ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကုလသမဂ္ဂ ဒီလကုန် ပိုက်ဆံပြတ်သွားနိုင်တယ်လို့ဆို
ကုလသမဂ္ဂ အဖွဲ့ကြီးမှာ ဒေါ်လာ သန်းနှစ်ရာလောက် လိုငွေပြနေလို့ အခုလကုန်မှာ ပိုက်ဆံ ပြတ်တောက် သွားနိုင်ခြေရှိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က သတိပေး ပြောကြားလိုက်ပါတယ်။
ဝန်ထမ်း လစာနဲ့ ခံစားခွင့်တွေ ပေးနိုင်ဖို့ လက်ရှိ အခြေအနေကနေ နောက်တဆင့် ပြဿနာတွေ ထပ်ဖြစ်မလာရအောင် လုပ်ဖို့ လိုတယ်လို့ မစ္စတာ ဂူတားရက်စ် က ပြောပါတယ်။
သောင်းနဲ့ချီတဲ့ ကုလသမဂ္ဂ ဝန်ထမ်းတွေကို မစ္စတာ ဂူတားရက်စ်က ပေးတဲ့စာကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းဌာနက ဖော်ပြတာ ဖြစ်ပါတယ်။
စရိတ်တွေ လျှော့ဖို့ အဖွဲ့အတွင်း ညီလာခံ အစည်းအဝေးတွေ ဆိုင်းငံ့ထားပြီး ဝန်ဆောင်မှုတွေ လျှော့ချကာ အရာရှိတွေ ခရီးသွားလာမှုကို တင်းတင်းကျပ်ကျပ် ကိုင်တွယ် စီစဉ်ကြဖို့ သူက တိုက်တွန်းထားပါတယ်။
ဒီနှစ်မှာ ပုံမှန် ဘတ်ဂျက် လိုအပ်တဲ့ ငွေရဲ့ ၇၀ ရာခိုင်နှုန်းကိုသာ အဖွဲ့ဝင် နိုင်ငံတွေက ထည့်ဝင်ခဲ့ကြတယ်လို့ သူက ပြောပါတယ်။
ကုလရဲ့ ငွေကြေးအင်အားက အဖွဲ့ဝင်နိုင်ငံတွေပေါ်မှာ မူတည်နေတယ်လို့ ဂူတာရက်စ်က ပြောပါတယ်။
အဖွဲ့ဝင်နိုင်ငံတွေကို ငွေကြေးထည့်ဝင်ကြဖို့ အခုနှစ် အစောပိုင်းက ပြောခဲ့ပေမဲ့ အဖွဲ့ဝင်နိုင်ငံတွေက မပေးကြဘူးလို့ နာမည်မဖော်လိုတဲ့ ကုလ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ကုလ ငြိမ်းချမ်းရေး လုပ်ငန်းတွေအတွက် ဘယ်လောက် သုံးစွဲတယ်ဆိုတာ မသိရပေမဲ့ ၂၀၁၈-၂၀၁၉ အတွက် ကုလ အသုံးစရိတ်က အမေရိကန် ဒေါ်လာ သန်းငါးထောင်ကျော်ရှိပါတယ်။
အဲဒီထဲက ၂၂ ရာခိုင်နှုန်းကျော်ကို အမေရိကန်က ထည့်ဝင်တာ ဖြစ်ပါတယ်။