ကုလလုံခြုံရေးကောင်စီ ယာယီအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ ဘယ်လိုအကြိတ်အနယ် ကြိုးစားလေ့ရှိကြသလဲ

ရေးသားခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ယာယီအဖွဲ့ဝင် ငါးနိုင်ငံ ရွေးချယ်တဲ့ ရွေးကောက်ပွဲ ပြီးခဲ့တဲ့ ဇွန်လ ၁၉ က ပြီးစီးခဲ့ရာမှာ ကင်ညာ၊ အိန္ဒိယ၊ မက္ကဆီကို၊ အိုင်ယာလန်နဲ့ နော်ဝေးတို့ အနိုင်ရခဲ့ကြပါတယ်။

အခု ရွေးကောက်မှုမှာ ကမ္ဘာ့တိုက်ကြီးများရဲ့ ဒေသအသီးသီးက ကိုယ်စားပြုနိုင်ငံတွေကို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပတဲ့ ၇၄ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက မဲပေး ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် မဲခွဲကာနီးကာလ မဲဆွယ်မှုတွေကို ဖုန်းနဲ့ ဇွန်း(မ်)အက်ပ် က တစ်ဆင့်သာ ပြုလုပ်ခဲ့ကြပြီး မဲပေးရာမှာလည်း ယခင်က ကိုယ်စားလှယ် ၁၉၁ ယောက် ခန်းမထဲမှာ အတူတကွ ရှိနေတဲ့အချိန် မဲပေးကြတဲ့ ပုံစံ ကျင့်သုံးခဲ့ရာကနေ တစ်ဦးစီအတွက် သတ်မှတ်ထားတဲ့ အချိန်အတွင်း ခန်းမထဲကို တစ်ယောက်စီ သီးသန့်ဝင်ပြီး မဲပေးခဲ့ကြရတာ ဖြစ်ပါတယ်။

အများအားဖြင့် အနောက်ဥရောပနဲ့အခြားအုပ်စု(WEOG)အတွက် နှစ်နိုင်ငံ ရွေးချယ်ရာမှာ အကြိတ်အနယ်ဖြစ်လေ့ရှိပြီး အခု ၂၀၂၀ ရွေးကောက်ပွဲမှာတော့ အာဖရိကဒေသအတွက် ရွေးချယ်မှုမှာပါ အကြိတ်အနယ် ရှိခဲ့ပါတယ်။

အာရှ-ပစိဖိတ်နဲ့ လက်တင်အမေရိက-ကာရစ်ဘီယန် ဒေသအတွက် နေရာတွေကိုတော့ ဒေသတွင်း နိုင်ငံအသီးသီးရဲ့ ထောက်ခံမှုနဲ့အတူ ပြိုင်ဘက်မရှိပဲ အိန္ဒိယနဲ့ မက္ကဆီကိုတို့က အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ နိုင်ငံတွေ အနေနဲ့ လက်ရှိအဖွဲ့ဝင်ဖြစ်နေဆဲဖြစ်တဲ့ တောင်အာဖရိက၊ အင်ဒိုနီးရှား၊ ဒိုမီနီကန် ပြည်သူ့သမ္မတနိုင်ငံ၊ ဘယ်လ်ဂျီယံနဲ့ ဂျာမနီတို့ရဲ့ နေရာမှာ ၂၀၂၁ ကစပြီး ၂ နှစ်သက်တမ်းရှိတဲ့ အဖွဲ့ဝင် နိုင်ငံတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။

ဘာဖြစ်လို့ ကုသသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ ဖြစ်ချင်ကြတာလဲ

ကနေဒါနိုင်ငံ တော်ဝင်စစ်တပ်ကောလိပ်ရဲ့ ကာကွယ်ရေးပညာ ပါမောက္ခ အဒမ် ချပ်(ပ်)နစ်ကတော့ အခုလို အဖွဲ့ဝင်ဖြစ်လာတဲ့ နိုင်ငံတွေ အနေနဲ့ သုံးခု ပြန်ရတယ်လို့ ပြောနိုင်ပြီး အမြဲတမ်းအဖွဲ့ဝင်နိုင်ငံက ကိုယ်စားလှယ်များနဲ့ တိုက်ရိုက်ဆက်ဆံခွင့်ရခြင်း၊ အခြားနိုင်ငံများကို လွှမ်းမိုးနိုင်မှုနဲ့ ပြောဆို လုပ်ကိုင်မှုများကို တန်းဝင် အသိအမှတ်ပြုခံရခြင်း တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အင်အားကြီးမဟုတ်တဲ့ နိုင်ငံ တစ်နိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီ ယာယီအဖွဲ့ဝင် ဖြစ်လာပြီဆိုရင် အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံက ကိုယ်စားလှယ်တွေ အပါအဝင် တခြား ယာယီအဖွဲ့ဝင်နိုင်ငံက ကိုယ်စားလှယ်တွေနဲ့ ၂ နှစ်ကြာ နေ့စဉ်လိုလို တိုက်ရိုက် ဆက်ဆံခွင့်ရမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အခုလို ဆက်ဆံခွင့်ရတာနဲ့အတူ ဒီနိုင်ငံရဲ့ ပြောဆိုလုပ်ကိုင်မှုတွေကို တန်းဝင် အသိအမှတ်ပြု ခံရမှုလည်း တပါတည်း ရရှိလာမယ်လို့လည်း သူက ဆိုပါတယ်။

ဒီလို အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေ ဖြစ်တဲ့ တရုတ်၊ အမေရိကန် ဒါမှမဟုတ် ပြင်သစ်က ကိုယ်စားလှယ်တွေကို တိုက်ရိုက် ဆက်သွယ်ခွင့်ရတဲ့ နိုင်ငံ ဖြစ်လာတဲ့အတွက် ဒီလို ဆက်သွယ်လို့ မရတဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးက ကိုယ်စားလှယ်တွေ အကြားက ရုတ်တရက်ဆိုသလို ထင်ရှား လူသိများတဲ့ နိုင်ငံလည်း ဖြစ်လာမှာ ဖြစ်ပါတယ်။

ဒီ ကောင်စီဝင်နိုင်ငံတွေက ကုလသမဂ္ဂကိုယ်စားပြု ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ ချထားမှု၊ နိုင်ငံတကာ စီးပွားရေး ဒဏ်ခတ်မှုတွေ အပါအဝင် ကမ္ဘာတလွှားက ပဋိပက္ခတွေကို ကုလသမဂ္ဂက ဘယ်လို တုံ့ပြန်မလဲ ဆိုတဲ့ ကိစ္စတွေမှာ ခွင့်ပြုချက် ပေးနိုင်တဲ့ အခွင့်အာဏာကိုလည်း ရရှိမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီကောင်စီဝင်နိုင်ငံတွေကြားမှာ အမြဲတမ်း ညီညီညွတ်ညွတ် ဆုံးဖြတ်ချက် ချကြတာ မဟုတ်ဘဲ တချို့အခြေအနေမှာ တစ်နိုင်ငံက နိုင်ငံတကာ ဆက်ဆံမှုဆိုင်ရာ စည်းကမ်းတွေကို ပြောင်းလဲနိုင်ချေရှိပြီး တချို့အခြေအနေတွေမှာတော့ ဘယ်လိုမှ မလွှမ်းမိုးနိုင်တာမျိုး ရှိတဲ့အတွက် ခန့်မှန်းရ ခက်ခဲတယ်လို့ မစ္စတာ ချပ်(ပ်)နစ်က ဆိုပါတယ်။

ဒါ့အပြင် မဲပေးမယ့် နိုင်ငံတွေဆီက ထောက်ခံပေးဖို့ လုံလောက်တဲ့ အာမခံချက်ရထားပေမဲ့ တကယ် လျှို့ဝှက် မဲခွဲတဲ့အချိန်မှာ ကတိပေးထားတဲ့အတိုင်း မတည်လို့ မနိုင်ခဲ့တာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

အနောက်ဥရောပနဲ့အခြားအုပ်စု ဒေသတွင်းပြိုင်ပွဲ

အနောက်ဥရောပနဲ့အခြားအုပ်စု(WEOG) မှာ ပါဝင်တဲ့ နိုင်ငံ ၂၈ နိုင်ငံရှိပြီး အများစုက အနောက်ဥရောပနဲ့ မြောက်အမေရိကဘက်က ကနေဒါ၊ အရှေ့အလယ်ပိုင်းက အစ္စရေး၊ အာရှဘက်က တူရကီနဲ့ အရှေ့ဘက်ခြမ်းက သြစတြေးလျ၊ နယူးဇီလန်တို့လည်း အပါအဝင် ဖြစ်ပါတယ်။

ဒီနှစ်မှာတော့ အနောက်ဥရောပနဲ့အခြားအုပ်စု(WEOG) နှစ်နေရာအတွက် အိုင်ယာလန်၊ နော်ဝေးနဲ့ ကနေဒါတို့က ကိုယ်စားလှယ်လောင်းနိုင်ငံတွေအဖြစ် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြရာမှာ ကိုယ်စားလှယ်တွေ အကြား မဲရချင်လို့ အခုမှ တရင်းတနှီး လေးစားပြတာတွေ၊ တွေ့ဆုံစားသောက်ပွဲ ကျင်းပပေးတာတွေ၊ ဂီတပွဲ လက်မှတ်ထုတ်ပေးတာတွေ ရှိခဲ့တယ်လို့ ကနေဒါအခြေစိုက် ဘီဘီစီ အယ်ဒီတာ ဂျက်စီကာ မာဖီက ဆိုပါတယ်။

အရွေးခံမယ့် နိုင်ငံတွေက နှစ်နဲ့ချီပြီး ကြိုတင် ကြေညာထားရာမှာ လူအများသတိထားမိအောင် တခမ်းတနား ပစ္စည်းအမျိုးမျိုးသုံးပြီး ကြေညာတာတွေ၊ အခမ်းအနားလုပ်တာနဲ့ စားပွဲသောက်ပွဲ လုပ်ပေးတာတွေလည်း လုပ်လေ့ရှိပါတယ်။

အခုလို လုပ်ပေးတာတွေကြောင့် သက်သက်နဲ့ အရွေးခံရမှာ မဟုတ်ပေမဲ့ ကိုယ်စားလှယ်လောင်းနိုင်ငံတွေဘက်က ဒီအတိုင်းမနေကြပဲ ဒီလို စည်းရုံးရေးနည်းတွေကို သုံးခဲ့ကြပါတယ်။

နော်ဝေးနိုင်ငံဆိုရင် ယခင်ကုလသမဂ္ဂလုံခြုံရေးကောင်စီ ခန်းမနံရံတွေကို တန်ဆာဆင်ခဲ့တဲ့ ချည်ထိုး ပန်းချီကား အစိတ်အပိုင်းကလေးတွေကို တက်ရောက်လာတဲ့ နိုင်ငံအသီးသီးက ကိုယ်စားလှယ်တွေကို လက်ဆောင်ပေးခဲ့ပြီး ကနေဒါကလည်း အမှတ်တရ မိတ်ဆက်ကတ်ပြား၊ ချောကလက်နဲ့ ကနေဒါအမှတ်အသားပါတဲ့ နှာခေါင်းစည်းတွေကို ဝေငှခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာဆိုရင် အိုင်ယာလန်နိုင်ငံက အခြားကုလသမဂ္ဂကိုယ်စားလှယ် သံတမန်တွေကို နယူးယောက်မြို့က အိုင်းရစ်ရော့ခ်ဂီတအဖွဲ့ U2ရဲ့ ဖျော်ဖြေပွဲကို ဖိတ်ခေါ်ခဲ့ပြီး ကနေဒါနိုင်ငံကလည်း ဒီနှစ်ထဲမှာ အလားတူ သံတမန်တွေကို ကနေဒါအဆိုတော် စလင်းဒီယွန်ရဲ့ ဖျော်ဖြေပွဲကို ဖိတ်ခေါ်ခဲ့ပါတယ်။

ကနေဒါနိုင်ငံက အဲဒီစည်းရုံးရေး လုပ်ငန်းစဉ်တွေမှာ သီးသန့် အမြဲတမ်းဝန်ထမ်း ၁၃ ယောက် ထားရှိပြီး အမေရိကန်ဒေါ်လာ ၁.၇၄ သန်းလောက် အသုံးပြုခဲ့တယ်လို့ လတ်တလော ကြေညာထားပြီး ပြီးခဲ့တဲ့ ၂၀၁၉ နှစ်ကုန်ပိုင်းအထိ အိုင်ယာလန်က အမေရိကန်ဒေါ်လာ ၈၀ဝ,ဝ၀ဝ နဲ့ နော်ဝေးနိုင်ငံက အမေရိကန်ဒေါ်လာ ၂.၈ သန်း အထိ အသုံးပြုထားတယ်လို့ ဆိုပါတယ်။

နောက်ဆုံးရွေးချယ်မှုအတွင်း အရွေးခံရဖို့ မဲ ၁၂၈ မဲ အနည်းဆုံး လိုအပ်ရာမှာ နော်ဝေးက မဲ ၁၃၀၊ အိုင်ယာလန်က ၁၂၈ မဲ ရလို့ အနိုင်ရခဲ့ပြီး ကနေဒါကတော့ ၁၀၈ မဲသာ ရလို့ ရှုံးနိမ့်ခဲ့ပြန်ပါတယ်။

ကနေဒါနိုင်ငံရဲ့ အရွေးခံမှုကို ဘာလို့ အနီးကပ် စောင့်ကြည့်ခံခဲ့ရသလဲ

၂၀၁၀ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ယာယီအဖွဲ့ဝင် ရွေးကောက်ပွဲမှာ ကနေဒါနိုင်ငံက ပထမဆုံးအကြိမ် ရှုံးခဲ့တာက အခုလို စောင့်ကြည့်ခံရမှုအတွက် အဓိက နောက်ခံ အကြောင်းတရား ဖြစ်ပါတယ်။

အဲဒီအချိန်က စီးပွားရေးပြဿနာတွေ ကြုံနေရတဲ့ ပေါ်တူဂီလို နိုင်ငံငယ်လေးက မထင်မှတ်ဘဲ အနိုင်ရခဲ့ပြီး နောက်တစ်နေရာကိုတော့ ဂျာမနီက အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

အခုလို ရှုံးနိမ့်မှုကြောင့် ကနေဒါနိုင်ငံရေးလောကမှာ အငြင်းအခုံတွေ ဖြစ်ခဲ့ပြီး အတိုက်အခံတွေက အဲဒီ အချိန်က အာဏာရ ကွန်ဆားဗေးတစ်တွေကို အရှက်ရစရာ ရှုံးနိမ့်မှုအဖြစ် ဝေဖန်ခဲ့ကြပါတယ်။

အရွေးခံရဖို့ စည်းရုံးရေး လုပ်ကြတဲ့အချိန်မှာ ပေါ်တူဂီက အင်အားကောင်းကောင်းနဲ့ လုပ်ခဲ့ရုံသာမက မဟာမိတ်နိုင်ငံတွေ စည်းရုံးပြီး ပြိုင်ဘက် ကနေဒါကို တန်ပြန် ပစ်မှတ်ထားတဲ့ မဲဆွယ်မှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။

ကနေဒါနိုင်ငံကတော့ အချိန်ကပ်လာမှ စည်ရုံးရေးကို ကျကျနန စလုပ်တဲ့ အမှား အပါအဝင် အခြား လွဲချော်မှုတွေ ရှိခဲ့တယ်လို့ မစ္စတာ ချပ်(ပ်)နစ်က ဆိုပါတယ်။

အဲဒီကာလအတွင်းမှာ အာဖရိက တိုက်အတွင်း နိုင်ငံတချို့က သံရုံးတွေကို ကနေဒါက ပိတ်ပစ်ခဲ့တဲ့အတွက်လည်း အာဖရိကနိုင်ငံတွေက ကိုယ်စားလှယ်တွေရဲ့ ဝေဖန်မှုတွေလည်း ခံခဲ့ရပါတယ်။

လက်ရှိ ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးထိုးရဲ့ ပါတီဖြစ်တဲ့ လစ်ဘရယ်ပါတီကတော့ ကနေဒါနိုင်ငံဟာ ကမ္ဘာ့စင်မြင့်ပေါ်ကို ပြန်ရောက်လာပြီ ဖြစ်တဲ့အတွက် အဲဒီအချိန်က မအောင်မြင်ခဲ့တာကို အောင်မြင်အောင် ဆက်လုပ်မယ်လို့ လူသိရှင်ကြား ကတိပေးခဲ့ပါတယ်။

ကနေဒါ၊ နော်ဝေး၊ အိုင်ယာလန်တို့ စည်းရုံးရေး လုပ်ငန်းစဉ်ကို ဘယ်လို ပုံစံချခဲ့ကြသလဲ

ကောင်းမွန်တဲ့ စည်းရုံးရေး လုပ်ငန်းစဉ်တခုလို့ သတ်မှတ်နိုင်တဲ့ ဘုံလိုအပ်ချက်တွေရှိပြီး အရွေးခံမယ့် နိုင်ငံတွေ အနေနဲ့ ပြည်တွင်းနဲ့ နီးစပ်ပြီး ကုလသမဂ္ဂအတွင်းမှာလည်း လူအများလေးစားတဲ့ ကုလသမဂ္ဂကိုယ်စားလှယ် ရှိဖို့ လိုအပ်မယ်လို့ မစ္စတာ ချပ်(ပ်)နစ်က ဆိုပါတယ်။

ကနေဒါ၊ နော်ဝေးနဲ့ အိုင်ယာလန်တို့ရဲ့ စည်းရုံးရေး လုပ်ငန်းစဉ်တွေမှာ ဘဏ္ဍာရေး ထောက်ပံ့မှုလည်း အားကောင်းခဲ့ကြပြီး နိုင်ငံ့ခေါင်းဆောင် ကိုယ်တိုင် ဒါမှမဟုတ် ဝါရင့်အစိုးရ ဝန်ကြီးတွေ ကိုယ်တိုင် စည်းရုံးရေး ဆင်းခဲ့ကြတယ်လို့ သူက ဆိုပါတယ်။

ကနေဒါဝန်ကြီးချုပ် မစ္စတာ ထရူးထိုး အနေနဲ့ ဒီနှစ်အစောပိုင်းက စည်းရုံးရေး လုပ်ငန်းစဉ်တွေမှာ ကိုယ်တိုင်ပါဝင်ခဲ့ပြီး သူ့ရဲ့ နိုင်ငံတကာ ခရီးစဉ်တွေမှာလည်း ကာရစ်ဘီယန်ဒေသနဲ့ အာဖရိကနိုင်ငံတွေဆီက ထောက်ခံမဲရဖို့ ကြိုးစားခဲ့ပါတယ်။

လတ်တလောအတွင်းမှာပဲ မစ္စတာ ထရူးထိုးက ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါ အသွင်ဆောင်မှု ဆိုင်ရာ ကုလသမဂ္ဂ ဆွေးနွေးပွဲကို ပူးတွဲ ဦးဆောင် ကျင်းပခဲ့ပြီး ဒါဟာ နိုင်ငံတကာအရေးကိစ္စတွေမှာ ပိုပြီး ထဲထဲဝင်ဝင် ဆောက်ရွက်တာကို ပြတာ ဖြစ်တဲ့အတွက် အခြားနိုင်ငံတွေအကြား မျက်နှာပန်းလှစေတဲ့ လုပ်ဆောင်မှုဖြစ်တယ်လို့ မစ္စတာ ချပ်(ပ်)နစ်က ဆိုပါတယ်။

နော်ဝေး၊ အိုင်ယာလန်နဲ့ ကနေဒါ သုံးနိုင်ငံစလုံးဟာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲ ဖောက်ပြန်မှု၊ နိုင်ငံအများ ဘုံရည်မှန်းချက်တွေထားပြီး ဆောင်ရွက်ရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ကိစ္စတွေမှာလည်း ထဲထဲဝင်ဝင် ဆောင်ရွက်ပြပြီး စည်းရုံးရေး ဆင်းခဲ့ကြပါတယ်။

အဲဒီထဲမှာ အိုင်ယာလန်က “ကနေဒါနဲ့ နော်ဝေးလို အလယ်အလတ် အင်အားရှိတဲ့ နိုင်ငံတွေကို ရွေးတဲ့ နိုင်ငံတွေက သူတို့ ဖြစ်စေချင်တာ အကုန် လုပ်မပေးနိုင်ဘူး” ဆိုတဲ့ အချက်ကို ရှေ့တန်းတင် ပြောဆိုပြီး အိုင်ယာလန်လို နိုင်ငံငယ်လေးကို ရွေးချယ်ခြင်းအားဖြင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီအတွင်းမှာ အများနဲ့မတူဘဲ ထူးခြားတဲ့ ပြောဆို ရပ်တည်ချက်တခု ရှိလာမယ်ဆိုတဲ့ စည်းရုံးမှုကို အသုံးပြုနေတယ်လို့ မစ္စတာ ချပ်(ပ်)နစ်က ဆိုပါတယ်။

နော်ဝေးရဲ့ မဲဆွယ် စည်းရုံးပုံကို ကြည့်ရင်တော့ “ကနေဒါဘက်က သူတို့ ကမ္ဘာ့စင်မြင့်ပေါ် ပြန်ရောက်လာပြီ ဆိုပေမဲ့ ကျွန်တော်တို့ နော်ဝေးကလည်း ဘယ်တုန်းကမှ ဒီစင်မြင့်ပေါ်က ဆင်းမသွားခဲ့ပါဘူး” ဆိုတဲ့ ပုံစံမျိုးနဲ့ လှုပ်ရှားခဲ့တယ်လို့ သူက အကျဉ်းချုံးပြခဲ့ပါတယ်။

ကနေဒါနိုင်ငံအနေနဲ့ လတ်တလော ကပ်အသွင်ဆောင်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဖြစ်နေတဲ့ ကာလအတွင်းမှာ သူတို့ ပေးချင်တဲ့ မဲဆွယ် သတင်းစကားကို ပုံစံပြောင်းခဲ့ပြီး “ကမ္ဘာကြီး အကျပ်အတည်းကြုံနေချိန်မှာ ကနေဒါလို အင်အားကြီးဖွံ့ဖြိုးပြီး ၇ နိုင်ငံ (G7) စာရင်းဝင်တဲ့ ကနေဒါနိုင်ငံက ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင် ဖြစ်သင့်တယ်” ဆိုတဲ့ သတင်းစကားပဲ ဖြစ်ပါတယ်။

ကနေဒါအနေနဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ရွေးကောက်ခံရပြီးနောက်ပိုင်း အမေရိကန်သာမက မက္ကဆီကိုနဲ့ပါ ကုန်သွယ်ရေး ဆွေးနွေးမှုတွေ ပြန်လုပ်ခဲ့ရတဲ့အတွက် အဲဒီ မဲဆွယ်တဲ့ဘက်ကို အစပိုင်းမှာ မလှည့်နိုင်ပဲ ဖြစ်ခဲ့ရတယ်လို့လည်း ကုလသမဂ္ဂနဲ့ ပတ်သက်တဲ့ သတင်းတွေကို အမျိုးသမီး စာနယ်ဇင်းသမားတွေ ဦးဆောင်ပြီး တင်ဆက်ပေးနေတဲ့ ပက်စ်ဘလူး သတင်းဌာနက စာနယ်ဇင်းသမား စတက်ဖနီ ဖီလီယွန်က ဆိုပါတယ်။

အပြိုင်ရွေးမှုကြောင့် အလဲအလှယ်သဘော ဆန်လာသလား

အခုလို ကုလလုံခြုံရေးကောင်စီ ယာယီအဖွဲ့ဝင်တွေကို ရွေးဖို့ မဲပေးကြတဲ့ နိုင်ငံတွေက ထည့်သွင်းစဉ်းစားတဲ့ အကြောင်းအချက်တွေလည်း အများကြီးရှိတယ်ဆိုတာ သိထားဖို့ အရေးကြီးပါတယ်လို့ မစ္စ ဖီလီယွန်က ဆိုပါတယ်။

မဲဆွယ်တဲ့ နိုင်ငံအနေနဲ့ သူဆွယ်တဲ့ နိုင်ငံတွေနဲ့ ခိုင်မာတဲ့ နှစ်နိုင်ငံဆက်ဆံရေး တည်ဆောက်နိုင်ဖို့ကလည်း အရေးကြီးတဲ့ အကြောင်းတခု ဖြစ်ပါတယ်။

ရှုံးနိမ့်သွားတဲ့ ကနေဒါနိုင်ငံကလည်း ကနေဒါအခုလို ကုလလုံခြုံရေးကောင်စီ အဖွဲ့ဝင်ဖြစ်လာဖို့ ကြိုးစားတဲ့ ကာလအတွင်းမှာ တည်ဆောက်ခဲ့တဲ့ နှစ်နိုင်ငံဆက်ဆံရေးတွေ ထူထောင်နိုင်ခဲ့တာကလည်း အရေးကြီးပါတယ် ဆိုပြီး ပြောဆိုခဲ့ပါတယ်။

မဲပေးကြရာမှာ အခြား ကုလသမဂ္ဂရဲ့ အဖွဲ့တစ်ခုအတွင်း နေရာပြန်ရဖို့အတွက် ရည်ရွယ်ချက်နဲ့ အခုရွေးချယ်မှုမှာ ထောက်ခံပေးဝင်ပေးတဲ့ မဲ အလဲအလှယ်လုပ်တာမျိုးလည်း ရှိတယ်လို့ ဆိုပါတယ်။

လတ်တလောနှစ်တွေမှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ယာယီအဖွဲ့ဝင်အတွက် ရွေးကောက်ပွဲတွေမှာ နိုင်ငံတကာ ဂုဏ်သိက္ခာကို အလေးထားမှု နည်းလာပြီး ဖွံ့ဖြိုးရေး ရန်ပုံငွေ ဘယ်လောက်ပေးနေတယ် ဆိုတဲ့အချက်နဲ့ ကုလသမဂ္ဂအတွက် ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ စေလွှတ်ရာမှာ ပါဝင်မှုတွေကို ဦးစားပေး ပြောဆိုလာကြတဲ့အတွက် အလဲအလှယ်သဘောမျိုး ပိုဆန်လာတယ်လို့လည်း မစ္စတာ ချပ်(ပ်)နစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ဒေသအများစုက နိုင်ငံတွေအကြား အလှည့်ကျ အနေနဲ့ အလွတ်သဘော သဘောတူညီမှု ယူထားတာ များတဲ့အတွက် အရွေးခံနေရာတွေ အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းမှာ အပြိုင် အရွေးခံမှုတွေ မရှိခဲ့ပါဘူး။

ဒါပေမဲ့ အနောက်ဥရောပနဲ့အခြားအုပ်စုအတွက် အရွေးခံရမှာတော့ အလှည့်ကျ သဘောတူညီချက် မယူဘဲ အပြိုင်ဖြစ်နေတဲ့အပေါ် မစ္စတာ ချပ်(ပ်)နစ်က ဝေဖန်ခဲ့ပါတယ်။

နှစ်တွေနဲ့ချီပြီးကြာတဲ့ မဲဆွယ်စည်းရုံးမှုတွေမှာ “ကိုယ်နဲ့မရင်းနှီးတဲ့ နိုင်ငံတွေကို မဲပေးကြဖို့ ဆွယ်လုံး၊ မက်လုံးတွေ ပေးပြီး နေရာရဖို့ စည်ရုံးနေရတာက ဘယ်သူ့အတွက်မှ တကယ်အကျိုးမရှိလှဘူး” လို့လည်း သူက ဆိုပါတယ်။

အာဖရိကနေရာအတွက်လည်း အကြိတ်အနယ်ရှိခဲ့တဲ့နှစ်

အာဖရိကအတွက် နိုင်ငံအသီးသီးက အရွေးခံရာမှာ အာဖရိကဒေသတွင်း နယ်ပယ်ခွဲခြားပြီး အလှည့်ကျဖြစ်အောင် သဘောတူထားလေ့ရှိတဲ့အတွက် ပုံမှန်အားဖြင့် ကိုယ်စားလှယ် တစ်နိုင်ငံထဲက ပြိုင်ဘက်မရှိပဲ အရွေးခံရလေ့ရှိပါတယ်။

ဒီနှစ်မှာ အရှေ့အာဖရိက ဒေသ နိုင်ငံတွေ အတွက် အလှည့်ကျရာမှာ အာဖရိကသမဂ္ဂက ကင်ညာနိုင်ငံ အရွေးခံရဖို့ မဲပေးရွေးချယ်မှုနဲ့ ပတ်သက်လို့ ဂျီဘူတီနိုင်ငံက ကင်ညာက သက်တမ်းနှစ်ခါ အဖွဲ့ဝင် ဖြစ်ခဲ့ပြီးသားလို့ ဆိုကာ ကန့်ကွက်ပြီး အဲဒီ နေရာအတွက် ဝင်အရွေးခံခဲ့တာ ဖြစ်ပါတယ်။

ကင်ညာနဲ့ ဂျီဘူတီ နိုင်ငံတို့ကလည်း သူတို့ရဲ့ မဲဆွယ် စည်းရုံးမှုတွေမှာ ကုလသမဂ္ဂအတွက် ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ဝင် စေလွှတ်ရာမှာ ပါဝင်မှုကို ကိုးကားပြောဆိုခဲ့ကြပါတယ်။

အာရှ-ပစိဖိတ်ဒေသနဲ့ အာဖရိက တစ်နေရာစီအတွက် မဲခွဲရာမှာ ဒီနှစ်မှာ အာရှ-ပစိဖိတ်ဒေသက နိုင်ငံတွေအားလုံးရဲ့ ထောက်ခံမှုကိုရတဲ့ အိန္ဒိယက ပြိုင်ဘက်နိုင်ငံမရှိတဲ့ အပြင် လိုအပ်တဲ့ စုစုပေါင်း ကိုယ်စားလှယ်တွေရဲ့ မဲ သုံးပုံ နှစ်ပုံ ဖြစ်တဲ့ ၁၂၈ မဲထက်ပိုပြီး ၁၈၄ မဲ အထိရကာ အရွေးခံခဲ့ရပါတယ်။

အိန္ဒိယနဲ့ အတူတကွ မဲခွဲမှုမှာ ပါဝင်ကြတဲ့ ကင်ညာနဲ့ ဂျီဘူတီတို့ကတော့ လိုအပ်တဲ့ မဲအရေအတွက် မရတဲ့အတွက် နောက်တကြိမ် ထပ်ပြီး မဲခွဲရာမှာ ကင်ညာက ၁၂၉ မဲ ရပြီး ၆၂ မဲ ရတဲ့ ဂျီဘူတီကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ယာယီအဖွဲ့ဝင် ဘယ်လို ရွေးသလဲ

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံရှိပြီး တရုတ်၊ ပြင်သစ်၊ ရုရှား၊ ယူကေနဲ့ အမေရိကန်တို့ ဖြစ်ပါတယ်။

နောက်ထပ် ယာယီအဖွဲ့ဝင် ၁၀ နိုင်ငံ အတွက်ကိုတော့ နှစ်စဉ် ငါးနိုင်ငံစီ အတွက် နှစ်စဉ်ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက မဲပေး ရွေးချယ်တာ ဖြစ်ပါတယ်။

အခုလို ၁၀ နိုင်ငံ ရွေးချယ်ရာမှာ အနောက်ဥရောပနဲ့အခြားအုပ်စုက နှစ် နိုင်ငံ၊ အာရှ-ပစိဖိတ်နဲ့ အာဖရိက အတွက် ငါးနိုင်ငံ၊ လက်တင်အမေရိက-ကာရစ်ဘီယန်ဒေသတွေအတွက် နှစ်နိုင်ငံနဲ့ အရှေ့ဥရောပ အတွက် တစ်နိုင်ငံစီ ရွေးချယ်တာ ဖြစ်ပါတယ်။

အရွေးခံမယ့် နိုင်ငံတွေ အနေနဲ့ ကိုယ်စားပြုတဲ့ဒေသက နိုင်ငံတွေရဲ့ ထောက်ခံမှုကိုသာမက ကုလသမဂ္ဂအထွေထွေ ညီလာခံကို တက်ရောက်လာတဲ့ ကိုယ်စားလှယ် ၁၉၁ ယောက်ထဲက မဲသုံးပုံ နှစ်ပုံရဖို့လည်း လိုအပ်ပါတယ်။

၂၀၂၂ ခုနှစ်ကစပြီး ထမ်းဆောင်ဖို့ အဖွဲ့ဝင်တွေကိုတော့ ရှေ့နှစ် ၂၀၂၁ မှာ ရွေးချယ်မှာဖြစ်ပြီး လက်ရှိ အဖွဲ့ဝင်တွေဖြစ်တဲ့ အာဖရိက ကိုယ်စားပြု နီဂျဲ၊ အာဖရိကနဲ့ အာရပ် ကိုယ်စားပြု တူနီးရှား၊ လက်တင်အမေရိကနဲ့ ကာရစ်ဘီယန်ဒေသ ကိုယ်စားပြု စိန့်ဗင်းဆင့်အန် ဂရယ်နဒီး(န်)နိုင်ငံ၊ အာရှဒေသ ကိုယ်စားပြု ဗီယက်နမ်နဲ့ အရှေ့ဥရောပ ကိုယ်စားပြု အက်စ်တိုးနီးယား နိုင်ငံတို့ နေရာမှာ အဖွဲ့ဝင်သစ်တွေ ရွေးချယ်မှာ ဖြစ်ပါတယ်။