ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
“လက်ကိုတူကြီးနဲ့ ထုခံလိုက်ရသလိုပါပဲ” - မြွေအကိုက်ခံပြီး အသက်ကယ်ဆေးထုတ်ဖို့ ကြိုးစားနေသူတွေ
- ရေးသားသူ, ကျူးလစ်မဇွန်းဒါး
- ရာထူးတာဝန်, ဘီဘီစီကျန်းမာရေး သတင်းထောက်
- ရေးသားခဲ့သည်။
ဒေးဗစ်ဝီလျံဟာ မြွေကိုက်တာ ခြောက်ကြိမ်တောင် ခံခဲ့ရသူပါ။
"ပထမဆုံးအကြိမ်ကတော့ တော်တော်ကြောက်မိတယ်၊ ဘာဖြစ်လာမယ်ဆိုတာလည်း သိမထားဘူးလေ. ကျွန်တော့်လက်ကို တူကြီးတစ်ခုနဲ့ ထုချလိုက်သလိုပါပဲ" လို့သူက ပြောပြပါတယ်။
"နောက်ဆုံး အကိုက်ခံရတုန်းကတော့ သေလောက်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့မှာ အရေးပေါ် ဆေးအိတ်တွေ ဆောင်လာခဲ့လို့ အချိန်မီတော့ ကုသလိုက်နိုင်ပါတယ်"
ဒေါက်တာဝီလျံဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက မြွေကိုက်မှုကုသရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးပါ။ သူဟာ မြွေဆိပ်ဖြေဆေးထုတ်ဖို့ ကမ္ဘာတလွှားခရီးလှည့်ပြီး မြွေရဲ့ အဆိပ် နမူနာတွေကို လိုက်စုနေသူပါ။ သူရောက်သွားတဲ့ နေရာတွေမှာ မြွေကိုက်ခံရသူ အများစုဟာ သူ့လို အသက်ကယ်ဖို့ ဆေးအဆင်သင့် ရှိမနေကြသူတွေပါလို့ သူက ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတော့ မြွေကိုက်တာဟာ လူတွေ သိပ်သတိမထားမိကြတဲ့ ကမ္ဘာရဲ့ အကြီးမားဆုံးသော ကျန်းမာရေးအကျပ်အတည်းကြီး တစ်ခု ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ လေးမိနစ်တိုင်းမှာ လူတစ်ယောက်လောက် မြွေကိုက်လို့ အသက်ဆုံးနေရတယ်လို့ ဆိုပါတယ်။ လူပေါင်း သောင်း သိန်းချီပြီးလည်း ဒဏ်ရာကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်ကုန်ပြီး အတော်များများဆိုလည်း ခြေလက် ဖြတ်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
မြွေကိုက်တာကို အာဖရိက၊ အာရှနဲ့ လက်တင်အမေရိကက အဆင်းရဲဆုံးဒေသတွေက အဆင်းရဲဆုံး လူ့အသိုင်းအဝိုင်းတွေမှာ ခံစားနေကြရပါတယ်။ လယ်သမားတွေဟာ နေ့စဉ် မြွေအန္တရာယ်နဲ့ ရင်ဆိုင်နေကြရတာပါ။ ကိုယ့်နေ့စဉ်အလုပ်အတွက် လယ်ထဲ ယာထဲ ဆင်းရင်း သီးနှံပင်တွေကြားမှာ ခိုအောင်းနေတတ်တဲ့ အဆိပ်အပြင်းဆုံးမြွေတွေနဲ့ ကြုံကြရတတ်ပါတယ်။
အဲဒီ လယ်တောထဲမှာပဲ ကလေးတွေလည်း မြွေအန္တရာယ်နဲ့ ကြုံရတတ်ကြပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ ယူကေက Wellcome Trust တို့က ဒီပြဿနာကို တိုက်ဖျက်ဖို့ မြွေဆိပ်ဖြေဆေးအသစ်တွေ ဖော်ဖို့ စီစဉ်နေပါတယ်။ Wellcome Trust က ကုထုံးသစ်တွေ ဖော်ဖို့နဲ့ မြွေဆိပ်ဖြေဆေးတွေကို လူတွေ ပိုပြီး လက်လှမ်းမီနိုင်ဖို့ အတွက် ဒေါ်လာသန်း၈၀ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း ၂၀၃၀ အရောက်မှာ မြွေကိုက်လို့ အသက်ဆုံးရသူ၊ ဒုက္ခိတဖြစ်ရသူ အရေအတွက်ကို ထက်ဝက်အထိ လျှော့ချနိုင်ဖို့ အစီအစဉ်ကို ထုတ်ပြန် ကြေညာဖို့ စီစဉ်နေပါတယ်။
ကမ္ဘာပေါ်က အဆင်းရဲဆုံး လူတွေအတွက် မြွေဆိုးအန္တရာယ်က ကာကွယ်နိုင်ဖို့ အင်မတန်အရေးကြီးတဲ့ ကဏ္ဍတစ်ခုကို စတင်နေပါပြီလို့ ဒေါက်တာဝီလျံက ပြောပါတယ်။
လူတော်တော်များများက ဆင်းရဲတွင်းနက်နေကြပြီးချိန်မှာ မြွေကိုက်ခံရရင် အသက်မသေရင်တောင်မှ ဆင်းရဲဒုက္ခရောက်ပြီး ကြွေးတင်ရတဲ့ အဖြစ်ထဲ ထပ်ရောက်သွားကြရတယ်လို့ သူက ပြောပါတယ်။
မြွေကိုက်ခံရမှုနဲ့ ပတ်သက်တဲ့ အချက်အလက်များ
- နှစ်စဉ် မြွေကိုက်ခံရလို့ သွေးထဲကို မြွေဆိပ်ရောက်သွားသူပေါင်း နှစ်သန်းခုနစ်သိန်းရှိပါတယ်။
- နှစ်စဉ် လူပေါင်း ၈၁,၀၀၀ က ၁၃၈,၀၀၀ အထိ အသက်ဆုံးကြပါတယ်။
- လူပေါင်း လေးသိန်းလောက်ဟာ တစ်သက်တာ မသန်မစွမ်းဖြစ်သွားကြပါတယ်။
- မြွေဆိပ်ကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းအလိုက် မသန်စွမ်းဖြစ်တာ၊ ကျောက်ကပ်နဲ့ အသည်း အလုပ်မလုပ်တော့တာ၊ အသက်ဆုံးသည်အထိ သွေးထွက်လွန်တာ၊ နောက် ခြေ၊လက်ဖြတ်ရတာမျိုး ဖြစ်နိုင်ပါတယ်။
ရင်းမြစ်: ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး
မြွေကိုက်ခံရရင် အသက်အန္တရာယ်အထိ စိုးရိမ်ရပေမယ့် တကယ်တော့ မြွေကိုက်တာဟာ ကုသလို့ရပါတယ်။ Wellcome အဖွဲ့ရဲ့ သိပ္ပံဆိုင်ရာဒါရိုက်တာ ပါမောက္ခမိုက်တာနာက သင့်တော်တဲ့ မြွေဆိပ်ဖြေဆေးကိုသာ ရခဲ့ရင် အကိုက်ခံရသူဟာ အသက်ရှင်ဖို့ အခွင့်အလမ်း အများကြီးရှိတယ်လို့ ဆိုပါတယ်။
လူတွေကို မြွေကိုက်ခံရနိုင်တဲ့ အလားအလာက ပျောက်သွားမှာ မဟုတ်ပေမယ့် ဒီလောက် လူအများကြီး အသက်ဆုံးနေတာမျိုးကတော့ မဖြစ်သင့်ဘူးလို့ သူက ပြောပါတယ်။
Wellcome Trust ကပဲ မြွေဆိပ်ဖြေဆေးထုတ်လုပ်ရေး လုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒေါက်တာ ဖိလစ် ပရိုက်စ်က မြွေကိုက်တာကို ကုသတဲ့လုပ်ငန်းမှာ အဆင့်ဆင့် အားနည်းမှုတွေ ရှိပါတယ်လို့ ပြောပါတယ်။
"ကုသမှုတွေက စျေးကြီးတယ်၊ လိုတဲ့လူတွေကလည်း စရိတ်မတတ်နိုင်ဘူး၊ တချို့ အချိန်မှာလည်း ကိုက်ခံရသူတွေက ဆေးရုံကို အချိန်မီ မရောက်နိုင်ကြဘူး။"
ဆေးရုံကို ရောက်ခဲ့ရင်တောင် တချို့ ဒေသတွေမှာ ဆရာဝန်တွေက လုံလောက်တဲ့ လေ့ကျင့်သင်ကြားမှုရထားသူတွေ မဟုတ်သလို၊ မြွေကိုက်တာကို ကုသနိုင်တဲ့ ကုထုံးနဲ့ ဆေးဝါးတွေလည်း မရှိကြတာမျိုး ကြုံရတတ်ပါတယ်။
ဒါကြောင့် တချို့ဒေသတွေမှာဆို လူတွေက ရိုးရာဆေးဆရာတွေကို အားကိုးကြပါတယ်။ ဒါကြောင့် မြွေကိုက်တဲ့ ပြဿနာကို လူအများက ပြဿနာကြီးလို့တောင် တချို့ နိုင်ငံတွေမှာ မထင်ကြဘဲ ဖြစ်တတ်ကြတယ်လို့ ဒေါက်တာပရိုက်စ်က ပြောပါတယ်။
မြွေကိုက်တာကို ဘယ်လို ကုသပါသလဲ။
မြွေဆိပ်ဖြေဆေးထိုးကုသတဲ့နည်းကတော့ အသုံးပြုလာတာ နှစ်ပေါင်း ၁၀၀ ကျော်ပါပြီ။ အခုသုံးနေတဲ့ မြင်းတွေကို မြွေဆိပ်ထိုးထည့်ပြီး သူတို့ သွေးထဲက မြွေဆိပ်ဖြေဆေးထုတ်နည်းလမ်းဟာ အချိန်ကြာပြီး ငွေကြေးလည်း အကုန်အကျ များပါတယ်။
ဒီလို အချိန်ကြာကြီးကတည်းက သုံးခဲ့တဲ့ နည်းလမ်းနဲ့တောင် ကမ္ဘာမှာ လိုအပ်တဲ့ အဆိပ်ဖြေဆေး ပမာဏရဲ့ သုံးပုံတစ်ပုံလောက်ပဲ ထုတ်လုပ်နိုင်ပါသေးတယ်။
မြင်းတွေကို မြွေ အဆိပ်ထိုးပေးတာ အချိန်အကြာကြီးမှာမှ နည်းနည်းလေးပဲ ပေးတာဆိုတော့ အဲလို လုပ်လို့ တိရစ္ဆာန်ကို မထိခိုက်စေပါဘူးလို့ ဒေါက်တာ ပရိုက်စ်က ပြောပါတယ်။
နောက်ဆုံးမှာ မြင်းဆီက သွေးကို ထုတ်ယူလိုက်ပါတယ်။ အဆိပ်ကို တိုက်ထုတ်တဲ့ ပဋိပစ္စည်းကို သန့်စင်ယူပါတယ်။ နောက်တော့ အဲဒီ သွေးထဲက ပဋိပစ္စည်းက မြွေဆိပ်နဲ့ ရောပြီး ယဉ်ပါးသွားပါတယ်။
အဲဒါကို လူနာကို တိုက်ရိုက်ထိုးပေးတာက အခက်အခဲ မရှိတာတော့ မဟုတ်ပါဘူး။
အခက်အခဲဆိုတာက မြွေကိုက်ခံရတဲ့ လူနာတွေဟာ နာရီတွေချီကြာ၊ နောက်နေ့ကူးပြီးမှတောင် ရောက်အောင် ကြာတဲ့ နေရာက ဆေးရုံတွေကို လာကုသခံကြရပါတယ်။ အဲလိုကြာလို့ သူတို့ ကိုယ်လက်အင်္ဂါတွေ မဆုံးရှုံးအောင်လုပ်ဖို့နဲ့ အသက်တွေ ကယ်ဖို့ အရမ်း နောက်ကျသွားပါတယ်။
နောက်ထပ် အခက်အခဲ တစ်ခုကတော့ ရှိတဲ့ မြွေဆိပ်ဖြေဆေးတိုင်းကို သူတို့အတွက် သုံးလို့မရတာပါ။
ကိုက်တဲ့ မြွေမတူရင် သုံးရတဲ့ မြွေဆိပ် ဖြေဆေးကလည်း မတူပါဘူး။
ဥပမာအားဖြင့် အာဖရိကမှာဆိုရင် ရှိတဲ့ မြွေဆိပ်ဖြေဆေး ၉၀ ရာခိုင်နှုန်းလောက်က မထိရောက်ပါဘူး။
အခုလောလောဆယ်မှာ ရှိတဲ့ မြွေဆိပ်ဖြေဆေးတွေနဲ့ သူတို့က ဘာကို တကယ်ဖြေဆေးပေးနိုင်တယ်ဆိုတာ စာရင်းလုပ်ထားတဲ့ တစ်ခုတည်းသော နိုင်ငံတကာ အဖွဲ့အစည်းရယ်လို့ မရှိပါဘူး။
ဂြိုဟ်တုနည်းပညာလို ခက်ခက်ခဲခဲမဟုတ်
အဲဒီလို အခက်အခဲတွေရှိပေမဲ့ လာမယ့် ဆယ်စုနှစ်ထဲမှာ မြွေကိုက်ခံရလို့ သေဆုံးသူ အရေအတွက်နဲ့ မြွေကိုက်ခံရလို့ ဒုက္ခိတ ဖြစ်တဲ့သူ အရေအတွက် ထက်ဝက်လျှော့ချဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ရည်မှန်းထားပါတယ်။ ဒါ သိပ်တော့ ခက်တဲ့ လုပ်ငန်းမဟုတ်ပါဘူးလို့ ဒေါက်တာ ပရိုက်စ်က ဆိုပါတယ်။
သူဟာ မြွေကိုက်ခံရသူကို ကုသတဲ့ ကုထုံးတွေတိုးတက်လာဖို့နဲ့ မြွေနဲ့ ပတ်သက်ပြီး အသိပညာပေးတဲ့ လုပ်ငန်းတွေကို ဆယ်စုနှစ်ချီပြီး လုပ်နေခဲ့သူဖြစ်ပါတယ်။ အထူးသဖြင့် ပါပူဝါနယူးဂီနီနိုင်ငံမှာ နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သူပါ။
၂၀၀၃ ခုနှစ်ကဆို ပါပူဝါနယူးဂီနီမှာ မြွေကိုက်ခံရတဲ့ ကလေး လေးယောက်မှာ တစ်ယောက် အသက်ဆုံးရတယ်။ အခုဆိုရင်တော့ အယောက် ၅၀ မှာ တစ်ယောက်ပဲ သေတော့တယ်လို့ သူက ပြောပြပါတယ်။
အသက်ဆုံးရသူ အရေအတွက်များလွန်းနေသေးတယ်ဆိုပေမယ့်လည်း အဖြေကတော့ သိပ်ကို ခက်ခဲနက်နဲတဲ့ ဂြိုဟ်တုထုတ်ရတဲ့ နည်းပညာမျိုး မဟုတ်ပါဘူးလို့ ဒေါက်တာဝီလျံကပြောပါတယ်။
"တကယ်လိုတာက အန္တရာယ်ကင်းပြီး ထိရောက်တဲ့ မြွေဆိပ်ဖြေဆေး၊ လေ့ကျင့်သင်ကြားပေးထားတဲ့ ကျန်းမာရေး လုပ်သား၊ ဒီပြဿနာကို အသိရှိရှိဖြေရှင်းနေတဲ့ လူ့အသိုင်းအဝိုင်းနဲ့ မြွေအကိုက်မခံရအောင် ဘယ်လိုနေရမယ်ဆိုတာ လေ့ကျင့်သင်ကြား ပေးထားမျိုးတွေ လိုပါတယ်။ နောက်ပြီး အကိုက်ခံရရင် ဘာလုပ် ရမယ်ဆိုတာမျိုး သိအောင် လုပ်ပေးထားရပါမယ်။"
အခုတော့ မြွေကိုက်တာလို ရှောင်လွှဲလို့ရနိုင်တဲ့ လူသတ်သမားကို ကမ္ဘာက အာရုံစိုက်လာအောင် လိုအပ်တဲ့ မီးမောင်းထိုးပြတာမျိုးတွေ လုပ်လာနိုင်ပြီလို့ သူကဆိုပါတယ်။
မေလကုန်ပိုင်း ဂျီနီဗာမှာ ကျင်းပမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ နှစ်ပတ်လည်ညီလာခံမှာ ကမ္ဘာတဝန်းမြွေကိုက်ခံရလို့ အသက်ဆုံး၊ ဒုက္ခိတရောက်ရတဲ့ အဖြစ်တွေကို လျှော့ချနိုင်မယ့် မူဝါဒ လုပ်ငန်းစဉ်ကို ကြေညာဖို့ ရှိနေပါတယ်။