သန်းကြွယ်သူဌေးဖြစ်သွားတဲ့ တန်ဇနီးယား ကျောက်တူးသမား

ရေးသားခဲ့သည်။

တန်ဇနီးယားကကျောက်တွင်းငယ်ပိုင်ရှင် တစ်ယောက်ဟာ တန်ဇနိုက်ကျောက်ရိုင်း နှစ်တုံးကို ရောင်းချပြီး နေ့ချင်းညချင်း သန်းကြွယ်သူဌေး ဖြစ်သွားပါတယ်။

နှစ်တုံးပေါင်း အလေးချိန် ၁၅ ကီလိုဂရမ်ရှိတဲ့ ကျောက်ရိုင်းတုံးတွေအတွက် တန်ဇနီးယား အစိုးရသတ္တုတွင်းဝန်ကြီးဌာနက ဒေါ်လာ ၃ ဒသမ ၄ သန်းပေး ဝယ်ယူလိုက်တာပါ။

မနက်ဖြန်မှာ ပါတီပွဲလုပ်မယ်လို့ ကျောက်တွင်းငယ်ပိုင်ရှင် ဆန်နီနူးလိုင်ဇာက ဘီဘီစီကိုပြောပါတယ်။ သူဟာ သားသမီးစုစုပေါင်း ၃၀ ကျော်ရှိတဲ့ ဖခင်တယောက်ဖြစ်ပါတယ်။

တန်ဇနိုက်ကျောက်မျက်ကို တန်ဇနီးယားနိုင်ငံမြောက်ပိုင်းမှာသာ တွေ့ရပါတယ်။ လက်ဝတ်လက်စားတွေထဲမှာ ထည့်သွင်း အလှဆင်လေ့ရှိပါတယ်။ တန်ဇနိုက်ကျောက်ဟာ ကမ္ဘာပေါ်မှာ အရှားပါးဆုံးတွေထဲက တမျိုးပါ။

ဒေသတွင်း ဘူမိဗေဒပညာရှင်တစ်ယောက်ရဲ့ ခန့်မှန်းချက်အရ နောင်နှစ်ပေါင်း ၂၀ ကြာရင် တန်ဇနိုက်ကျောက်ဟာ လုံးဝကွယ်ပျောက်ဆိတ်သုဥ်းသွားဖွယ်ရှိတယ်လို့ ဆိုပါတယ်။

တန်ဇနိုက်ကျောက်ရဲ့ ဆွဲဆောင်အားက အစိမ်း၊ အနီ၊ ခရမ်း၊ အပြာတို့ ရောယှက်နေတဲ့ သူ့ရဲ့ အလင်းအမှောင် အရောင်အသွေးတွေဖြစ်ပါတယ်။

တန်ဖိုး အနည်းအများက ရှားပါးမှုအပေါ်မူတည်ပါတယ်။ အရောင်က သိမ်မွေ့လေလေ၊ ကြည်လင်လေလေ တန်ဖိုးကြီးကြီးရလေပါပဲ။

ဆန်နီနူးလိုင်ဇာဟာ ၉ ဒသမ ၂ ကီလိုဂရမ်ရှိတဲ့ ကျောက်တစ်လုံးနဲ့ ၅ ဒသမ ၈ ကီလိုရှိတဲ့ ကျောက်တစ်လုံးကို ပြီးခဲ့တဲ့ အပတ်က တူးဖော်ရရှိခဲ့ပါတယ်။ နိုင်ငံမြောက်ပိုင်း မန်နယားရားဒေသက ကျောက်မျက်ရောင်းချပွဲတစ်ခုမှာ ဗုဒ္ဓဟူးနေ့က ရောင်းချခဲ့ပါတယ်။

အရင်ကတွေ့ခဲ့ဖူးသမျှ တန်ဇနိုက်ကျောက်မျက်တွေထဲမှာ အကြီးဆုံးက ၃ ဒသမ ၃ ကီလိုဂရမ်ပဲရှိပါတယ်။

သမ္မတဂျွန်မဂူဖူလီက ဆန်နီနူးလိုင်ဇာကို ဖုန်းဆက်ဂုဏ်ပြုခဲ့ပါတယ်။

“အသေးစားကျောက်တူးလုပ်ငန်းတွေရဲ့ အကျိုးကျေးဇူးပါပဲ။ တန်ဇနီးယားဟာ ချမ်းသာတဲ့နိုင်ငံတစ်နိုင်ငံဆိုတာ ဒါကသက်သေပြလိုက်တာပါပဲ”လို့ သမ္မတဂျွန်မဂူဖူလီကဆိုပါတယ်။

သမ္မတမဂူဖူလီဟာ ၂၀၁၅ ခုနှစ်မှာ အာဏာရခဲ့ပြီး ကျောက်မျက်တူးဖော်ရေးလုပ်ငန်းရဲ့ အမျိုးသား အကျိုးစီးပွားကို အကာအကွယ်ပြုဖို့နဲ့ အစိုးရရဲ့ဝင်ငွေကိုလည်း သတ္တုတူးဖော်ရေးလုပ်ငန်နဲ့ မြှင့်တင်ဖို့ ကတိပေးခဲ့ပါတယ်။

မီလျံနာလက်သစ်က ဘာတွေပြောသလဲ

အသက် ၅၂ နှစ်ရှိပြီဖြစ်တဲ့ ဆန်နီနူးလိုင်ဇာမှာ မိန်းမက ၄ ယောက်၊ သားသမီးက ၃၀ ကျော်ရှိပါတယ်။ အခုသူက နွားတစ်ကောင်သတ်ပြီး အောင်ပွဲခံစားသောက်ပွဲ ကျင်းပမယ်လို့ဆိုပါတယ်။

မန်နယားရားနယ်ထဲက သူ့နေရပ် ဆီမန်ဂျီရိုခရိုင်အတွက် ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့သူက စီစဥ်နေပါတယ်။

“ရှော့ပင်းမောတစ်ခုနဲ့ စာသင်ကျောင်းတစ်ကျောင်း ဆောက်ချင်ပါတယ်။ကျောင်းကို ကျွန်တော့်အိမ်နားမှာ ဆောက်ချင်ပါတယ်။ အနီးအနားမှာ ကလေးတွေကို ကျောင်းမထားနိုင်တဲ့ဆင်းရဲသားတွေ အများကြီးရှိကြလို့ပါ။”

“ကျွန်တော်က ပညာတတ်တစ်ယောက် မဟုတ်ပါဘူး။ ဒါပေမဲ့ ပရော်ဖက်ရှင်နယ်တစ်ယောက်လို လုပ်တာကိုင်တာကို သဘောကျပါတယ်။ ကျွန်တော့်သားသမီးတွေကိုလည်း စီးပွားရေးလုပ်ငန်းကို ပရော်ဖက်ရှင်နယ်ဆန်ဆန်လုပ်ကိုင်ကြစေချင်ပါတယ်။”

အခုလို ရုတ်တရက်ချမ်းသာသွားလို့ သူ့နေပုံထိုင်ပုံဟာပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ သူ့မှာရှိတဲ့နွားအကောင်ရေ ၂၀၀၀ ကိုဆက်မွေးမှာပါတဲ့။ အခုလိုချမ်းသာလာလို့ ပိုပြီး သတိထားဖို့ မလိုပါဘူးလို့လည်း ဆိုပါတယ်။

“ဒီအရပ်မှာ လုံခြုံရေးက ကောင်းပါတယ်။ ပြဿနာမရှိပါဘူး။ ညဘက်လမ်းထွက်လျှောက်ရင်တောင် ဘာပြဿနာမှ မရှိပါဘူး။”

သူ့လိုပဲ ကျောက်တွင်းတူးလုပ်ငန်းအသေးလေးတွေဟာ အစိုးရဆီက လိုင်စင်ယူပြီး တန်ဇနိုက်တူးကြတာရှိသလို ကုမ္ပဏီကြီးတွေအနားမှာ လိုင်စင်မဲ့ ကျောက်ခိုးတူးကြသူတွေလည်း ရှိပါတယ်။

ကမ္ဘာပေါ်မှာ တန်ဇနိုက်ကျောက်မျက် ထွက်တဲ့တစ်ခုတည်းသောနေရာလို့ ယုံကြည်ရတဲ့ မန်နယားရား ကျောက်မျက်နယ်မြေကို ၁၄ မိုင်ပတ်လည် ခြံစည်းရိုးခတ်ဖို့ သမ္မတမဂူဖူလီက စစ်တပ်ကို ၂၀၁၇ ခုနှစ်က အမိန့်ပေးခဲ့ပါတယ်။