ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုရိုနာဗိုင်းရပ်စ် - ကိုယ်ထုတ်တဲ့ စည်းမျဉ်းတွေကို ကိုယ်တိုင်မလိုက်နာတဲ့ ခေါင်းဆောင် ၁၀ယောက်
- ရေးသားသူ, ဆွာမိနာသန် နာတာရာဂျန်
- ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတလွှားအစီအစဉ်
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၄
မွေးလာစ မြေးဦးကလေးကို ထွေးပွေ့ချီပိုးခွင့်မရတဲ့ အဖိုးအဖွားတွေ၊ ကိုယ့် မိဘဆွေမျိုးရင်းရဲ့ စျာပနကိုမှ လိုက်ပို့ခွင့်မရကြသူတွေ၊ ကြေကွဲစရာ ခွဲနေကြရတဲ့ မိတ်ဆွေတွေ၊ ချစ်သူတွေ - ကိုဗစ်ကာလအတွင်းမှာ ဒီဇာတ်လမ်းတွေက အများကြီးပါ။
ဗိုင်းရပ်စ်ပိုး မပြန့်ရအောင် ချမှတ်ခဲ့ရတဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေကို လူပေါင်းသန်းပေါင်းများစွာက အခက်အခဲကြီးကြီးမားမားတွေကြားမှာ နာခံခဲ့ လိုက်နာခဲ့ကြပါတယ်။ တစ်ကိုယ်ရေ စွန့်လွှတ်ရ အနာခံရမှုတွေ အများကြီးနဲ့ပါ။
ဒီလိုချမှတ်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာဘူးဆိုရင်လည်း ပြစ်ဒဏ်ချအရေးယူခံရတာမျိုး၊ ဒဏ်ငွေတွေပေးဆောင်ရတာမျိုး ကြုံခဲ့ကြရပါတယ်။ ဆိုရှယ်ဒစ်စတန့်စင်းလို့ခေါ်တဲ့ လူချင်းခပ်ခွာခွာနေရမယ်ဆိုတဲ့ စည်းကမ်းဟာ ကိုဗစ်ကာလမှာ နိုင်ငံတိုင်းလိုလိုက ထုတ်ပြန်ခဲ့တဲ့ သံမဏိစည်းကမ်းတစ်ခုပါ။
ဒါပေမဲ့ အဲဒီလိုစည်းမျဉ်းတွေကို ထုတ်ပြန်ခဲ့တဲ့ နိုင်ငံခေါင်းဆောင်တွေ၊ ထုတ်ပြန်ဖို့ အကြံပြုခဲ့တဲ့ သိပ္ပံပညာရှင်တွေ၊ အကြံပေးသမားတွေကိုယ်တိုင် မလိုက်နာ ဖောက်ဖျက်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
ဒီဆောင်းပါးမှာတော့ အဲဒီလို စည်းကမ်းမလိုက်နာခဲ့ဘူးလို့ စွပ်စွဲခံရသူတွေထဲက နာမည်ကျော် ပုဂ္ဂိုလ်ဆယ်ယောက်အကြောင်း ကြည့်ကြရအောင်ပါ။
ဒေါ်နယ်ထရမ့်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသက်ဆုံးခဲ့ရသူတွေဟာ အမေရိကန်ပြည်ထောင်စုမှာဆို တစ်ကမ္ဘာလုံးမှာ သေဆုံးသူရဲ့ ၃၀ ရာခိုင်နှုန်းလောက် ရှိခဲ့ပါတယ်။
ဧပြီလ ပထမအပတ်ထဲမှာတော့ အမေရိကန်က ကူးစက်ရောဂါထိန်းချုပ်ရေးဌာန ဒီဒီစီက အပြင်ကိုထွက်တဲ့ အမေရိကန်တိုင်း နှာခေါင်းစည်းတပ်ကြဖို့ အကြံပြုခဲ့ပါတယ်။
သမ္မတထရမ့်ကတော့ အဲဒီ ညွှန်ကြားချက်ကို သူနဲ့ မဆိုင်သလို ပြောခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်တော့ ဒါမျိုး မတပ်ချင်ပါဘူးဗျာ လို့ပြောပြီး သူ့ရုံးခန်းမှာ တခြားကမ္ဘာ့ခေါင်းဆောင်တွေကို လက်ခံတွေ့ဆုံတုန်း သူ့မျက်နှာကို ဖုန်းထားရတဲ့ ပုံမျိုး မြင်ကြည့်လို့တောင် မရပါဘူးလို့လည်း ပြောပါတယ်။
မီရှီဂန်လိုပြည်နယ်မှာတော့ အပြင်ထွက်တဲ့အခါ တခြားလူတွေနဲ့ အနီးအနားမှာ ရှိနေချိန် မျက်နှာဖုံး နှာခေါင်းစည်းကို မတပ်မနေရလို့ စည်းကမ်းထုတ်ထားပါတယ်။
မေလ ၂၁ ရက်နေ့မှာတော့ သမ္မတထရမ့်ဟာ မီရှီဂန်ကို ရောက်လာပြီး အသက်ရှူစက်တွေ ထုတ်ပေးနေတဲ့ ဖို့ဒ် ကားကုမ္ပဏီကို လာကြည့်ခဲ့ပါတယ်။ သူ့ကို စက်ရုံတွင်းလိုက်ပြနေတဲ့ ကုမ္ပဏီအရာရှိကြီးတွေအားလုံးက နှာခေါင်းစည်းတွေ တပ်ထားကြပါတယ်။ သမ္မတကတော့ မတပ်ခဲ့ပါဘူး။
သတင်းထောက်တွေက ဝိုင်းမေးတဲ့အခါမှာတော့ မစ္စတာထရမ့်က ကင်မရာတွေမမြင်ရတဲ့ အချိန်က သူတပ်ထားခဲ့ပါတယ်လို့ ဖြေပါတယ်။
မီဒီယာတွေ ပျော်သွားအောင် ကျွန်တော်တော့ သူတို့ရှေ့တပ်မပြချင်ပါဘူးလို့ ပြောရင်း တဆက်တည်း နှာခေါင်းစည်းနဲ့ ကျွန်တော့်ပုံက ပိုကြည့်ကောင်းမယ်ထင်တာပဲ လို့လည်း ဆက်ပြောသွားပါတယ်။
ပြည်နယ်ရှေ့နေချုပ် ဒါနာနက်ဆယ်ကတော့ သိပ်သဘောကျပုံမရပါဘူး၊ ဒါကြောင့် သူက သမ္မတဟာ စည်းကမ်းမလိုက်နာချင်တဲ့ ကလေးဆိုးကြီးနဲ့ တူတယ်လို့ ဆိုပါတယ်။
သမ္မတကတော် မယ်လာနီယာထရမ့်ကတော့ လူတွေ အိမ်ပြင်ထွက်ရင် နှာခေါင်းစည်းတပ်ကြဖို့ ကူးစက်ရောဂါတိုက်ဖျက်ရေးဌာန စီဒီစီရဲ့ ညွှန်ကြားချက်ကိုလိုက်နာကြဖို့ ဗီဒီယိုကနေ သတင်းစကားပါးခဲ့ပြီး ကိုယ်တိုင် နှာခေါင်းစည်းတပ်ထားတဲ့ ပုံကိုလည်း ဆိုရှယ်မီဒီယာမှာ တင်ခဲ့ပါတယ်။
အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဦးရေကတစ်သိန်းကျော်ရှိခဲ့ပါတယ်။
ဗလာဒီမီယာ ပူတင်
ရုရှားသမ္မတကတော့ သူဟာ လုပ်စရာရှိတာကို အလျင်အမြန်လုပ်တတ်သူပါဆိုတဲ့ ပုံရိပ်ကို လူထုဆီပြနိုင်ဖို့ အမြဲကြိုးစားလေ့ရှိပါတယ်။ ရုရှားမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တော်တော်လေး ပျံ့နှံ့လာချိန် မတ်လ ၂၄ ရက်နေ့ကတော့ သူဟာ မော်စကိုမြို့က ဆေးရုံတစ်ရုံကို ရောက်လာပြီး အဲဒီက ပြင်ဆင်မှုတွေကို လာစစ်ဆေးခဲ့ပါတယ်။
ဆေးရုံအဆောက်အအုံထဲ လှည့်ကြည့်နေတုန်းကတော့ သူဟာ အန္တရာယ်ကာကွယ်ရေးဝတ်စုံကို ဝတ်ထားခဲ့ပေမယ့် ဆရာဝန်တွေနဲ့ စကားပြောချိန်မှာတော့ ဘာအကာအကွယ်မှ ဝတ်မထားတော့ပါဘူး။
အဲဒီလိုလုပ်ခဲ့တာဟာ အန္တရာယ်ကင်းတဲ့ လုပ်ရပ်တော့မဟုတ်ပါဘူး။ သူ လက်ဆွဲနှုတ်ဆက်ခဲ့တဲ့ ဆေးရုံအုပ် ဒင်းနစ် ပရိုဆင်းကိုက နောက်ရက်ပိုင်းမှာပဲ ကိုယ်ရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူမှန်း ဆေးစစ်တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် သမ္မတပူတင်ရော ပိုးကင်းရဲ့လားဆိုတဲ့ မေးခွန်းတွေ ထွက်လာစေခဲ့ပါတယ်။
အဲဒီအချိန်ကစလို့ မစ္စတာပူတင်က အပြင်ထွက်တာ လူတွေနဲ့ တွေ့တာတွေကို လျှော့ချလိုက်ပြီး အစည်းအဝေး အများစုကိုလည်း သူ့ နေအိမ်ကပဲ လုပ်ပါတော့တယ်။
ဒါပေမယ့် မေလအတွင်းမှာတော့ သူ လူကြားထဲထွက်ပြီး အခမ်းအနားနှစ်ခု လာတက်ခဲ့ပါတယ်။ တစ်ခုက ဒုတိယကမ္ဘာစစ်ပြီးတဲ့ နှစ်ပတ်လည် အခမ်းအနားပါ။
သမ္မတပူတင် ကရင်မလင်နန်းတော်ကို ဘယ်တော့ပြန်လာပြီး ရုံးတက်မလဲ၊ လုပ်ငန်းတွေ ပုံမှန် ပြန်စမလဲဆိုတဲ့ ရိုက်တာသတင်းထောက်ရဲ့ အမေးကိုလည်း သမ္မတအိမ်တော်ပြောခွင့်ရသူက မဖြေပါဘူး။
ဇွန်လ ၂ ရက်နေ့အထိ ရုရှားမှာ ဗိုင်းရပ်စ်ပိုးတွေ့သူ ၄၂၃၁၈၆ ရှိပြီး သေဆုံးသူ ၅၀၀၀ ကျော်ပါတယ်။ အမေရိကားနဲ့ ဘရာဇီးလ်ပြီးရင် ကူးစက်ခံရသူ ဦးရေ အများဆုံးတွေ့ရတဲ့ နိုင်ငံပါ။
ဘင်ဂျမင်နက်တာညာဟု
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နက်တာညာဟုနဲ့ သမ္မတ ရူဘင်ရစ်ဗလင်တို့ဟာ ပတ်စ်အိုဗာ ဂျူးဘာသာရေးပွဲတော်ကာလအတွင်း သူတို့ရဲ့ သားကြီး သမီးကြီးတွေနဲ့အတူ ညစာစားပွဲလုပ်ခဲ့ကြလို့ အဝေဖန်ခံနေရပါတယ်။ တကယ်တော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီလိုမိသားစုပွဲ မလုပ်ကြဖို့ သူတို့က ပြီးခဲ့တဲ့ ရက်ပိုင်းကမှ တစ်နိုင်ငံလုံးက လူထုကို ပန်ကြားထားတာဖြစ်ပါတယ်။
ပတ်စ်အိုဗာပွဲတော်ကာလမတိုင်ခင်ကလေးမှာပဲ နက်တာညာဟုက နိုင်ငံတစ်ခုလုံးကို ကန့်သတ်ပိတ်ဆို့မှုတွေ ချထားဖို့ ညွှန်ကြားခဲ့ပြီး မိသားစုတွေ အနေနဲ့လည်း သက်ကြီးရွယ်အိုတွေကို ရောဂါပိုးကူးစက်မှု ရှောင်နိုင်အောင် ပွဲတော်အထိမ်းအမှတ် ညစာစားပွဲကြီးတွေ မလုပ်ကြဖို့ အထူးပြုမှာကြားခဲ့ပါတယ်။
ဒါပေမယ့် အဲဒီလို ပြောပြီးလို့ ရက်ပိုင်းပဲ အကြာမှာ မစ္စတာ နက်တာညာဟုကို ပတ်စ်အိုဗာနေ့မှာ သူ့သားနဲ့ ညစာစားနေတဲ့ ဓာတ်ပုံထွက်ပေါ်လာပါတယ်။
မစ္စတာနက်တာညာဟုနဲ့ အနီးကပ်ရှိသူတွေကတော့ သူ့သား အက်ဗနာဟာ သူ့အဖေအိမ်ကို နေ့တိုင်း နာရီအတော်ကြာလာနေတတ်ပြီး ကိုယ်တိုင်လည်း အနားက တိုက်ခန်းတစ်ခုမှာ နေတာပါလို့ ရှင်းချက်ထုတ်ကြပါတယ်။ ဒါပေမယ့် အစ္စရေး မီဒီယာတွေကတော့ ဒါကို မယုံကြပါဘူး။
သမ္မတ ရူဗင်ရစ်ဗလင်လည်း သူ့ သမီးတွေကို ညစာပွဲတော်နဲ့ ဧည့်ခံခဲ့လို့ အဝေဖန်ခံနေရပါတယ်။
အဲဒီ သတင်းအပြင်ကို ပေါက်ကြားလာတော့ သမ္မတက လူသိရှင်ကြား ထုတ်ဖော်တောင်းပန်ခဲ့ပါတယ်။
ဘာသာရေးအခမ်းအနားတက်သူ
အိန္ဒိယမှာ မတ်လ ၂၄ ရက်နေ့က စလို့ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက တစ်နိုင်ငံလုံးကို အသွားအလာကန့်သတ်ပြီး ပိတ်ထားဖို့ အမိန့်ထုတ်လိုက်တဲ့အတွက် လူပေါင်း သန်း တစ်ထောင့်သုံးရာကျော် ပိတ်မိသွားခဲ့ပါတယ်။ ဘုရားကျောင်းတွေလို ဘာသာရေးဝတ်ပြုရာ နေရာတွေလည်း ပိတ်ထားခဲ့ပါတယ်။
အိန္ဒိယရဲ့ မြို့ကြီးတွေမှာ လာအလုပ်လုပ်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမား သန်းပေါင်းများစွာဟာရုတ်တရက် အလုပ်တွေ မရှိတော့ပဲ ဖြစ်သွားလို့ မြို့တွေမှာ မနေနိုင်ကြတော့ပဲ သူတို့ဇာတိ ကျေးလက်တွေဆီကို ကီလိုမီတာ ရာပေါင်းများစွာခရီး ခြေလျင်လျှောက်ပြီး ပြန်ကြရပါတယ်၊ လမ်းခရီးမှာပဲ သေဆုံးသူ ရာနဲ့ချီ ရှိခဲ့ပါတယ်။
အဲဒီလို အခြေအနေမျိုး ရှိနေချိန်မှာ ထင်ရှားတဲ့ နိုင်ငံရေးသမား တစ်ယောက်ဖြစ်တဲ့ ယိုဂီ အဒိတာရားနားကတော့ လော့ခ်ဒေါင်းတွေ စချတဲ့ နေ့မှာပဲ အဲဒီစည်းမျဉ်းကို ချိုးဖောက်ခဲ့ပါတယ်။
သူကတော့ အိန္ဒိယရဲ့ လူဦးရေအထူထပ်ဆုံး ပြည်နယ်တစ်ခုဖြစ်တဲ့ အူတာပရာဒက်ရှ်ပြည်နယ်ရဲ့ ဝန်ကြီးချုပ်ပါ။ သူ့ပြည်နယ်မှာ နေထိုင်သူက သန်း ၂၃၀ ကျော်ရှိပါတယ်။ သူက အယိုးဒယမြို့က ဟိန္ဒူနဲ့ မွတ်ဆလင်တွေ အကြားပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ နေရာတစ်ခုမှာ ဘုရားကျောင်းတစ်ခု ဆောက်လုပ်ဖို့ ဘာသာရေးအခမ်းအနားတစ်ခု တက်နေတဲ့ သူ့ရဲ့ ပုံတွေကို တင်ခဲ့ပါတယ်။
နောက်တစ်လအကြာမှာ သူ့ရဲ့ ဖခင်ကွယ်လွန်တဲ့အခါမှာတော့ သူက မိခင်နဲ့ဆွေမျိုးတွေကို အသုဘအခမ်းအနားတက်ရင် လော့ခ်ဒေါင်းချထားတဲ့ စည်းမျဉ်းတွေကို လိုက်နာဖို့ အကြံပြုခဲ့ပြီး သူကိုယ်တိုင်တော့ ဖခင်ရဲ့ စျာပနကို မတက်ရောက်ခဲ့ပါဘူး။
အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေထဲက သေဆုံးမှု
နိုင်ဂျီးရီးယားမှာတော့ ဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားမှာကိုစိုးရိမ်မှုဟာ အစိုးရထိပ်ဆုံးပိုင်းခေါင်းဆောင်တွေဆီအထိ ရှိနေခဲ့ပါတယ်။ သမ္မတရဲ့ သြဇာကြီးတဲ့ အကြံပေးပုဂ္ဂိုလ် အာဘာကိုင်ယာရီနဲ့ ဘောင်ချီပြည်နယ် အုပ်ချုပ်ရေးမှူး တို့ နှစ်ယောက်စလုံးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိနေပြီဆိုတာ မတ်လ ၂၆ ရက်နေ့က တွေ့ခဲ့ရပါတယ်။
အသက် ၆၀ ကျော်နေပြီဖြစ်တဲ့ ကိုင်ယာရီက မတ်လအစောပိုင်းက ဂျာမနီက ပြန်လာခဲ့တာပါ။
သမ္မတ မိုဟာမာဒူ ဘူဟာရီ၊ ဒုတိယသမ္မတ ယယ်မီ အိုဆင်ဘာဂျိုနဲ့ တခြား ပြည်နယ်အုပ်ချုပ်ရေးမှူး ၁၆ ယောက်တို့တက်တဲ့ အာဏာရပါတီအစည်းအဝေးကို သူလည်းတက်ခဲ့ပါတယ်။
အဲဒီနောက်မှာ သမ္မတနဲ့ ဒုတိယသမ္မတတို့ကိုလည်း ဗိုင်းရပ်စ်ပိုး စစ်ဆေးခဲ့ပြီး နှစ်ယောက်စလုံးမှာ ပိုးမတွေ့ခဲ့ဘူးလို့ အရာရှိတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
နောက် တစ်လအကြာ ဧပြီ၁၇ ရက်နေ့မှာတော့ ကိုင်ယာရီကွယ်လွန်ခဲ့ပါတယ်။ သူဟာ ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ရတဲ့ နာမည်ကြီးနိုင်ငံရေးသမားတွေထဲက တစ်ဦး ဖြစ်လာပါတယ်။
နိုင်ဂျီးရီးယားမှာ ကိုရိုနာကြောင့် လူပေါင်း ၃၀၀ လောက် အသက်ဆုံးခဲ့ပါတယ်။
အပြစ်ပေးခံလိုက်ရတဲ့ ဝန်ကြီး
တောင်အာဖရိကက ဆက်သွယ်ရေးဝန်ကြီး စတယ်လာ ဒါဘင်နီ အေဘရာဟမ်စ်ဟာ အိမ်ထဲမှာပဲ နေကြဖို့ စည်းကမ်းတွေကို ချိုးဖောက်ခဲ့လို့ အထူးခွင့်နဲ့ နှစ်လကြာအနားယူလိုက်ရပြီး လူသိရှင်ကြားတောင်းပန်ဖို့ကိုလည်း သမ္မတ စီရယ် ရာမာဖိုးဆားက ညွှန်ကြားခဲ့ပါတယ်။
ဆိုရှယ်မီဒီယာပေါ်တက်လာတဲ့ ဓာတ်ပုံတစ်ပုံမှာ ဝန်ကြီးက ဒုတိယဝန်ကြီးဟောင်းတစ်ယောက်ရဲ့ အိမ်မှာ တခြားလူ ငါးယောက်နဲ့အတူ နေ့လယ်စာ စားနေတာကို တွေ့ခဲ့ရပါတယ်။
ဒီသတင်းထွက်လာပြီးတဲ့နောက်မှာတော့ ဝန်ကြီးက တောင်းပန်ခဲ့ပါတယ်။
ကျွန်မ လုပ်ရပ်အတွက် အထူးပဲ ဝမ်းနည်းမိပါတယ်။ သမ္မတနဲ့ တောင်အာဖရိက နိုင်ငံသားတွေက ကျွန်မကို ခွင့်လွှတ်နိုင်ကြဖို့ မျှော်လင့်ပါတယ်လို့ ဒါဘင်နီအေဘရာဟမ်စ်က ပြောပါတယ်။
သမ္မတကတော့ တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ငွေဆောင်ခဲ့ရတဲ့ ကျန်းမာရေးအရာရှိ
မလေးရှား ဒုတိယကျန်းမာရေးဝန်ကြီးကတော့ နိုင်ငံအတွင်းထုတ်ပြန်ထားတဲ့ အပြင်မထွက်ရ အမိန့်ကို ချိုးဖောက်တာတွေ့ခဲ့ရလို့ ဒဏ်ငွေပေးဆောင်ခဲ့ရပါတယ်။
နူးရ်အာဇမီ ဂါဇာလီတစ်ယောက် အစ္စလာမ်ဘာသာရေးကျောင်းတစ်ခုမှာ သွားပြီးစားသောက်နေတဲ့ ဓာတ်ပုံတစ်ပုံ ဆိုရှယ်မီဒီယာပေါ်တက်လာပြီးတဲ့နောက် အမေရိကန်ဒေါ်လာ ၃၂၅ နဲ့ ညီမျှတဲ့ ဒဏ်ငွေပေးဆောင်ဖို့ အမိန့်ချခံခဲ့ရပါတယ်။
သူ့အပြုအမူအပေါ် ဝေဖန်မှုတွေလည်း ဆိုရှယ်မီဒီယာပေါ်မှာ အများကြီးရှိခဲ့ပါတယ်။ တွစ်တာမှာ ရေးထားတဲ့ မှတ်ချက်တစ်ခုမှာတော့ သူ့ရဲ့ "မီဒီယာတွေရှေ့ ပြောဆိုပြုမူမှုတွေ" နဲ့ "မီဒီယာတွေပြန်သွားချိန်အပြုအမူတွေ" ကွာခြားပုံကို နှိုင်းယှဉ်ဝေဖန်ထားပါတယ်။
ကိုရိုနာပျံ့ပွားမှု ထိန်းချုပ်နိုင်အောင် မလေးရှားမှာ တင်းကြပ်တဲ့ စည်းမျဉ်းတွေထုတ်ထားပြီး မလိုက်နာသူ ထောင်ချီပြီးကိုလည်း အရေးယူတာတွေ လုပ်ခဲ့ပါတယ်။
ကိုယ်ပေးတဲ့ သတင်းစကားကို ကိုယ်တိုင်ဖောက်ဖျက်မိသူ
ဗြိတိန်မှာတော့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကိုယ်တိုင် ကိုဗစ်-၁၉ ရောဂါကို အပြင်းအထန် ခံစားလိုက်ရပြီး အထူးကြပ်မတ်ကုသခန်းထဲမှာ ရက်တော်တော်ကြာအောင် နေလိုက်ရပါတယ်။
သူကိုယ်တိုင် ဆေးရုံမရောက်ခင်မှာ မစ္စတာဂျွန်ဆင်က လူတွေအသွားအလာကို ကန့်သတ်တဲ့ စည်းကမ်းတွေ ထုတ်ပြန်ခဲ့ပါတယ်။
ဒါကြောင့်ပဲ လူအတော်များများက သူတို့ စီစဉ်ထားပြီးသား မင်္ဂလာပွဲတွေ၊ စျာပနအခမ်းအနားတွေနဲ့ တခြား လူတွေစုဝေးကျင်းပမယ့်ပွဲတွေ ဖျက်သိမ်း ရွှေ့ဆိုင်းတာတွေ လုပ်လိုက်ရပါတယ်။
အဲဒီအချိန်မှာပဲ အခုလို စည်းမျဉ်းတွေ ထုတ်ပြန်ရအောင် အဓိက အကြံပေးခဲ့တဲ့ အစိုးရရဲ့ အရေးပေါ်အခြေအနေများအတွက် သိပ္ပံဆိုင်ရာအကြံပေးအဖွဲ့က နာမည်ကျော်ပညာရှင် ပါမောက္ခနီးလ်ဖာဂူဆင်တစ်ယောက် ရာထူးက နုတ်ထွက်ပေးရဖို့ ဖြစ်လာပါတယ်။ သူက ဝန်ကြီးချုပ်ရဲ့ အဓိက အကြံပေးပါ။
အကြောင်းကတော့ ပါမောက္ခဖာဂူဆင်နဲ့ ချစ်ကျွမ်းဝင်နေသူ အမျိုးသမီးတစ်ယောက်က သူ့အိမ်ကို လော့ခ်ဒေါင်းချ အသွားအလာကန့်သတ်ထားတဲ့အချိန်မှာ လာခဲ့တယ်ဆိုတာကို သတင်းစာတစ်စောင်က ဖွင့်ဟဖော်ထုတ်လိုက်လို့ ဖြစ်ပါတယ်။
မစ္စတာဖာဂူဆင်ကတော့ သူ့ရဲ့ "ဆင်ခြင်တုံတရားလွဲမှားသွားပါတယ်" လို့ ဝန်ခံပြီး၊ လူတွေ အချင်းချင်း ခပ်ခွာခွာနေကြဖို့ သတင်းစကားကို သူ့အပြုအမူက "အားပျော့ပျက်ယွင်းစေခဲ့တဲ့ အတွက်" ဝမ်းနည်းရပါကြောင်း တောင်းပန်စကားဆိုခဲ့ပါတယ်။
ဖြစ်ချင်တော့ သူ စည်းမျဉ်းချိုးဖောက်ခဲ့တယ်ဆိုတဲ့ သတင်းထွက်လာချိန်ဟာ ဗြိတိန်က အီတလီကို ကျော်ပြီး ဥရောပမှာ ကိုဗစ်ကြောင့် လူသေဆုံးမှုအများဆုံးဖြစ်သွားခဲ့တဲ့ နေ့နဲ့တိုက်ဆိုင်လို့ နေပါတယ်။
ယူကေမှာ အခုလို လော့ခ်ဒေါင်းစည်းမျဉ်းတွေ ဖောက်ဖျက်မိလို့ ပြဿနာရှိသွားတဲ့ အစိုးရ အကြံပေးပညာရှင်က ပါမောက္ခဖာဂူဆင် တစ်ယောက်ထဲတော့ မဟုတ်ပါဘူး။
ဧပြီလတုန်းက စကော့တလန်ရဲ့ ဆေးမှူးချုပ်အမျိုးသမီးဟာ လော့ခ်ဒေါင်းချထားတဲ့ကာလအတွင်း သူ့ရဲ့ နောက်ထပ်အိမ်ဆီ နှစ်ကြိမ်သွားခဲ့တယ်ဆိုတာ ပေါ်ထွက်လာပြီးတဲ့နောက်မှာ ရာထူးက နုတ်ထွက်သွားပါတယ်။
ဒေါက်တာကက်သရင်း ကယ်လဒါဝုဒ်က သူ့လုပ်ရပ်အတွက်တောင်းပန်ခဲ့ပေမယ့် ရာထူးမှာဆက်နေသွားဖို့ ကနဦးက ပြင်ဆင်ခဲ့ပါတယ်။
ဒါပေမယ့် မီဒီယာတွေကရော လူထုကပါ သူ့လုပ်ရပ်အပေါ် ဝေဖန်မှုတွေ တိုးတက်လာခဲ့တဲ့အခါမှာတော့ ရွေးစရာလမ်း မရှိတော့ပဲ ရာထူးက ဆင်းပေးလိုက်ရပါတော့တယ်။
ဒါပေမယ့် နောက်ထပ် နာမည်ကြီး အစိုးရအကြံပေးတစ်ယောက်ကတော့ ကိုရိုနာစည်းမျဉ်းတွေကို ဖောက်ခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေ အပြင်းအထန်ကြုံနေရတဲ့ကြားကပဲ ရာထူးမှာ ဆက်နေနေပါသေးတယ်။
ဝန်ကြီးချုပ် မစ္စတာဂျွန်ဆင်ရဲ့ လူယုံတော်အကြံပေးပုဂ္ဂိုလ် ဒိုမစ်နစ်ကမ်းမင်းစ်ဟာ လော့ခ်ဒေါင်းချထားတဲ့ကာလတွင်း သူ့ရဲ့ လန်ဒန်အိမ်ကနေ မိုင် ၂၆၀ ကျော်ကားမောင်းပြီး အင်္ဂလန်မြောက်ပိုင်းက ဒါဟမ်မြို့ကိုသွားခဲ့တယ်ဆိုတဲ့ သတင်းထွက်လာခဲ့တဲ့နောက်မှာတော့ ဝန်ကြီးချုပ်အပေါ် ဒေါသတကြီးဖိအားပေးမှုတွေ ထွက်ပေါ်လာပါတော့တယ်။
မစ္စတာကမ်းမင်းစ်ကတော့ သူ စည်းမျဉ်းချိုးဖောက်တာ တစ်ခုမှ မရှိခဲ့ဘူးဆိုပြီး ရာထူးက ဆင်းပေးဖို့လည်း ငြင်းဆန်ခဲ့ပါတယ်။
ရဲဘက်ကတော့ မစ္စတာကမ်းမင်းစ်ရဲ့ လုပ်ရပ်ဟာ စည်းမျဉ်းကို အနည်းအပါးချိုးဖောက်တယ်လို့ မှတ်ယူရင်ရနိုင်တယ်လို့ ဆိုခဲ့ပေမယ့် ဝန်ကြီးချုပ် ကိုယ်တိုင်က သူ့လူကို အပြည့်အဝထောက်ခံနေတော့ သူ ရာထူးမှာ ဆက်ရှိနေမယ်လို့ပဲ ယူဆရပါတယ်။
ဗြိတိန်ဟာ ကိုဗစ်-၁၉ ကြောင့် လူသေဆုံးမှု ကမ္ဘာမှာဒုတိယအများဆုံးနိုင်ငံ ဖြစ်ပြီး ဇွန်လပထမပတ်အထိ စုစုပေါင်း လေးသောင်းကျော် အသက်ဆုံးခဲ့ပါပြီ။
(ဒီသတင်းဆောင်းပါးကို နိုင်ဂျီးရီးယားက ဘီဘီစီသတင်းထောက် ကက်သရင်းဗျာရူဟန်ဂါလည်း အားဖြည့်ရေးသားခဲ့ပါတယ်။)