ အခြေအနေဟာ ဒေသတွင်း မြေပြင်အနေထား အခြေအနေကို ကြီးကြီးမားမား ပြောင်းလဲသွားဖို့ ကြိုးစားမှုတခုလို့ ပြောလို့ရတဲ့အတွက် ဒီလို လုပ်ဖို့ ညွှန်ကြားမှုက တရုတ်စစ်တပ် (တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်) ထိပ်ပိုင်းခေါင်းဆောင်တွေက ခွင့်ပြုချက်ပေးမှ လုပ်လို့ ရတာမျိုး ဖြစ်ပါတယ်။
တရုတ်စစ်တပ်ရော အိန္ဒိယစစ်တပ်ပါ အင်အားကြီးတွေ ဖြစ်ကြပေမယ့် တရုတ်စစ်တပ် နှစ်စဥ်ရန်ပုံငွေက အိန္ဒိယထက် သုံးဆရှိပြီး တရုတ်နိုင်ငံဟာ သူ့စစ်တပ်ကို တိကျတဲ့ ဒုံးကျည်စနစ်နဲ့ နည်းပညာမြင့် တင့်ကားတွေ သုံးပြီး အဆင့်မြှင့်ထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် ကြမ်းတမ်းခက်ခဲတဲ့ မြေပြင်အနေအထားရှိတဲ့ နေရာမှာတော့ ကီလိုမီတာ ရာချီ၊ မိုင်ပေါင်းရာချီ ပစ်နိုင်တယ်ဆိုတဲ့ အဆင့်မြင့်လက်နက်တွေက အသုံးမဝင်လှပဲ လက်နက်ကြီးတွေ မပါတဲ့ ပေါ့ပါးတဲ့ တပ်ဖွဲ့တွေက ဒီလိုမြေပြင်အနေအထားမှာ အသာရ နိုင်ပါတယ်။
ဒီလိုနေရာမျိုးမှာ အိန္ဒိယဘက်က လျော်ကန်တဲ့ နည်းဗျူဟာ သုံးမယ်ဆိုရင် ယေဘုယျ ယူဆထားသလို တရုတ်က သာတယ်လို့ မဆိုနိုင်တော့ပါဘူး။
အိန္ဒိယနိုင်ငံအတွက် ရှည်လျားလှတဲ့ နယ်စပ်နယ်နိမိတ်တခုလုံးကို အမြဲတမ်း တောက်လျှောက် ကာကွယ်ထားနိုင်ဖို့ မဖြစ်နိုင်လောက်ဘူး ဆိုပေမယ့် တရုတ်ကို အများကြီး ရှေ့တိုးလာလို့မရအောင်နဲ့ အိန္ဒိယဘက်ကလည်း ပင်မတပ်တွေနဲ့ အဆက်ပြတ်ပြီး အဝိုင်းမခံရအောင် လုပ်ဖို့က အိန္ဒိယအတွက် အရေးပါ ပါတယ်။
ဒီလိုအခြေအနေမှာ တရုတ်ကို အိန္ဒိယဘက်က နည်းနည်းတော့ ရှေ့တိုးဝင်လာခွင့်ပေးပြီး ဝင်လာတော့မှ ပင်မတပ်နဲ့ အဆက်အသွယ်ပြတ်သွားအောင် တန်ပြန်တိုက်ခိုက်တာမျိုးလည်း အိန္ဒိယက လုပ်နိုင်ပါတယ်။
နှစ်ဖက်တိုက်ပွဲဖြစ်ရင် တရုတ်ဘက်က နည်းဗျူဟာအရ အရေးပါတဲ့ နယ်မြေကိုတောင် သိမ်းနိုင်ခြေ ရှိကောင်းရှိပေမယ့် အိန္ဒိယဘက်ကလည်း နည်းဗျူဟာမှန်မှန်နဲ့ တုန့်ပြန်မယ်ဆိုရင် တရုတ်ဘက်ကလည်း အတိုင်းအတာတခုအထိ ဆုံးရှုံးရပြီးမှ သူတို့လိုချင်တာကို ရပါလိမ့်မယ်။
တချိန်တည်းမှာပဲ ဒီလိုတိုက်ပွဲမှာ အိန္ဒိယဘက်ကလည်း အကျအဆုံး အတော်အတန် ရှိမှာ ဖြစ်တဲ့အတွက် အခြေအနေပိုဆိုးလာရင် ဘယ်သူမှ တဖက်သတ် မနိုင်ဘဲ နှစ်ဖက်လုံး ဆုံးရှုံးကြမယ့် တိုက်ပွဲတွေ ဖြစ်လာနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NURPHOTO
စီးပွားရေးအရ ထိပ်တိုက်တွေ့မှု
အနတ်(သ်) ခရစ်ရှနန်ရဲ့ သုံးသပ်ချက်
(အနတ်(သ်) ခရစ်ရှနန်ဟာ the Hindu သတင်းစာမှာ တရုတ်နဲ့ ပတ်သက်တဲ့အပိုင်းကို တာဝန်ယူ ရေးသားနေသူဖြစ်ပြီး တရုတ်ရဲ့ တိုးတက်လာမှုက အိန္ဒိယကို စီးပွားရေးအရ ဘယ်လို သက်ရောက်မှုရှိသလဲ ဆိုတာကို လေ့လာထားတဲ့ အိန္ဒိယရင်ဆိုင်ရတဲ့ တရုတ်စိန်ခေါ်မှု ဆိုတဲ့ စာအုပ်ကို ရေးသားသူလည်း ဖြစ်ပါတယ်။)
တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ဟာ ၂၀၀၀ ပြည့်နှစ် အစောပိုင်းကာလတွေ မတိုင်ခင်အထိ ကုန်သွယ်ရေး အချိတ်အဆက် သိပ်မရှိခဲ့ပေမယ့် လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာ အိန္ဒိယဘက်က တရုတ်ထုတ်ကုန်တွေကို ဝယ်လိုအား တက်လာတာကြောင့် နှစ်ဖက် ကုန်သွယ်ရေးက လျင်လျင်မြန်မြန် ကြီးထွားလာခဲ့ပြီး တရုတ်ဟာ အိန္ဒိယအတွက် အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်လာခဲ့ပါတယ်။
တရုတ်နဲ့ အိန္ဒိယတို့ နှစ်ဖက် ကုန်သွယ်မှု နှစ်စဥ်တန်ဖိုးက အမေရိကန်ဒေါ်လာ ၉၄ ဘီလျံ ရှိရာမှာ အဲဒီအထဲက ၇၅ ဘီလီယံက အိန္ဒိယဘက်က ဝယ်နေတဲ့ တန်ဖိုးဖြစ်ပြီး တရုတ်ဘက်က ပြန်ဝယ်တဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံသာ ရှိတဲ့အတွက် အိန္ဒိယက တရုတ်ဘက်ကို မှီခိုနေရသလို ဖြစ်နေပါတယ်။
အိန္ဒိယဘက်က သတ္ထုကုန်ကြမ်းတွေ၊ ဓာတုဗေဒ ကုန်ကြမ်းတွေ တရုတ်ကိုရောင်းပြီး တရုတ်ဘက်က တန်ဖိုးမြင့် ကုန်ချောတွေကို ပြန်ဝယ်နေတာ ဖြစ်တဲ့အတွက် အလွန်ဘက်မမျှတဲ့ နှစ်ဖက် ကုန်သွယ်မှု ဖြစ်နေတာကြောင့် အိန္ဒိယအစိုးရဘက်က စိုးရိမ်မကင်း ဖြစ်စရာ တခုဖြစ်နေပေမယ့် ဒီလို အခြေအနေကနေ ဖောက်ထွက်ဖို့လည်း အိန္ဒိယအတွက် အလွန်ခက်ခဲနေပါတယ်။
တရုတ်နဲ့ အိန္ဒိယတို့ အခုလို ထိပ်တိုက်တွေ့ကြတာကို အိန္ဒိယဘက်က တုန့်ပြန်တဲ့ အနေနဲ့ တရုတ်နဲ့ ပူးတွဲ လုပ်ကိုင်ဖို့ စီစဉ်ထားတဲ့ စီမံကိန်းတွေကို ရွှေ့ဆိုင်းလိုက်ဖို့ နှိုးဆော်မှုတွေ ရှိထားပြီး လောလောဆယ်မှာ ကမ္ဘာ့လူငယ်တွေအကြား နာမည်ကြီးတဲ့ တစ်တော့ အက်ပ် အပါအဝင် တရုတ် အက်ပ် ၅၉ ခုကို အိန္ဒိယက ပိတ်ပင်လိုက်ပါတယ်။
တရုတ်ကုန်ပစ္စည်းနဲ့တကွ တရုတ်ဘက်က ရင်းနှီးမြှုပ်နှံမှုတွေကို လုံးဝပိတ်ပင်မယ်ဆိုရင် လက်တွေ့လည်း မကျသလို တကယ်တမ်းလည်း မဖြစ်နိုင်ပါဘူး။
အိန္ဒိယနိုင်ငံဟာ တော်တော်များများ သွင်းကုန် အမျိုးအစားလိုက်ကို တရုတ်နိုင်ငံကို မှီခိုနေရတာ ဖြစ်တဲ့အပြင် တရုတ်ရောင်းတဲ့ ဈေးနဲ့ ရောင်းတဲ့ နိုင်ငံကလည်း များများ မရှိတဲ့ အခြေအနေရှိပါတယ်။
အိန္ဒိယဟာ မူလပထမ အမှတ်တံဆိပ်နဲ့ ထုတ်လုပ်ထားတဲ့ ဆေးအများစုနဲ့ အာနိသင်တူတဲ့ ဆေးတွေကို ကမ္ဘာမှာ အများဆုံး ထုတ်လုပ်ရောင်းချနေပြီး တရုတ်ကတော့ ကမ္ဘာမှာ ဆေးဝါးလုပ်ငန်းအတွက် အဓိက ဓာတုကုန်ကြမ်းတွေကို ထုတ်နေတဲ့နိုင်ငံဖြစ်တဲ့အတွက် ဒီသွင်းကုန် အမျိုးအစားမှာလည်း အိန္ဒိယက တရုတ်ကို အားထားနေရပါတယ်။
အခုလို အိန္ဒိယအတွက် လိုအပ်တဲ့ ဆေးဝါး ဓာတုကုန်ကြမ်းတွေထဲက ၇၀ ရာခိုင်နှုန်းလောက်ကို တရုတ်နိုင်ငံက တင်သွင်းနေရပြီး တရုတ်က မသွင်းတော့ဘူးဆိုရင် အိန္ဒိယရဲ့ ဆေးဝါးလုပ်ငန်းကြီး တခုလုံး ရပ်သွားနိုင်ပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံက တင်သွင်းတဲ့ သံနဲ့ သံမဏိ ပစ္စည်းတွေ၊ ကားပစ္စည်း အစိတ်အပိုင်းတွေနဲ့ လယ်ယာသုံး ပိုးသတ်ဆေးတွေကိုလည်း အိန္ဒိယက မှီခိုနေရပါသေးတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု လုပ်နေတဲ့ နိုင်ငံတွေထဲမှာလည်း တရုတ်က အကြီးဆုံးတွေထဲက တနိုင်ငံဖြစ်ပြီး အထူးသဖြင့် နည်းပညာနယ်ပယ်က အိန္ဒိယ တက်သစ်စ ကုမ္ပဏီလေးတွေကို တရုတ်ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံထားတဲ့ တန်ဖိုးကတင် အမေရိကန်ဒေါ်လာ ၅-၆ ဘီလျံ လောက် ရှိတဲ့အပြင် အိန္ဒိယရဲ့ အကြီးဆုံး နည်းပညာကုမ္ပဏီတချို့မှာလည်း တရုတ်က အဓိကကျတဲ့ ရင်းနှီးမြှုပ်နှံသူတွေအဖြစ် ပါဝင်နေပါတယ်။
ဒီလို အခြေအနေမှာ အိန္ဒိယအနေနဲ့ တရုတ်ကို လုပ်နိုင်တဲ့ ကန့်သတ်မှု ပုံစံတွေကတော့ ပြည်တွင်း ဆက်သွယ်ရေး ကွန်ရက်နဲ့ စတုတ္ထ မျိုးဆက်နဲ့ပဉ္စမ မျိုးဆက် ဖုန်းကွန်ရက်တွေမှာ တရုတ် လွှမ်းမိုးမှု လျှော့ချတာမျိုး လုပ်နိုင်ပါတယ်။
တရုတ်ကုမ္ပဏီတွေက အိန္ဒိယကိုလာပြီး စက်ရုံဆောက်တဲ့ ရင်းနှီးမြုပ်နှံမှုမျိုးကိုတော့ အလုပ်လက်မဲ့ ပြဿနာတွေရှိနေတဲ့ အိန္ဒိယနိုင်ငံရဲ့ အစိုးရက လက်ခံကြိုဆိုမှာ ဖြစ်ပေမယ့် အိန္ဒိယရဲ့ နိုင်ငံတော်လုံခြုံရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍတွေ အပါအဝင် အိန္ဒိယ ကုမ္ပဏီတွေမှာ တရုတ်က ရှယ်ယာဝယ်တာ၊ ဆက်သွယ်ရေးစနစ်မှာ ရင်းနှီးမြှုပ်နှံတာတွေကို ကန့်သတ်လို့ ရပါတယ်။
အိန္ဒိယအစိုးရဟာ နိုင်ငံတကာကုမ္ပဏီကြီးတွေက တရုတ်နိုင်ငံကို မသွားဘဲ အိန္ဒိယနိုင်ငံကိုလာပြီး လုပ်ကိုင်ကြဖို့ ကြိုးစားနေတာ အတော်ကြာပြီဖြစ်ပေမယ့် အကန့်အသတ်နဲ့ပဲ အောင်မြင်မှု ရပါသေးတယ်။
အိန္ဒိယအစိုးရဟာ နိုင်ငံကို ကုန်ထုတ်လုပ်မှု အင်အားကြီးနိုင်ငံဖြစ်လာအောင် ထူထောင်နေတာလည်း နှစ်အတော်အတန် ကြာလာပြီ ဖြစ်ပြီး လက်ရှိ အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာ မိုဒီ တက်လာတဲ့ ၂၀၁၄ ခုနှစ်တုန်းကဆိုရင် "အိန္ဒိယမှာ လာရောက် ထုတ်လုပ်ပါ" (Make in India) ဆိုတဲ့ ဆောင်ပုဒ်နဲ့ စလုပ်ခဲ့တာ ဖြစ်ပေမယ့် ၆ နှစ်အကြာ အခုအချိန်မှာတော့ အိန္ဒိယရဲ့ တရုတ်အပေါ် မှီခိုမှုက ပိုတောင် များလာပါတယ်။
အိန္ဒိယနိုင်ငံက တရုတ်နောက်မှာ ကျန်ခဲ့တဲ့ အခန်းကဏ္ဍကတော့ အစိုးရဘက်က လုပ်ပေးရတဲ့အပိုင်းဖြစ်တဲ့ လမ်းတံတားနဲ့ အခြေခံ အဆောက်အဦပိုင်း ရင်းနှီးမြှုပ်နှံမှုပဲ ဖြစ်ပါတယ်။
တရုတ်ပြည်တွင်းမှာ အလုပ်သမားလခတွေ တက်လာတောင် အခြေခံအဆောက်အဦ စနစ်တွေ ကောင်းတာကြောင့် လာရောက်လုပ်ကိုင်တဲ့ ကုမ္ပဏီတွေက တခြားနိုင်ငံကို ရွှေ့မသွားတာ ဖြစ်ပါတယ်။
နောက်ထပ် တရုတ်ဘက်က အားသာတာတခုကတော့ အလွန်ကျွမ်းကျင်တဲ့ အလုပ်သမားထုကြီး ရှိနေတာ ဖြစ်ပါတယ်။ အိန္ဒိယအနေနဲ့ တော့ အခြေခံ အဆောက်အဦပိုင်းရော၊ ကျွမ်းကျင်အလုပ်သမား မွေးထုတ်တဲ့ အပိုင်းမှာပါ ရင်းနှီးမြုပ်နှံမှုတွေ လုပ်ဖို့ လိုနေပါတယ်။
ဒါပေမယ့်လည်း လက်တွေ့မှာ အိန္ဒိယအတွက် ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ အခွင့်အလမ်းက ဘောင်ကျဥ်းလာပြီ ဖြစ်ပါတယ်။
အိန္ဒိယက ထုတ်ကုန်အသားပေး စီးပွားရေး လုပ်ချင်တယ် ဆိုပေမယ့် လွန်ခဲ့တဲ့ အနှစ် ၂၀ ကစပြီး တရုတ်နိုင်ငံရဲ့ ထုတ်ကုန်စီးပွားရေး အောင်မြင်ခဲ့တုန်းကလို လာဝယ်မယ့် နိုင်ငံတွေက လက်တွေ့မှာ သိပ်မရှိတော့ဘူး ဆိုတဲ့အတွက် တရုတ်နေရာကို အစားထိုးနိုင်တဲ့ ထုတ်ကုန်ပို့ နိုင်ငံ ဖြစ်ဖို့ ကြိုးစားတယ်ဆိုတဲ့ ကိစ္စကို အိန္ဒိယက လက်တွေ့ကျကျ ပြန်စဥ်းစားရမှာ ဖြစ်ပါတယ်။
အိန္ဒိယရဲ့ အားသားချက်ကတော့ တရုတ်ကို ယှဥ်နိုင်တဲ့ သန်းထောင်ချီရှိတဲ့ လူဦးရေရှိတဲ့ ဈေးကွက်ပဲ ဖြစ်ပြီး ဒါ့ကြောင့်လည်း အိန္ဒိယကို တရုတ်ကုမ္ပဏီတွေ အများကြီး ရောက်လာကြတာ ဖြစ်ပါတယ်။
တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံတို့ရဲ့ အသားပေး အလေးထားမှုတွေက ပိုပြီး ထိပ်တိုက် တွေ့လာပြီဆိုတော့ အိန္ဒိယဘက်က ကုန်သွယ်ရေးမှာ ကိုယ့်အားကိုယ်ကိုးဖို့ ကြိုးစားတာက ရေတိုမှာ အခက်အခဲတွေ တွေ့ရမယ်ဆိုရင်တောင် ရေရှည်အတွက်တော့ ကောင်းနိုင်တဲ့ ကြိုးစားမှု ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မဟာမိတ် (သို့) ပြိုင်ဘက်ဖြစ်နေကြတဲ့ နိုင်ငံတွေအကြားမှာ တရုတ်နဲ့ အိန္ဒိယ ထိပ်တိုက်တွေ့မှု
တန်ဗီ မေဒန်ရဲ့ သုံးသပ်ချက်
(မစ္စ တန်ဗီ မေဒန်ဟာ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ အခြေစိုက် ဘရွတ်ကင်း အဖွဲ့ ဆိုတဲ့ မူဝါဒနဲ့ သုတေသန ဖော်ဆောင်ရေး အဖွဲ့ (think tank) တခုက နိုင်ငံခြားရေး မူဝါဒဌာန အကြီးတန်း အဖွဲ့ဝင် တဦး ဖြစ်ပြီး "ကြမ္မာငင်သော သုံးပွင့်ဆိုင်။ ။စစ်အေးတိုက်ပွဲကာလမှာ တရုတ်က အိန္ဒိယ-အမေရိကန်ဆက်ဆံရေးကို ပုံဖော်ခဲ့တဲ့ အခြေအနေ" ဆိုတဲ့ စာအုပ်ကို မကြာခင်ကပဲ ရေးသားထားသူ ဖြစ်ပါတယ်။)
အိန္ဒိယနဲ့ တရုတ်တို့ ထိပ်တိုက်တွေ့မှုတွေ တိုးလာရာမှာ စီးပွားရေး ဆက်နွှယ်မှု တိုးလာတာကြောင့် နိုင်ငံရေး တင်းမာမှုတွေ လျော့မသွားနိုင်ဘူးဆိုတာကို သက်သေပြနေတာလည်း ဖြစ်ပါတယ်။
လက်ရှိ တရုတ်-အိန္ဒိယ ဆက်ဆံရေးဟာ အလှည့်အပြောင်းဖြစ်တဲ့ အချိန်ကိုရောက်လာပြီ ဖြစ်ပြီး အနာဂါတ် တရုတ်-အိန္ဒိယ ဆက်ဆံရေးကိုသာမက ကမ္ဘာနဲ့ချီပြီး မပြောင်းလဲရင်တောင် အနည်းဆုံး အာရှဒေသ ပထဝီနိုင်ငံရေး အခြေအနေကို သက်ရောက်မှု ရှိမှာ ဖြစ်ပါတယ်။
တရုတ်နဲ့ အိန္ဒိယတို့ ထိပ်တိုက်တွေ့ကြ အပြီးမှာ တောင်တရုတ်ပင်လယ်၊ ထိုင်ဝမ်နဲ့တကွ ဟောင်ကောင်အရေးတို့ဘက်မှာ ပိုပြီး အာရုံစိုက်နေရတဲ့ တရုတ်အစိုးရက အိန္ဒိယနဲ့ ကိစ္စကို လျှော့ပေါ့ ပြောဆိုခဲ့ပေမယ့် အိန္ဒိယဘက်ကတော့ အလျှော့မပေဘဲ တင်းခံတဲ့ ပုံစံနဲ့ ရပ်တည် ပြောဆိုခဲ့ပါတယ်။
ဇွန်လ ၁၅ ရက်နေ့က ဖြစ်ခဲ့တဲ့ တရုတ်နဲ့ အိန္ဒိယ ထိပ်တိုက်တွေ့မှုအပေါ် တရုတ်ရဲ့ ကြေညာချက်ထဲမှာ အိန္ဒိယကို အပြစ်တင်ထားပေမယ့် အရင်ရှိနေတဲ့ ဆက်ဆံရေးအတိုင်း ဆက်သွားပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်တာတွေ လုပ်ရဖို့လိုတယ် ဆိုတဲ့ ပြောဆိုမှု ပါဝင်ပါတယ်။ အိန္ဒိယဘက်ကတော့ ဒီအဖြစ်အပျက်ဟာ တရုတ်-အိန္ဒိယ အနာဂတ်ဆက်ဆံရေးကိုပါ ပြင်းထန်တဲ့ ရိုက်ခတ်မှုတွေ ရှိနိုင်တဲ့ မကြုံစဖူး ဖြစ်လာတဲ့ ပြဿနာ ဖြစ်တယ်ဆိုပြီး တင်းတင်းမာမာ ပြောဆိုခဲ့ပါတယ်။
တကယ်တမ်း ပြန်ကြည့်မယ်ဆိုရင် အိန္ဒိယနဲ့ တရုတ်တို့ဟာ ကမ္ဘာပေါ်မှာ နှစ်ဦးသဘောတူမှု မရှိတဲ့ နယ်စပ်မျဉ်း အရှည်ဆုံး ရှိကြတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ နှစ်ဖက် အခြေခံကစပြီး မတူဘဲ ကွဲလွဲမှုတွေ ရှိနေတဲ့ အင်အားကြီးလာတဲ့ နှစ်နိုင်ငံ အနေနဲ့ ဒီလို စိန်ခေါ်မှုတွေ ဖြစ်လာဖို့ တာစူနေပြီးသား ဖြစ်ပါတယ်။
နှစ်ဖက်စလုံးက ခေါင်းဆောင်တွေဟာ သူတို့ပြည်တွင်းမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း လွှမ်းမိုးမှု အရှိဆုံး ခေါင်းဆောင်တွေ ဖြစ်ပြီး တရုတ်ဘက်က ရှီကျင့်ဖျင်က "တရုတ်နိုင်ငံ ကြီးပွားသာယာရေး အိပ်မက်မက်ပြီး အလုပ်လုပ်ကြဖို့" ဆိုတဲ့ ဆောင်ပုဒ်ကို စပြောခဲ့သူ ဖြစ်သူလို အိန္ဒိယဘက်က နရန်ဒရာ မိုဒီကလည်း "အိန္ဒိယ နိုင်ငံကြီး ပြန်လည်ကြီးပွား တိုးတက်စေရမယ်" ဆိုတဲ့ ပုံစံမျိုးနဲ့ လွှမ်းမိုး လှုံ့ဆော်နေသူ တဦးဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
တရုတ်နဲ့ အိန္ဒိယနှစ်ဖက် ခေါင်းဆောင်တွေ ဖြစ်တဲ့ ရှီကျင့်ဖျင်နဲ့ နရန်ဒရာမိုဒီတို့ဟာ ယခင် နှစ်ဖက်ခေါင်းဆောင် အချင်းချင်းထက် တွေ့ဆုံထားတဲ့ အကြိမ်ရေ ပိုများပြီး တွေ့တဲ့အခါတိုင်းလည်း ရင်းရင်းနှီးနှီး ရှိကြတာကို စာနယ်ဇင်းသမားတွေက တွေ့ရလေ့ ရှိပါတယ်။
အာရှ ဒေသတွင်း အနေနဲ့ ဘယ်လို ရှေ့ဆက်ရမလဲ ဆိုတဲ့အပေါ်မှာတော့ နှစ်ဖက် အပြိုင်အဆိုင်ဖြစ်နေတဲ့ ရည်မှန်းချက်တွေ ရှိနေကြတာကို တွေ့ရပါတယ်။
တရုတ်အစိုးရအနေနဲ့ အာရှဒေသတွင်းမှာ ဦးဆောင်သူ ဖြစ်ချင်ပြီး အိန္ဒိယကတော့ ဂျပန်နဲ့တကွ သြစတြေးလျလို အာရှ အိမ်နီးချင်း နိုင်ငံအပါအဝင် ဒေသတွင်း စီးပွားရေး အင်အားကြီး နိုင်ငံတွေက အာရှဒေသရဲ့ ရှေ့ခရီးကို ပူးတွဲ ဦးဆောင်ကြတဲ့ ပုံစံကို သွားချင်တာ ဖြစ်ပါတယ်။
ဒါ့ကြောင့် အိန္ဒိယ အနေနဲ့ တရုတ်နဲ့သာမက အမေရိကန်နဲ့ ဆက်ဆံရေးတွေမှာ အလယ်အလတ်လမ်းကို သွားလို့ မရတော့ကြောင်း ဇွန်လ ၁၅ ရက်နေ့ တရုတ်-အိန္ဒိယ ထိပ်တိုက်တွေ့မှုက သက်သေပြနေပါတယ်။
လက်ရှိမှာ အိန္ဒိယရဲ့ သံတမန် ဆက်ဆံရေးအရ ရပ်တည်ချက်က ဘက်သတ်မှတ်ဖို့ ရှုပ်ထွေးနေပြီး အိန္ဒိယကို အဓိက လက်နက်တင်သွင်းနေတဲ့ ရုရှားဟာ တရုတ်နဲ့ ဆက်ဆံရေး ကောင်းတဲ့ နိုင်ငံဖြစ်နေပြီး တဖက်မှာ တရုတ်နဲ့ ရုရှား နှစ်နိုင်ငံ စလုံးနဲ့ အမေရိကန်က ဆက်ဆံရေး တင်းမာနေတာကို တွေ့ရပါတယ်။
တဖက်မှာ အမေရိကန်ရဲ့ မဟာမိတ် ပါကစ္စတန်က အိန္ဒိယရဲ့ ပြိုင်ဘက် ဖြစ်နေပြန်ပြီး တရုတ်နိုင်ငံအနေနဲ့ ပါကစ္စတန်နဲ့လည်း ပိုပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့ လိုလားနေပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံဟာ အိန္ဒိယနဲ့ ကပ်လျက် နိုင်ငံတွေဖြစ်တဲ့ နီပေါ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ မော်လ်ဒိဗ်စ် နိုင်ငံတွေမှာ သွားရောက် လုပ်ကိုင် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ရုံသာမက လွှမ်းမိုးမှု ရဖို့ပါ ကြိုးစားနေတယ်လို့ ယူဆရပါတယ်။
ဒါကို တုံ့ပြန်မယ့် အိန္ဒိယအနေနဲ့ သူတို့ရဲ့ စီးပွားရေးကို သာမက စစ်ရေးအင်အားကို တည်ဆောက်ရာမှာပါ အကူအညီပေးနိုင်တဲ့ နိုင်ငံဖြစ်တဲ့ အမေရိကန်သာမက သြစတြေးလျ၊ ဂျပန်၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားတို့သာမက ဥရောပက နိုင်ငံတွေနဲ့လည်း ဆထက်တပိုး တိုးပြီး ဆက်ဆံရေး ခိုင်မာအောင် တည်ဆောက်လာနိုင်ပါတယ်။

သံတမန်ရေးအရ ထိပ်တိုက်တွေ့မှု
ယုကြည်ရဲ့ သုံးသပ်ချက်
(မစ္စ ယုကြည်ဟာ ယူကေနိုင်ငံအခြေစိုက် ချက်တမ်ဟောက်စ် ဆိုတဲ့ မူဝါဒနဲ့ သုတေသန ဖော်ဆောင်ရေး အဖွဲ့တခုက အကြီးတန်း သုတေသန အဖွဲ့ဝင် တဦး ဖြစ်ပါတယ်။)
တရုတ်နဲ့ အိန္ဒိယတို့ လတ်တလော အခုလို ထိပ်တိုက် မတွေ့ကြခင်မှာ အိန္ဒိယအစိုးရက ပိုပိုပြီး အမျိုးသားရေးဝါဒ ဆန်လာတဲ့ မူဝါဒ ချမှတ်မှုတွေ လုပ်နေခဲ့တာ တွေ့ရပြီး ဝန်ကြီးချုပ် နရန်ဒရာ မိုဒီဟာ ဂျမူး-ကက်ရှ်မီးယားပြည်နယ်ရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို မနှစ်က ရုပ်သိမ်းခဲ့ပြီး အာသံ ပြည်နယ်မှာလည်း နိုင်ငံသားဖြစ်ခွင့် ဥပဒေ ပြင်ဆင်မှုတွေ အငြင်းပွားဖွယ်ရာ လုပ်ခဲ့တာ တွေ့ရပါတယ်။
တဖက်မှာ တရုတ်ဘက်ကလည်း နိုင်ငံတကာနဲ့ ဆက်ဆံရေးမှာ အလျှော့အတင်း သိပ်မလုပ်တော့ဘဲ တင်းမာတဲ့ ရပ်တည်မှုတွေ လုပ်လာတာ တွေ့ရပါတယ်။ ဒီလို ဖြစ်လာတဲ့ အပြောင်းအလဲကို ၂၀၁၇ ခုနှစ်မှာ တရုတ်ပြည်တွင်း ကျော်ကြားခဲ့တဲ့ ရုပ်ရှင်တခုရဲ့ နာမည် ဖြစ်တဲ့ မြေခွေး သူရဲကောင်း ကို အစွဲပြုပြီး မြေခွေး သူရဲကောင်း မူဝါဒလို့ စာနယ်ဇင်း သမားတွေက အမည်ပေးထားပါတယ်။
အဲဒီ မြေခွေးသူရဲကောင်း ရုပ်ရှင်ထဲမှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA)ရဲ့ အထူးတပ်ဖွဲ့ဝင်တွေက အာရှနဲ့ အာဖရိကတိုက် အတွင်းက အမေရိကန် ကြေးစား စစ်သားတွေကို အနိုင်ယူခဲ့ပုံတွေကို ရိုက်ပြထားတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားဟာ PLA က တရုတ်နိုင်ငံကို ကယ်တင်ပေးနိုင်ရုံတင်မကဘဲ နိုင်ငံခြားသားတွေကိုလည်း တင်းတင်းမာမာ တုံ့ပြန်ပြတဲ့ ရုပ်ရှင်ကားမျိုးလည်း ဖြစ်တဲ့အတွက် လူကြိုက်များခဲ့တယ်လို့ ဆိုပါတယ်။
ဒီရုပ်ရှင်ကားကြောင့်ပဲ တင်းတင်းမာမာ ပြတ်ပြတ်သားသား ပြောဆိုတတ်တဲ့ တရုတ်သံအမတ်တွေဟာ မြေခွေး သူရဲကောင်း သံတမန် မူဝါဒ ကျင့်သုံးနေတယ်လို့ စာနယ်ဇင်းသမားတွေက ပြောဆိုကြတာ ဖြစ်ပါတယ်။
၁၉၆၀ နဲ့ ၁၉၇၀ ပြည့်လွန် ကာလတွေမှာ မွေးဖွားလာတဲ့ တရုတ်သံအမတ် အများစု အနေနဲ့ တရုတ်စီးပွားရေး အားကောင်းလာချိန်မှာ လူလားမြောက်ခဲ့သူတွေ ဖြစ်တာကြောင့် အဲဒီကာလ မတိုင်ခင်မွေးတဲ့ တရုတ်သံအမတ် မျိုးဆက်ထက် နိုင်ငံတကာမှာ ပြတ်ပြတ်သားသား ပြောဆိုနိုင်ကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NHS Scotland
လတ်တလော ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေအတွင်းမှာ တရုတ်အစိုးရက သူတို့ရဲ့ပြည်တွင်း အခြေအနေကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ယူဆပြီး နိုင်ငံတကာကို တကိုယ်ရေ ကာကွယ်ရေး ပစ္စည်းတွေ ပေးပို့ လှူဒါန်းမှုနဲ့ အတွေ့အကြုံမျှဝေမှုတွေ လုပ်နေရာမှာ တရုတ်အစိုးရက ဒီအခြေအနေကို အသုံးချပြီး ဒေသတွင်း လွှမ်းမိုးဖို့ ကြိုးစားနေတယ်လို့လည်း အိန္ဒိယဘက်က စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။
ဒီလို အိန္ဒိယဘက်က စွပ်စွဲခဲ့ပြီးနောက်ပိုင်းမှာတော့ တရုတ်ဘက်က ပြန်လည်တင်းမာဖို့ ဆုံးဖြတ်လိုက်တယ်လို့ ယုကြည်က ယူဆပါတယ်။
တရုတ်အစိုးရရဲ့ နိုင်ငံတကာနဲ့ ဆက်ဆံရေးတခုလုံးကို ခြုံကြည့်မယ်ဆိုရင် ကမ္ဘာကြီးဟာ ယေဘုယျအားဖြင့် ဟန်ချက်ညီညီနဲ့ ရပ်တည် ရှင်သန်နေကြတဲ့ လူ့အဖွဲ့အစည်းကြီး ဖြစ်တယ်ဆိုတဲ့ အမြင်ကို ပြောဆိုလေ့ရှိပါတယ်။ ဒါပေမယ့် ဒီလို ယူဆပုံက အမေရိကန်နဲ့ ဥရောပက ခေါင်းဆောင်တွေရဲ့ အမြင်နဲ့ အံကိုက်မဖြစ်ပဲ ဖြစ်နေပါတယ်။
အထူးသဖြင့် တရုတ်အစိုးရရဲ့ ပြဿနာဖြေရှင်းတဲ့ပုံစံက နိုင်ငံအများ စုပေါင်း ဖြေရှင်းတာထက် ဖြစ်တဲ့နိုင်ငံနဲ့ပဲ ပူးပေါင်းဖြေရှင်းတဲ့ ပုံစံဟာ အများနဲ့ ပူးပေါင်း ဖြေရှင်းရတဲ့ ပြဿနာတွေမှာ အံမဝင်ဘူးလို့ အနောက်နိုင်ငံတွေက ယူဆကြပါတယ်။
အခုလို အခြေအနေကြောင့် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး မပြေမလည် ဖြစ်လာတဲ့ တရုတ်နိုင်ငံရဲ့ အနေအထားကို အိန္ဒိယက အသုံးချပြီး တရုတ်ကို ရင်ဆိုင်လို့ရပြီး လက်တွေ့မှာလည်း တရုတ်ကို ရင်ဆိုင်ပြမှုကြောင့် အိန္ဒိယပြည်တွင်းမှာ အမျိုးသားရေးဝါဒ တိုးလာတာကို တွေ့ရပါတယ်။
လက်တွေ့မှာ စီးပွားရေးနဲ့ နယ်နိမိတ်အရ နက်နက်ရှိုင်းရှိုင်း ဆက်စပ်နေတဲ့ ဒီနှစ်နိုင်ငံအနေနဲ့ နောက်ထပ် စစ်ရေး ထိပ်တိုက်တွေ့မှုတွေ ဖြစ်လာမှာကို မလိုလားကြဘူးလို့ ယူဆရပါတယ်။
တရုတ်-အိန္ဒိယ ဆက်ဆံရေးဟာ ရေရှည်မှာတော့ စီးပွားရေးနဲ့ လူဦးရေ တိုးတက်လာတဲ့ အပြိုင်အဆိုင် အခြေအနေကြောင့် မကျေလည်မှုတွေ ရှိလာဦးမှာ ဖြစ်ပြီး ဒီအခြေအနေက အာရှဒေသတွင်းသာမက တကမ္ဘာလုံးကိုပါ ရိုက်ခတ်မှုတွေ ရှိလာနိုင်ပါတယ်။








