ကိုရိုနာဗိုင်းရပ်စ် - ငါတို့အိမ်ဆေးရုံဖြစ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Mukul Garg
မူကူးဂတ်ရဲ့ အသက် ၅၇ နှစ်အရွယ် ဦးလေး ဧပြီလ ၂၄ ရက်မှာ စဖျားတော့ သူသိပ်စိတ်မပူသေးဘူး။ နောက်ဘာကြာမှာလဲ။ ၄၈ နာရီအတွင်း ၂ ယောက်ထပ်ဖျားတော့တာပဲ။ သူ့တို့အိမ်ထောင်က သေးသေးမဟုတ်ဘူး။ တအိမ်တည်းမှာတွင် လူ ၁၇ ယောက်တောင်နေတာ။
လက္ခဏာတွေပြလာတာက ပထမကိုယ်အပူချိန်တက်တယ်၊ နောက်ချောင်းဆိုးပြီး အသံနာလာတယ်။
“ရာသီတုပ်ကွေးနေမှာပါကွာ”ဆိုပြီး မူကူးဂတ် အစက လျှော့လျှော့ပေါ့ပေါ့ တွေးပါသေးတယ်။ ကိုရိုနာဗိုင်းရပ်စ်ထိပြီဆိုတာ သူလက်မခံချင်ဘူးလေ။
“တခါတလေမှာ အိမ်မှာ လူ ၅ ယောက် ၆ ယောက် တပြိုင်တည်း ဖျားတတ်တာပါပဲ။ သိပ်လန့်မနေပါနဲ့ကွာ”လို့ သူ့ကိုယ်သူ ပြန်အားပေးပါတယ်။
ဒါပေမဲ့ မရပါဘူး။ ရက်ကလေးနည်းနည်းအတွင်း နောက်ထပ် အိမ်သား ၅ ယောက်ဆီမှာ ကိုဗစ်-၁၉ လက္ခဏာတွေ ပြလာတော့တာပဲ။ သူ့ကိုယ်ထဲက ကြောက်စိတ်ဟာ တဖြည်းဖြည်း ငယ်ထိပ်တက်လာပါလေရော။
သူတို့အိမ်သား ၁၇ ယောက်ရှိတဲ့အထဲက ၁၁ ယောက်တောင် ကိုရိုနာ တွေ့ပြီဆိုတဲ့အချိန်မှာတော့ သူတို့အိမ်ဟာ အချင်းချင်းပြန်ကူးပြီး အစုလိုက်ကူးစက်ရာနေရာတစ်နေရာ ဖြစ်လာတော့တာပါပဲ။
“ကျွန်တော်တို့ အပြင်လူ ဘယ်သူနဲ့မှ မတွေ့ပါဘူး။ အပြင်လူ ဘယ်သူမှလည်း အိမ်ကိုမလာပါဘူး။ ဒါနဲ့တောင် ကိုရိုနာဗိုင်းရပ်စ်ဟာ အိမ်အထိရောက်လာပြီး တယောက်ပြီး တယောက်ကူးတော့တာပါပဲ” လို့ မူကူးဂတ်က သူ့ဘလော့မှာ တက်ရေးလိုက်တော့ လူအများအပြားလာဖတ်ကြပြီး မှတ်ချက်ကွန်မန့်ပေးသူပေါင်း ရာနဲ့ချီရှိခဲ့ပါတယ်။
သားစဥ်မြေးဆက် အိမ်ထောင်မခွဲဘဲ အတူတွဲနေတဲ့ အိန္ဒိယက စနစ်ဟာ ကိုဗစ်-၁၉ တိုက်ဖျက်ရေးမှာတော့ စိန်ခေါ်မှုကြီး တခုပါ။
အိန္ဒိယရဲ့ တင်းကျပ်တဲ့ လော့ဒေါင်းဟာ မတ်လ ၂၅ ရက်နေ့ကစလိုက်တာ ဒီတပတ်အထိပါပဲ။ လူတွေအိမ်ထဲမှာနေ။ လမ်းတွေပေါ်မထွက်ရ။ အများပိုင်နေရာတွေ မသွားရ။
လူတယောက်နဲ့ တယောက်မကူးစက်ရလေအောင် လူချင်းခွာနေပါဆိုပေမယ့် အိန္ဒိယက အိမ်တွေမှာ သားစဥ်မြေးဆက် မိသားစု ၃ စု၊ ၄ စုအထိ တအိမ်ထဲ အတူနေကြတာတွေရှိတော့ ကိုယ့်အိမ်ထဲမှာပဲ လူအုပ်ကြီး စုမိသလို ဖြစ်နေပါတယ်။ အဲသလို နေထိုင်ကြသူတွေဟာ အိမ်ထောင်စုတွေရဲ့ ၄၀ ရာနှုန်းလောက်တောင် ရှိနေပါတယ်။
အဲသလို အိမ်ထောင်ကြီးတွေရဲ့ ဘဝက အကဲဆတ်လှပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သုတေသနပြုချက်တွေ အရ ဗိုင်းရပ်စ်ဟာ အလုံပိတ်နေရာတွေမှာ ပိုပြန့်ပွားတတ်လို့ပါပဲ။
“လော့ဒေါင်းပိတ်လိုက်တာနဲ့ အိမ်ထောင်စုတွေဟာ အကန့်လေးတွေလို ဖြစ်သွားတော့ တယောက်ကိုကူးတာနဲ့ ကျန်တဲ့လူတွေ သေချာသလောက်ဖြစ်သွားတာပါပဲ” လို့ဗိုင်းရပ်စ်ပညာရှင်ဒေါက်တာ ဂျက်ကော့ဂျွန်ကဆိုပါတယ်။
မူကူးဂတ်တို့အတွေ့အကြုံအရ ဧရာမမိသားစုကြီးတခုမှာ လူချင်းအလှမ်းခွာဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အပြင်မထွက်ရလေ၊ အိမ်ထဲမှာ လူချင်းခွာဖို့ ပိုမဖြစ်နိုင်လေပါပဲ။
အိမ်တွင်းအထီးကျန်ဘဝ
ဒေလီမြို့ အနောက်မြောက်ပိုင်းက မူကူးဂတ်တို့အိမ်ဟာ ၃ လွှာရှိပြီး အိမ်နီးချင်းတွေကလည်း ကပ်ညပ်နေတာပါပဲ။
မူကူးဂတ်က အသက် ၃၃၊ သူ့ဇနီးက ၃၀၊ ကလေး ၂ ယောက်က ၆ နှစ်သားနဲ့ ၂ နှစ်သားပါ။ သူတို့မိသားစုက မိဘ၊ အဖိုးအဖွားတွေနဲ့ အတူ အပေါ်ဆုံးလွှာမှာနေပါတယ်။
အောက်က ၂ လွှာမှာတော့ သူ့အဖေရဲ့ ညီအစ်ကိုတွေဟာ သူတို့မိသားစုတွေနဲ့ အတူနေကြပါတယ်။
ဒီမိသားစုကြီးထဲမှာ အငယ်ဆုံးကလေးက ၄ လသားဖြစ်ပြီး အကြီးဆုံးကတော့ အိပ်ရာပေါ်မှာလဲနေတဲ့ အသက် ၉၀ အရွယ်အဖိုးအိုပါပဲ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါတောင် မူကူးဂတ်တို့ အိမ်ဟာ တော်တော်ကျယ်တဲ့ အိမ်ပါ။ ဧရိယာအားဖြင့် မကျဥ်းလှပါဘူး။ အထပ်တထပ်ကို စတုရန်းပေ ၂၇၀ဝ ရှိပါတယ်။ မြင်သာအောင် ပြောရရင် တင်းနစ်ကွင်း ၂ ကွင်းစာလောက်ရှိပါတယ်။ အဲဒီတထပ်မှာ အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်းတွေနဲ့ မီးဖိုဆောင်တခုစီ ရှိကြပါတယ်။
ဒါပေမဲ့ ဗိုင်းရပ်စ်က သိပ်မြန်ပါတယ်။ တခန်းပြီးတခန်း၊ တထပ်ပြီး တထပ်ဆိုသလို ကူးသွားလိုက်တာ၊ လူကြီးအားလုံး စေ့သလောက်ပါပဲ။
သူတို့အိမ်အတွက် ဗွေဆော်ဦးလူနာ ပေးရှင့်ဇီးရိုးက မူကူးဂတ်ရဲ့ ဦးလေးပါ။ အဲဒီဦးလေးဆီမှာ ရောဂါဘယ်ကရောက်လာသလဲဆိုတာတော့ သူတို့လည်း သေသေချာချာ မသိပါဘူး။
“စျေးမှာ ဟင်းသီးဟင်းရွက်ရောင်းတဲ့သူ ဒါမှမဟုတ် ကုန်စုံဆိုင်က တယောက်ယောက်ဆီက ကူးလာတာထင်တာပါပဲ။ အပြင်ကလူနဲ့ ထိတွေ့တာဆိုလို့ ဒါပဲရှိတာလေ” လို့ သူကဆိုပါတယ်။
တကယ်တန်း ဗိုင်းရပ်စ် ရောက်လာတော့ သူတို့ဟာ ဆေးစစ်ရမှာကို ရှက်နေ၊ ကြောက်နေကြရဲ့။
“ကျွန်တော်တို့ အားလုံး ၁၇ ယောက်ရှိတာတောင် အထီးကျန်သိပ်ဆန်တာပဲဗျာ။ တခုခုသာ ဖြစ်ရင် အသုဘတောင် တယောက်မှ လာမှာ မဟုတ်ဘူးလို့ စိုးရိမ်ခဲ့ကြရတာဗျ။ အားလုံးက ကိုရိုနာကို ကြောက်နေကြတာလေ။”
အသက် ၅၄ နှစ်အရွယ် အဒေါ်က အသက်ရှူကျပ်လာပြီ ပြောတော့မှဆေးရုံကို အမြန်ပြေးကြရတယ်။ အဲဒီမှာ သူတို့အားလုံး ဆေးစစ်ခဲ့ကြရပါတယ်။
ရောဂါနဲ့အတူတလတာ
မေလတလလုံးဟာ ကိုရိုနာနဲ့ တိုက်ပွဲဆင်နွှဲရတဲ့လပါပဲ။
မူကူးဂတ်ဟာ ဆရာဝန်နဲ့ တောက်လျှောက်ဖုန်းပြောနေခဲ့ရချိန်မှာ ကျန်တဲ့ အိမ်သားတွေက တယောက်နဲ့ တယောက် WhatsApp ကနေ ဆက်သွယ်နေကြရတယ်။
“တယောက်ယောက်ဖျားပြီဆိုတာနဲ့ အိမ်ထဲက အနေအထားကို ပြောင်းလဲ နေရာချထားရတော့တာပဲ။ ဖျားတဲ့သူ ၂ ယောက်ကို တခန်းတည်း အတူတူမထားပါဘူး။”
ကူးစက်လူနာ ၁၁ ယောက်အနက် ၆ ယောက်မှာ ဆီးချို၊ နှလုံး၊ သွေးတိုး စတဲ့ ရောဂါအခံတွေရှိကြတယ်။ သူတို့ကထိခိုက်လွယ်လူနာတွေပါ။
“ရက်ပိုင်းအတွင်းမှာပဲ ကျွန်တော်တို့အိမ်ဟာ ကိုဗစ်ကုသဆောင်ဖြစ်သွားတယ်။ နေကောင်းတဲ့သူတွေ အားလုံးက သူနာပြုတွေပါပဲ။”

ဓာတ်ပုံ ရင်းမြစ်, Getty Images
မိသားစုကြီးတွေဟာ တခြား အစုလိုက် ကူးစက်မှုတွေလိုပါပဲ။ ကွာခြားတာက အသက်အရွယ်စုံရောနှောပါဝင်နေတဲ့ အချက်ပါလို့ ဗိုင်းရပ်စ်ပညာရှင်တွေကဆိုပါတယ်။
“တနေရာတည်းမှာ အသက်အရွယ်စုံရောနှောနေတော့ အသက်ကြီးသူတွေမှာ ပိုပြီး အန္တရာယ်ရှိတာပေါ့။”လို့ ဗိုင်းရပ်စ်ပညာရှင် ဒေါက်တာပါသိုဆာရော့ထီရေးက ဆိုပါတယ်။
မူကူးဂတ်မှာ အသက် ၉၀ အရွယ်အဘိုးအတွက် စိုးရိမ်ပူပန်မှုဟာ တော်တော် ဝန်ထုပ်ဝန်ပိုး ကြီးမားခဲ့တာပါ။
ဒါပေမဲ့ ကမ္ဘာတလွှားက ဆေးပညာရှင်တွေကို မျက်လှည့်ပြခဲ့တဲ့ ဗိုင်းရပ်စ်ဟာ မူကူးဂတ်တို့ မိသားစုထဲမှာလည်း အံ့သြစရာတွေ လုပ်သွားပါတယ်။
၃၀ ကျော်တွေဖြစ်ကြတဲ့ မူကူးဂတ်နဲ့ ဇနီးမှာ ရောဂါလက္ခဏာမပြကြတာက သိပ်မဆန်း၊ ဒါပေမဲ့ အသက် ၉၀ အရွယ်အဖိုးမှာ ပိုးတွေ့တာတောင် ရောဂါလက္ခဏာ မပြတာကတော့ ထူးဆန်းလှချည်ရဲ့။
ရောဂါအခံမရှိတဲ့ မိသားစုဝင်တယောက်ကလည်း ဆေးရုံတင်ရတဲ့ အထိအခြေအနေဆိုးခဲ့တယ်။ ကျန်တဲ့ တခြားလူနာတွေကတော့တွေ့နေကျ ရောဂါလက္ခဏာမျိုးတွေပါပဲ။
မူကူးဂတ်က ဒီဆောင်းပါးကို ဘလော့မှာ သူရေးတာဟာ စိုးရိမ်ပူပန်ပြီး အကူအညီရှာဖွေနေတဲ့ တခြားလူတွေကို သိစေချင်လို့ပါလို့ ဆိုပါတယ်။
“အစတုန်းကတော့ တခြားလူတွေ ဘယ်လိုထင်မလဲဆိုတာကို စိတ်ပူမိတယ်။ ကွန်မန့်တွေကို ဖတ်ကြည့်တော့ ဘာဖြစ်လဲ၊ ရောဂါဖြစ်တာ ရှက်စရာမှ မဟုတ်ပဲလို့ပြောကြတာတွေ တွေ့ရလို့ ဝမ်းသာမိပါတယ်။”
မေလ ဒုတိယပတ်မှာတော့ ရောဂါဟာ တဖြည်းဖြည်း ဆုတ်ခွာလာပါပြီ။ ဆေးစစ်ချက်က တဖြည်းဖြည်း နဂ္ဂတစ်သမား ပိုများလာတော့မှ သူ့မှာ တဖြည်းဖြည်း သက်ပြင်းချနိုင်လာပါတယ်။ သူ့အဒေါ်လည်း နဂ္ဂတစ်ပြပြီးနောက် ဆေးရုံကဆင်းလာပါတယ်။
မိသားစုတခုလုံး တုံးကျော်ခဲ့ပြီလို့ ခံစားကြရပါတယ်။
မူကူးဂတ်က ရောဂါလလို့ ခေါ်တဲ့ မေလကုန်သွားချိန်မှာ သူအပါအဝင် ၃ ယောက်မှာသာ ပိုးတွေ့ရပါတော့တယ်။
ဇွန်လ ၁ ရက်မှာ တတိယအကြိမ်စစ်တော့ “ပိုးမတွေ့” အဖြေ ထွက်လာပါတော့တယ်။
အဆိုးဆုံး၊ အကောင်းဆုံး
တအိမ်ထဲမှာ မိသားစုအများကြီး နေတဲ့ စနစ်မျိုးဟာ တယောက်နဲ့ တယောက် ရိုင်းပင်းကူညီနိုင်ကြပါတယ်။ တပြိုင်တည်းမှာပဲ စိတ်ဝမ်းကွဲကြ၊ အမွေလုကြလည်း ဖြစ်တတ်ပါတယ်။ အခုလို ကပ်ဘေးကြုံလာချိန်မှာတော့ အရေးပေါ် ကယ်ဆယ်ရေး ဖြစ်လာပါတယ်။
“သက်ကြီးရွယ်အိုတယောက်ကို သီးခြားခွဲထားပြီး ကူသူကယ်သူမရှိတဲ့ အခြေအနေမျိုးကို စဥ်းစားကြည့်ပါ။ မိသားစုဖက်စပ်နေတဲ့ အိမ်ထောင်ကြီးမျိုးမှာတော့ ငယ်သူတွေက ကြီးသူကို စောင့်ရှောက်နိုင်ကြတဲ့ ကောင်းကျိုးရှိပါတယ်” လို့ဒေါက်တာဂျွန်က ဆိုပါတယ်။
အိန္ဒိယမှာ ပိုးကူးစက်သူ ၂ သိန်း ၅ သောင်းကျော်သွားပါပြီ။ ငယ်တဲ့သူတွေက ကြီးတဲ့သူတွေဆီ ရောဂါသယ်လာမှာမို့ မိသားစုကြီးတွေဟာ အန္တရာယ်ကြီးတယ်ဆိုတဲ့ အယူအဆက အငြင်းပွားစရာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
“အနောက်တိုင်းတန်ဖိုးနဲ့ ကိုလိုနီစနစ်ရဲ့ နှစ်ပေါင်းရာကျော် နင်းခြေတိုက်ခိုက်မှု အောက်မှာ အိန္ဒိယရဲ့ မိသားစုကြီး စနစ်ဟာ မပျောက်ခဲ့ပါဘူး။ အခု ကိုရိုနာဗိုင်းရပ်စ်ကလည်း ဖက်စပ်မိသားစုကြီး စနစ်ကို ဖျက်ဆီးနိုင်မှာ မဟုတ်ပါဘူး” လို့ ကမ္ပူရ CSJM တက္ကသိုလ်က ပါမောက္ခ ကီရန်လမ်ဘာဂျာက ဆိုပါတယ်။
ဒီအဆိုကို မူကူးဂတ် သဘောတူပါတယ်။
“ဗိုင်းရပ်စ်မဝင်ခင်က မိသားစုကြီးဟာ တဖြည်းဖြည်း ကြီးလာခဲ့ပါတယ်။ ၉၀ ခုနှစ်ကျော်ကာလတွေဆီက ဘောလိဝုဒ် ရုပ်ရှင်ဇာတ်ကားတွေထဲကလိုပါပဲ”လို့ မူကူးဂတ်က ဆိုပါတယ်။
“လော့ဒေါင်း ပထမလမှာလောက် ဘယ်တုန်းကမှ ကျွန်တော်တို့မိသားစုဟာ တစုတစည်းတည်း မရှိဖူးပါဘူး။ မိသားစုအတွက် ပျော်စရာ အကောင်းဆုံးကာလပါပဲ”လို့ သူက ဆိုပါတယ်။
“ကျွန်တော်တို့ဟာ အကောင်းဆုံးနဲ့ အဆိုးဆုံးကို ဖြတ်သန်းပြီး ပိုမိုကြံ့ခိုင်လာကြပါတယ်”လို့လည်းဆိုပါတယ်။
“ရောဂါတကျော့ပြန်လာမယ့် အန္တရာယ်ကို ကျွန်တော်တို့ သတိထားနေကြပါတယ်။ရောဂါအန္တရာယ်ကနေ အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့တဲ့ အရသာကို ကျွန်တော်တို့ ခံစားပျော်ရွှင်နေကြပါတယ်။”








