ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိန္ဒိယမှာ မြွေကိုက်လို့ သေဆုံးသူပေါင်း တသန်းကျော်ရှိ
အိန္ဒိယမှာ ခန့်မှန်းခြေ လူပေါင်း ၁.၂ သန်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း မြွေကိုက်ခံရလို့ သေဆုံးခဲ့တယ်လို့ လေ့လာမှုအသစ်တခုက ဆိုပါတယ်။
အဲဒီထဲက တဝက်လောက်ဟာ အသက် ၃၀ ကနေ ၆၉ နှစ်အရွယ်ကြားရှိတဲ့လူတွေဖြစ်ပြီး အဲဒီစုစုပေါင်း သေဆုံးခဲ့သူရဲ့ လေးပုံ တပုံဟာ ကလေးတွေလို့ သုတေသီတွေက ပြောပါတယ်။
မြွေပွေး၊ မြွေဟောက်၊ ငန်းတော်ကြား စတဲ့မြွေတွေကိုက်ခံရတာကနေ သေရတာ အများဆုံးပဲလို့ဆိုပါတယ်။ တခြား မြွေမျိုးနွယ် ၁၂ မျိုး အကိုက်ခံရတာကြောင့်လည်း သေဆုံးတာတွေဖြစ်ခဲ့ပါတယ်။
မြွေကိုက်ခံရပြီးပြီးချင်း ကျန်းမာရေးစောင့်ရှောက်မှု မြန်မြန်ဆန်ဆန် မရနိုင်တဲ့နေရာတွေမှာ သေတာတွေ ပိုများပါတယ်။
ဇွန်လနဲ့ စက်တင်ဘာလကြား မိုးရာသီတွေမှာ မြွေတွေ အထွက်များတတ်ပြီး မြွေကိုက်လို့ သေဆုံးတာတွေရဲ့ ထက်ဝက်လောက်က အဲဒီကာလတွေအတွင်းဖြစ်တာပါ။ အများဆုံး အကိုက်ခံရတဲ့နေရာကတော့ ခြေထောက်ပိုင်းတွေမှာပါ။
လူတိုင်းကြည့်နိုင်တဲ့ eLife အွန်လိုင်း ဂျာနယ်မှာ ဖော်ပြထားတဲ့ ဒီလေ့လာချက်ကို အိန္ဒိယနဲ့ နိုင်ငံတကာက ထိပ်တန်း ကျွမ်းကျင်ပညာရှင်တွေက လုပ်ဆောင်ခဲ့ကြတာပါ။
မြွေပွေး (Russell's viper) ဟာ ရန်လိုတဲ့ မြွေဖြစ်ပြီး အိန္ဒိယနဲ့ တောင်အာရှဒေသတွေမှာ အများအပြားတွေ့ရပါတယ်။ ကြွက်တွေကို စားသုံးတဲ့ ဒီမြွေကို မြို့မှာရော တောမှာပါ လူတွေနေထိုင်ရာနဲ့ အနီးအနားတွေမှာ တွေ့ရတတ်ပါတယ်။
အိန္ဒိယ ငန်းတော်ကြားမြွေဟာ နေ့ဘက်တွေမှာ ငြိမ်ခွေနေလေ့ရှိပြီး ညဘက်မှာဆိုရင်တော့ ရန်လိုတတ်တဲ့ မြွေမျိုးပါ။ အဲဒီ အကောင်က ၅ ပေ ၉ လက်မ လောက်ထိ ရှည်တတ်ပါတယ်။
မြွေဟောက်ဆိုရင် ညမှောင်ချိန်ရောက်လာတဲ့အချိန်မှာ (ကိုက်) ပေါက်တတ်လေ့ရှိပါတယ်။ မြွေဟောက်အကိုက်ခံရပြီဆိုရင် လူမှာ ကိုယ်တွင်းသွေးယိုစီးတာတွေ ဖြစ်လာပြီး ကျန်းမာရေးစောင့်ရှောက်မှု အလျင်အမြန်ရဖို့ လိုအပ်ပါတယ်။
မိုးတွင်းကာလ ရွာတွေမှာ ဒီမြွေကိုက်ခံရတဲ့ ပြဿနာကို ကြီးကြီးမားမား ကြုံရတယ်ဆိုတာကို ဒီလေ့လာချက်က တွေ့ရှိထားပါတယ်။
သူတို့က မြွေကိုက်လို့ သေတာအများဆုံးဖြစ်နေတဲ့ အိန္ဒိယက ပြည်နယ် ၈ ခုကိုလည်း ဖော်ပြထားပါတယ်။
ရိုးရှင်းတဲ့ နည်းလမ်းတွေသုံးဖို့ ပညာပေးတာတွေကို အဲဒီ ဒေသတွေမှာ အာရုံစိုက် ပစ်မှတ်ထား လုပ်ဆောင်ဖို့ လိုတယ်လို့ အဲဒီ သုတေသီတွေက ပြောပါတယ်။
ဥပမာ - ရာဘာ ဘွတ်ဖိနပ်ရှည်၊ ရာဘာ လက်အိတ်၊ ဓာတ်မီး စတာတွေ သုံးစွဲတာက မြွေကိုက်ခံရမယ့် အန္တရာယ်ကို လျှော့ချနိုင်မယ်လို့ သူတို့ ထောက်ပြပါတယ်။
မြွေကိုက်တာဟာ အခု "ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ဦးစားပေး" တခုဖြစ်လာပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဆိုပါတယ်။
လျစ်လျူရှုထားတာခံရတဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ ဒီမြွေကိုက်ခံရတာကြောင့်ဖြစ်လာတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ပါဝင်တယ်လို့ လည်း WHO က ပြောပါတယ်။
ကမ္ဘာတဝန်းမှာ နှစ်စဉ် လူပေါင်း ၈၁, ၀၀၀ ကနေ ၁၃၈, ၀၀၀ ယောက်အထိ မြွေကိုက်ခံရတာကြောင့် သေဆုံးနေကြပြီး အဲဒီအရေအတွက်ထက် ၃ ဆ များတဲ့သူတွေဟာ မြွေကိုက်ခံရတာကြောင့် မသေဆုံးပေမဲ့ တသက်လုံး မသန်စွမ်းဖြစ်တဲ့အထိ ကိုယ်အင်္ဂါထိခိုက်ခံရတာတွေ ဖြစ်နေပါတယ်။