အာယာ ဆိုဖီယာကို ဗလီအဖြစ် ပြန်ပြောင်းလဲလိုက်တဲ့ အငြင်းပွားစရာအရေး

ရေးသားခဲ့သည်။

ဝတ်ပြုတဲ့ဖျာလေးတွေနဲ့အတူ အာယာဆိုဖီယာ ဖွင့်မှာကို အပြင်ကစောင့်နေကြတဲ့ မွတ်စလင်တွေ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဝတ်ပြုတဲ့ဖျာလေးတွေနဲ့အတူ အာယာဆိုဖီယာ ဖွင့်မှာကို အပြင်ကစောင့်နေကြတဲ့ မွတ်စလင်တွေ

ကုလသမဂ္ဂက ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ် သတ်မှတ်ထားပြီး ပြတိုက်အဖြစ်ထားခဲ့ကြတဲ့ အီစတန်ဘူရ်မြို့က အာယာ ဆိုဖီယာ (Hagia Sophia) ကို တူရကီအာဏာပိုင်တွေက ဗလီအဖြစ်ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ကြကာ သောကြာနေ့မှာ ဖွင့်လှစ်လိုက်တာမို့ ဝတ်ပြုလာတဲ့သူတွေ စုဝေးရောက်ရှိလာခဲ့ပါတယ်။

"မွတ်စလင်တွေ သိပ်ကိုစိတ်လှုပ်ရှားနေကြပါတယ်၊ လူတိုင်းက (ဗလီ) ဖွင့်ဖွင့်ချင်းကို လာချင်ကြတာ" လို့ အီစတန်ဘူရ်မြို့ အုပ်ချုပ်ရေးမှူး အလီ ယာလီကာရာက ကြာသပတေးနေ့တုန်းက ပြောပါတယ်။

နှစ်ပေါင်း ၁၅၀၀ သက်တမ်းရှိပြီဖြစ်တဲ့ ယူနက်စကို အသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ် ဒီ အဆောက်အအုံနေရာကို ၁၉၃၄ ကတည်းက ပြတိုက်အဖြစ်ထားခဲ့ကြတာပါ။

ဒါပေမဲ့ တူရကီ တရားရုံးတော်က အဲဒီ ပြတိုက်ဆိုတဲ့ ဂုဏ်ပုဒ်ကို ဖျက်သိမ်းခဲ့ကာ ဥပဒေကြောင်းအရ ဗလီကလွဲလို့ တခြားဟာ သတ်မှတ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ဆိုခဲ့ပါတယ်။

တူရကီ သမ္မတ ရာဂျစ် တယ်ရစ် အာဒိုဝန်က အဲဒီအချိန်ကတည်းက ဇူလိုင် ၂၄ ရက်က စလို့ အာယာ ဆိုဖီယာဟာ သောကြာနေ့ ဝတ်ပြုသူတွေအတွက် အဆင်သင့်ဖြစ်ပြီလို့ ကြေညာခဲ့တာပါ။ သူကိုယ်တိုင်လည်း ဗလီစဖွင့်တဲ့ သောကြာနေ့ ဒေသစံတော်ချိန် နေ့လယ်ပိုင်းလောက်မှာ ဝတ်ပြုသူတွေနဲ့ အတူရှိနေခဲ့ပါတယ်။

ဗလီထဲကို ဝင်ရင် လုံခြုံရေး စစ်ဆေးတာကိုခံရမှာဖြစ်ပြီး တစ်ကြိမ်မှာ လူ ၁၀၀၀ သာဝင်ခွင့်ပြုတာဖြစ်လို့ တခြားသူတွေက အပြင်မှာနေကာ ဖျာလေးတွေပေါ် ထိုင်ပြီး ဝတ်ပြုကြရပါတယ်။

မစ္စတာ အာဒိုဝန်က အာယာ ဆိုဖီယာကို မွတ်စလင်တွေ၊ မွတ်စလင်မဟုတ်သူတွေ၊ ဧည့်သည်တွေအတွက် ဖွင့်ပေးထားမယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, REUTERS

ဓာတ်ပုံ ပုံစာ, မစ္စတာ အာဒိုဝန်က အာယာ ဆိုဖီယာကို မွတ်စလင်တွေ၊ မွတ်စလင်မဟုတ်သူတွေ၊ ဧည့်သည်တွေအတွက် ဖွင့်ပေးထားမယ်လို့ဆို

ဒီလို ဗလီအဖြစ် သတ်မှတ်လိုက်မှုကို ကမ္ဘာ့အနှံ့အပြားက ဘာသာရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေက ဝေဖန်ခဲ့ကြပါတယ်။

အာယာ ဆိုဖီယာကို တည်ဆောက်စဥ်က အော်သိုဒေါက် ခရစ်ယာန် ဘုရားရှိခိုးကျောင်းတော်ကြီး အဖြစ်တည်ထားခဲ့ကြပါတယ်၊ အဲဒီကနေ နှစ်ပေါင်း ၉၀၀ လောက်အကြာမှာ အော်တိုမန်တို့ သိမ်းပိုက်နိုင်ခဲ့ပြီး ဗလီအဖြစ် ပြောင်းလဲခဲ့ကြပါတယ်။

သမိုင်းဝင်ဒီနေရာရဲ့ အထဲကိုဝင်ဖို့ လူတွေက စိတ်အားတက်ကြွစွာနဲ့ လာရောက်စုဝေးနေကြချိန်မှာပဲ ဒီအဖြစ်ကိုကြည့်ပြီး လူတိုင်းပျော်ရွှင်နိုင်ကြတာတော့ မဟုတ်ပါဘူး။

နှစ်ပေါင်း ၈၆ နှစ်အကြာ ပြတိုက်အဖြစ် သတ်မှတ်ထားခဲ့ရာကနေ ဗလီ အဖြစ် ပြန်ပြောင်းလဲလိုက်တာဟာ အစိုးရက ဘာသာရေးထက် နိုင်ငံရေးအမြတ်အတွက် လုပ်တာလို့ ဘာသာရေးနဲ့ နိုင်ငံရေးကို မရောယှက်တဲ့ တူရကီ အတိုက်အခံပါတီက မြင်ပါတယ်။

ဝတ်ပြုဖို့ အထဲနေရာမှာ ဘယ်လိုတွေ့ရလဲ

ကြာသပတေးနေ့က ရုပ်မြင်သံကြားကတစ်ဆင့်ပြောတဲ့ မိန့်ခွန်းထဲမှာ အုပ်ချုပ်ရေးမှူး ယာလီကာရာက သောကြာနေ့ဝတ်ပြုလာမယ့်သူတွေ "နှာခေါင်းစည်းတွေ တပ်လာဖို့၊ ဝတ်ပြုတဲ့ဖျာတွေယူလာဖို့ နဲ့ စိတ်ရှည်ပြီး နားလည်မှုပေးဖို့" ထည့်သွင်းပြောပြီး ကိုဗစ် - ၁၉ ပျံ့နှံ့မှုကို တားဆီးရေးမှာ ကူညီပေးကြဖို့ ပန်ကြားခဲ့ပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေကိုလည်း နေရာချထားပေးမယ့်အကြောင်းလည်း သူထည့်ပြောခဲ့ပါတယ်။

အာယာ ဆိုဖီယာ အတွင်းမှာ တစ်ကြိမ်ကို လူ ၁၀၀၀ သာ လက်ခံနေရာပေးနိုင်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အာယာ ဆိုဖီယာ အတွင်းမှာ တစ်ကြိမ်ကို လူ ၁၀၀၀ သာ လက်ခံနေရာပေးနိုင်

အတွင်းမှာတော့ ကြမ်းပြင်တွေမှာ စိမ်းပြာရောင်ကော်ဇောတွေခင်းကာ ဝတ်ပြုလာသူတွေအတွက် အဆင်ပြေလောက်လုပ်ပေးထားပါတယ်၊ ခရစ်ယာန်အမွေအနှစ်ဆိုင်ရာတွေကိုတော့ ခန်းဆီးရှည်တွေနဲ့ ချထားတာမျိုး၊ အလင်းရောင်မပေးဘဲ မှိန်နေအောင်လုပ်တာမျိုးနဲ့ ကာပေးထားကြပါတယ်။

တူရကီရဲ့ ဘာသာရေးဌာန အကြီးအကဲလည်း ဗုဒ္ဓဟူးနေ့က ကော်ဇောခင်းချိန်မှာ ရောက်လာခဲ့

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, တူရကီရဲ့ ဘာသာရေးဌာန အကြီးအကဲလည်း ဗုဒ္ဓဟူးနေ့က ကော်ဇောခင်းချိန်မှာ ရောက်လာခဲ့

အမိုးခုံးကြီးအတွင်းမှာ သံငြမ်းစင်တွေလုပ်ထားပြီး ဆောက်လုပ်ရေးသမားတွေက ရှေးဟောင်းအဆောက်အအုံ အတွင်းပိုင်းကို ပြောင်းလဲသွားအောင် ကသုတ်ကရက်လုပ်ခဲ့ရပုံပါ၊ ဗလီအဖြစ် စဖွင့်တဲ့ သောကြာနေ့မှာ အဲဒီ သံငြမ်းစင်တွေကို အနီစတွေနဲ့ကာရံထားခဲ့ရပါတယ်။

အာဟာ ဆိုဖီယာ အတွင်းပိုင်းကပုံတွေကို အီစတန်ဘူရ် အုပ်ချုပ်ရေးမှူးက တွစ်တာမှာ သောကြာနေ့က တင်ထားခဲ့

ဓာတ်ပုံ ရင်းမြစ်, ALI YERLIKAYA

ဓာတ်ပုံ ပုံစာ, အာဟာ ဆိုဖီယာ အတွင်းပိုင်းကပုံတွေကို အီစတန်ဘူရ် အုပ်ချုပ်ရေးမှူးက တွစ်တာမှာ သောကြာနေ့က တင်ထားခဲ့

မွတ်စလင်လို့ ဝတ်ပြုချိန်မှာ အလင်းမပေးဘဲ မှိန်ချထားတဲ့ ရောင်စုံကျောက်တွေ၊ ရောင်စုံဖန်သားတွေနဲ့ လုပ်ထားတဲ့ ခရစ်ယာန်လက်ရာ မိုးဇက် (mosaics) တွေထဲမှာ ၉ ရာစုတုန်းက မယ်တော် မာရီ (Virgin Mary) နဲ့ ယေရှု (Jesus) တို့ကို ပုံဖော်ထားတာတွေလည်း ပါဝင်မှာပါ။

မယ်တော် မာရီ (Virgin Mary) နဲ့ ယေရှု (Jesus) တို့ကိုပုံဖော်ထားတဲ့ မိုးဇက် (mosaics) ကြီးတွေဟာ ဘိုင်ဇန်တိုင်း ဘုရားရှိခိုးကျောင်းတော်ကြီးမှာ အထင်ကရဖြစ်

ဓာတ်ပုံ ရင်းမြစ်, REUTERS

ဓာတ်ပုံ ပုံစာ, မယ်တော် မာရီ (Virgin Mary) နဲ့ ယေရှု (Jesus) တို့ကိုပုံဖော်ထားတဲ့ မိုးဇက် (mosaics) ကြီးတွေဟာ ဘိုင်ဇန်တိုင်း ဘုရားရှိခိုးကျောင်းတော်ကြီးမှာ အထင်ကရဖြစ်

ဘာကြောင့် အာဒိုဝန်ရဲ့ လုပ်ဆောင်မှုက အငြင်းပွားဖွယ် ဖြစ်ရတာလဲ

တူရကီက အစ္စလာမ်မစ် အဖွဲ့တွေ၊ ဘာသာတရားကို ကိုင်းရှိုင်းတဲ့ မွတ်စလင်တွေက အာယာ ဆိုဖီယာကို ဗလီအဖြစ်ပြန်လုပ်ဖို့ တောင်းဆိုနေကြတာ ဟိုးအရင်ကတည်းက ဖြစ်သလို၊ ဘာသာရေးနဲ့ နိုင်ငံရေးကို မရောထွေးလိုတဲ့ နိုင်ငံရေးသမားတွေကလည်း အဲဒီလို ပြန်ပြောင်းမှာကို ဆန့်ကျင်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့က သမ္မတ အာဒိုဝန်က ဒီအပြောင်းအလဲ အဆုံးအဖြတ်ကို ကြေညာလိုက်တဲ့နောက် ဝေဖန်တာတွေ ကျယ်ကျယ်လောင်လောင်နဲ့ နေရာအနှံ့က ထွက်လာခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀ က တည်ဆောက်ခဲ့တဲ့ အာယာ ဆိုဖီယာ ကျောင်းတော်ကြီးကို ၁၄၅၃ ခုနှစ်မှာ ဗလီအဖြစ် ပြောင်းလဲခဲ့ဖူးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, REUTERS

ဓာတ်ပုံ ပုံစာ, လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀ က တည်ဆောက်ခဲ့တဲ့ အာယာ ဆိုဖီယာ ကျောင်းတော်ကြီးကို ၁၄၅၃ ခုနှစ်မှာ ဗလီအဖြစ် ပြောင်းလဲခဲ့ဖူးပါတယ်။

အဲဒီအပြောင်းအလဲလုပ်မှုအပေါ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က "အီစတန်ဘူရ်ကို အတွေးတွေရောက်သွားတယ်" (သူတို့အခေါ်) ဆန်တာ ဆိုဖီယာ အကြောင်းကို စဉ်းစားလိုက်ရင်၊ သိပ်ကိုနာနာကျင်ကျင် ခံစားရတယ်" လို့ တုံ့ပြန်မိန့်ကြားခဲ့ပါတယ်။

အရှေ့ အော်သိုဒေါက် ဘုရားကျောင်း (Eastern Orthodox Church) ရဲ့ အကြီးအကဲ ဘုန်းတော်ကြီး ဘာသိုလိုမြူးက ဒီအဆောက်အဦကို ပြောင်းလဲသတ်မှတ်တာဟာ "သန်းပေါင်းများစွာသော ခရစ်ယာန်တွေကို စိတ်ပျက်စေလိမ့်မယ်" လို့ ဆိုသလို အသိုင်းအဝိုင်း နှစ် ခု အကြား အက်ကွဲကြောင်းတွေဖြစ်လာလိမ့်မယ်လို့လည်း ပြောပါတယ်။

ခရစ်ယာန်ဘုရားရှိခိုးကျောင်းများဆိုင်ရာ ကမ္ဘာ့ကောင်စီ (The World Council of Churches) ကလည်း ဒီအဆုံးအဖြတ်ဟာ ကွဲပြားမှုတွေကို မျိုးစေ့ချပေးလိုက်တာလို့ သတိပေးပါတယ်။

ယူနက်စကို (Unesco) က အခု လုပ်ဆောင်မှုကြောင့် စိတ်ထိခိုက်ရကြောင်းပြောပြီး အော်သိုဒေါက် ဘာသာဝင်တွေ သန်းနဲ့ချီပြီးနေထိုင်ကြတဲ့ (တူရကီ) အိမ်နီးချင်း ဂရိနိုင်ငံနဲ့ တင်းမာမှုတွေ တိုးလာနိုင်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ မစ္စတာ အာဒိုဝန်ကတော့ သူ့နိုင်ငံဟာ သူ့အချုပ်အခြာအာဏာပိုင်မှု အခွင့်အရေးအရ ကျင့်သုံးလုပ်ဆောင်တာသာဖြစ်တယ်လို့ ဆိုပါတယ်။

"နှစ်ပေါင်း ၈၆ နှစ်ကြာလာပြီးတဲ့နောက်မှာ အာယာ ဆိုဖီယာဟာ ဗလီအဖြစ် ထားရမှာပါ၊ အီစတန်ဘူရ်ကို အောင်မြင်သိမ်းပိုက်တဲ့ (အော်တိုမန် ဧကရာဇ်) ဖာတီယာရ် ရဲ့ လုပ်ဆောင်မှုကလည်း ဒီလိုလုပ်ဖို့ကိုပဲ ညွှန်ပြခဲ့တာ" လို့ သူက ဆိုပါတယ်။

သူက ဒီ အဆောက်အအုံ ကို မွတ်စလင်၊ မွတ်စလင်မဟုတ်သူ၊ နိုင်ငံခြားသား ခရီးသည် စတဲ့ လူအားလုံးကို ဖွင့်ပေးထားမှာလို့လည်း ထပ်ဖြည့်ပြောပါတယ်။

တူရကီနိုင်ငံသား အများအပြားကတော့ ဒီအပေါ်မှာ သံသယရှိပါတယ်၊ အာဒိုဝန်နဲ့ အရင်တုန်းက မဟာမိတ်အဖြစ်လက်တွဲခဲ့တဲ့ အလီ ဘာဘာကန်က "တခြား ပြဿနာတွေကို ဖုံးကွယ်ထားချင်လို့ ဒီ အာယာ ဆိုဖီယာ အရေးကို လုပ်လာတာ" လို့ ဆိုပါတယ်။

စာရေးဆရာ အော်ဟန် ပမ်မွတ်ခ် ဒီလ အစောပိုင်းက ဘီဘီစီကို ပြောရာမှာ ဗလီ အဖြစ်ပြန်လုပ်တာက တူရကီဟာ နောက်ဘယ်တော့မှ ဘာသာရေးမနွယ်တဲ့ နိုင်ငံ မဟုတ်တော့ဘူးဆိုတာကို ပြတဲ့ လက္ခဏာပဲလို့ ဆိုပါတယ်။

ဘာသာရေးမရောယှက်တဲ့ နိုင်ငံရေးပါတီ ရီဘတ်ပလီကန် ပြည်သူ့ပါတီ ရဲ့ ဥက္ကဋ္ဌ ခမဲလ် ကီလစ်ဒါရိုဂလူက သမ္မတဟာ ပြည်တွင်းကသူ့ထောက်ခံမှုကို စိုးရိမ်နေတယ်လို့ ဆိုပါတယ်။ ဇူလိုင်လအတွင်းက လုပ်ခဲ့တဲ့ လူထုစစ်တမ်းတစ်ခုမှာ ၄၃% သော တူရကီတွေက ဒီလှုပ်ရှားမှုဟာ တိုင်းပြည်တွင်းက စီးပွားရေးအခက်အခဲတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတဲ့ ဆွေးနွေးမှုတွေကို ရှောင်ရှားဖို့ လုပ်တာလို့ မြင်ကြပါတယ်။

သမိုင်းက ဘာလဲ

အမိုးခုံးကြီးနဲ့အတူ ဂုဏ်ဒြပ်တွေအများအပြားနဲ့ ကျော်ကြားလှတဲ့ ဒီအဆောက်အအုံကြီးဟာ အီစတန်ဘူရ်ရဲ့ ဖာတီယာရ် ခရိုင်အတွင်းက ဘော့စပိုးရပ်မြစ် အနောက်ဘက်ကမ်းမှာ မှာတည်ရှိပြီး Golden Horn ဆိပ်ကမ်းကို အပေါ်ကမိုးကြည့်လို့ပါ။

အာယာ ဆိုဖီယာ ဘုရားရှိခိုးကျောင်းကြီးကို သက္ကရာဇ် ၅၃၇ ခုနှစ်အတွင်းမှာ ဘိုင်ဇန်တိုင်း ဧကရာဇ် ဂျတ်စတင်နီးယန်း (Justinian) ကိုတည်ဆောက်ခဲ့တာဖြစ်ပြီး ဒီအဆောက်အအုံရဲ့ ရှုပ်ထွေးများမြောင်လှတဲ့သမိုင်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀ လောက်ကတည်းက စတင်ခဲ့တာပါ။

အာယာ ဆိုဖီယာ ရဲ့ နံရံတွေပေါ်က ကျောက်ရောင်စုံချယ်ပုံ (မိုးဇက်) ပုံတွေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အာယာ ဆိုဖီယာ ရဲ့ နံရံတွေပေါ်က ကျောက်ရောင်စုံချယ်ပုံ (မိုးဇက်) ပုံတွေ

၁၄၅၃ မှာ ဘိုင်ဇန်တိုင်းတို့ရဲ့ အဲဒီတုန်းက ကွန်စတန်တီနိုပဲလ် (Constantinople) နဲ့ အဲဒီမြို့က အာယာ ဆိုဖီယာကျောင်းတော်ကြီးကို အော်တိုမန် ဆူလတန် မာမက် ၂ (Ottoman Sultan Mehmed II) က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အဲဒီ အော်သိုဒေါက် ခရစ်ယာန် ဘုရားရှိခိုးကျောင်းကြီးကို ဗလီအဖြစ် ပြောင်းလဲခဲ့ပါတယ်။

ကျောင်းတော်ကြီးအပြင်မှာ ဗလီမျှော်စင် ၄ ခု ကို တည်ဆောက်ခဲ့ပြီး ခရစ်ယာန်နဲ့ ပတ်သက်တဲ့ ဆေးရေးပန်းချီတွေ၊ ရွှေရောင် ကျောက်စီ မိုးဇက်တွေကို အာရေဗျ ဘာသာရေး စာလုံးတွေနဲ့ အပေါ်ကဖုံးပြီး မွမ်းမံပြောင်းလဲခဲ့ပါတယ်။

မွတ်စလင် အော်တိုမန် အင်ပါယာခေတ် ကုန်ဆုံးပြီးနောက်ပိုင်း ဘာသာရေးမနွှယ်တဲ့ နိုင်ငံတစ်ခုအဖြစ် နေချင်ကြတဲ့ တူရကီတို့က ၁၉၃၄ ခုနှစ်မှာ အာယာ ဆိုဖီယာကို ပြတိုက်အဖြစ်ထားလိုက်ကြပါတယ်။

အဲဒီအချိန်ကတည်းက အာယာ ဆိုဖီယာဟာ နိုင်ငံခြားသားခရီးသွားတွေအတွက် သွားအလည်ချင်ဆုံးနေရာတွေထဲက တစ်ခုဖြစ်လာခဲ့ပြီး တစ်နှစ် တစ်နှစ် ခရီးသွားပေါင်း ၃ သန်း ၇ သိန်းကျော် လာလည်ခဲ့ကြတာပါ။