ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုရိုနာဗိုင်းရပ်စ်- အိမ်အပြန် မလှခဲ့ကြသူတွေ
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် အိန္ဒိယမှာ မတ်လထဲ လော့ခ်ဒေါင်းအမိန့် ထုတ်ပြန်လိုက်တော့ သိန်းနဲ့ချီတဲ့ လက်လုပ်လက်စား အလုပ်သမားတွေ အလုပ်တွေမရှိ ဝင်ငွေရလမ်းတွေ ပိတ်ကုန်ပါတယ်။
ဆောက်လုပ်ရေးတွေ၊ လုပ်ငန်းလည်ပတ်ရေးတွေမှာ သူတို့ ကူညီလုပ်ကိုင်ခဲ့တဲ့ မြို့တွေက နေ့ချင်းညချင်း သူတို့ကို ငဲ့မကြည့်ကြတော့ပါဘူး။ အိမ်ပြန်ဖို့လုပ်တဲ့ အချိန်မှာလည်း ဘတ်စ်ကားနဲ့ ရထားတွေ ဆိုင်းငံ့ထားလိုက်ပါပြီ။
မြို့မှာဆက်နေရင် ထမင်းငတ်တော့မှာပဲ ဆိုပြီး အမျိုးသားတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေ အုပ်လိုက်ကြီးဟာ သူတို့ရွာတွေဆီ ပြန်ဖို့ နွားနို့ကားတွေ၊ ရေတင်ကားတွေ၊ ကုန်တင်ကားတွေ၊ သုံးဘီးကားတွေနဲ့ လူကြုံ လိုက်ခဲ့ကြသူတွေ ရှိသလို တချို့ကလည်း စက်ဘီးတွေနဲ့ ခရီးရှည်ကြီးကို စခဲ့ကြပါတယ်။
အတော်များများကတော့ ရွေးစရာလမ်း မရှိလို့ ခြေလျင်လျှောက် ပြန်ခဲ့ကြရပါတယ်။ အိမ်ပြန်ရောက်ဖို့တချို့က ကီလိုမီတာ ရာလောက်သာ လျှောက်ရပေမဲ့ တချို့လူတွေကတော့ ကီလိုမီတာ ထောင်ကျော်ခရီးရှည်ကြီးကို ခြေလျင်လျှောက်ခဲ့ကြရပါတယ်။
တချို့တွေဆို ကလေးငယ်လေးတွေ၊ ကိုယ်ဝန်သည် မိန်းမတွေနဲ့ အတူ ပြန်ခဲ့ကြတာပါ။ တစ်သက်လုံးစုဆောင်းထားသမျှ ပစ္စည်းတွေကို အဝတ်အိတ်တွေထဲ ထည့်ထုတ်ပိုးပြီး ထမ်းလာရပါသေးတယ်။
အတော်များများက အိမ်အရောက် မပြန်နိုင်ကြပါဘူး။ အိမ်အပြန် လမ်းမှာတင် ဆုံးပါးသွားခဲ့ကြသူတွေ အများကြီးထဲက ကြေကွဲစရာဖြစ်ရပ်တချို့ကို ဒီဆောင်းပါးမှာ ဖော်ပြပေးသွားမှာပါ။
မိသားစုလေးယောက်ရဲ့အပြန်ခရီး
မိသားစုအနာဂတ်အတွက် ရည်ရွယ်ပြီး ဆန်ဂျူ ယာဒက်၊ သူ့ခင်ပွန်း ရာဂျန်းနဲ့ ကလေး နှစ်ယောက်ဖြစ်တဲ့ နီတင်နဲ့ နန်ဒီနီတို့ဟာ သူတို့ရဲ့ ရှိစုမဲ့စုလေးကို ပိုက်ပြီး အိန္ဒိယရဲ့ စီးပွားရေးမြို့တော် မွန်ဘိုင်းကို လွန်ခဲ့တဲ့ ၁ဝနှစ်က ရောက်လာခဲ့ကြတာပါ။
ဒီမြို့မှာ ကြီးပြင်းရင် သူ့ကလေးတွေ တိုးတက် ကောင်းစားကြလိမ့်မယ်လို့ ဆန်ဂျူက မျှော်လင့်ထားခဲ့တာပါ။
"ရွာမှာနေရတာကို ဆန်ဂျူက မကြိုက်လို့တော့ မဟုတ်ပါဘူး။ မွန်ဘိုင်းမှာက ကျွန်တော်တို့ အားလုံးအတွက် အခွင့်အရေးတွေ ပိုရှိတယ်ဆိုတာ သူသိလို့ပါ" လို့ ခင်ပွန်းသည် ရာဂျန်းက ရှင်းပြပါတယ်။
တကယ့်တကယ်မှာလည်း ရာဂျန်းကို မြို့မှာ အလုပ်တက်လုပ်ဖို့ ဇနီးဖြစ်သူကပဲ အားပေး တိုက်တွန်းခဲ့တာပါ။
"စက်ရုံတစ်ရုံမှာ တစ်နေ့ ၈ နာရီ ကျွန်တော် အလုပ်လုပ်ခဲ့တယ်။ ဒါပေမဲ့ ဒါ့ထက်ကောင်းတဲ့ အလုပ်တစ်ခုခု ရှာဖို့ ဆန်ဂျူက တိုက်တွန်းခဲ့လို့ ဈေးလှည်းတစ်ခု ဝယ်ပြီး ညနေ ၄ နာရီကနေ ည ၁၀ နာရီအထိ မုန့်ပဲသရေစာတွေ ကျွန်တော်တို့ ရောင်းခဲ့ကြတယ်"
"ကျွန်တော့်ကို မြင့်မြင့်ကြံဖို့ သူပဲ တွန်းအားပေးခဲ့တာပါ။ လခစားအလုပ်ထက် ကိုယ်ပိုင်စီးပွားရေးလုပ်တာက ပိုကောင်းတယ်လို့ သူက အမြဲပြောပါတယ်။ လခစားဘဝတုန်းက ပုံသေလစာပဲ ရခဲ့တာလေ၊ ကိုယ်ပိုင်စီးပွားရေးကတော့ ကိုယ်လုပ်ရင်လုပ်သလောက် ကြီးပွားနိုင်တယ်မို့လား"
ပင်ပင်ပန်းပန်း ကြိုးစား လုပ်ခဲ့ကြတဲ့ အကျိုးရလဒ်ကို လွန်ခဲ့တဲ့ ၂ နှစ်လောက်က စခံစားခဲ့ကြရပါတယ်။ ရာဂျန်း စုထားတဲ့ငွေနဲ့ ဘဏ်ချေးငွေကို ပေါင်းပြီး သုံးဘီးလေးတစ်စီး ဝယ်ခဲ့ကြပါတယ်။ သုံးဘီးငှားစားရာကနေ ဆန်ဂျူတို့မိသားစု ဝင်ငွေ ပိုရလာပါတယ်။
ဒါပေမယ့် အဲဒီအချိန်မှာပဲ ကိုရိုနာဗိုင်းရပ်စ် ကပ်ဆိုးကြီး ဖြစ်လာခဲ့ပါတော့တယ်။
မတ်လ ၁၉ ရက်နေ့တုန်းက ကိုရိုနာဗိုင်းရပ်စ်အကြောင်း ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ တီဗီပေါ်ကနေ ပြောခဲ့တာကို သူတို့ ပထမဆုံးအကြိမ် ကြားခဲ့ရပါတယ်။ အဲဒါအပြီး သီတင်း တစ်ပတ်မကြာခင်မှာပဲ လော့ခ်ဒေါင်း ၃ ပတ် လုပ်မယ် ဆိုတဲ့ အမိန့် ထုတ်ပြန်ချက် သတင်းကို ထပ်ကြားခဲ့ရပါတယ်။
မတ်လနဲ့ ဧပြီလမှာ အိမ်လခ၊ ဘဏ်အကြွေးနဲ့ အစားအသောက်အတွက် သူတို့ စုထားတဲ့ ပိုက်ဆံအားလုံးနီးပါးကို သုံးခဲ့ရပါတယ်။ မေလကျရင် အားလုံးပြန်ဖွင့်မယ်လို့ မျှော်လင့်ခဲ့ပေမဲ့ လော့ခ်ဒေါင်းသက်တမ်း ထပ်တိုးတာနဲ့ ကြုံရပြန်ပါတယ်။
ငွေကပြတ်လာ ရွေးစရာလမ်းကလည်း မရှိတော့ အူတာပရာဒက်ရှ်ပြည်နယ် ဂျရန်ပူရာခရိုင်မှာ ရှိတဲ့ သူတို့နေရပ်ရွာကို ပြန်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် သီးသန့်ပြေးဆွဲပေးတဲ့ အထူးရထားလက်မှတ်အတွက် လျှောက်လွှာတင်ခဲ့ပေမဲ့ တစ်ပတ်ကြာတဲ့အထိ မရခဲ့ပါဘူး။
လက်မှတ်ရဖို့ မျှော်လင့်ချက်ကလည်းမရှိ၊ ဒုက္ခကလည်း ရောက်လာနေတော့ မွန်ဘိုင်းကနေကီလိုမီတာ တစ်ထောင့်ငါးရာကျော် ဝေးတဲ့ ခရီးရှည်ကြီးကို သူတို့ရဲ့ သုံးဘီးကားလေးနဲ့ သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မေလ ၉ ရက်နေ့မှာ သူတို့မိသားစုလေးယောက် မွန်ဘိုင်းမြို့ကနေ ထွက်လာခဲ့ကြပါတယ်။
မနက် ၅ နာရီကနေ နေ့လယ် ၁၁ နာရီအထိ ရာဂျန်း ကားမောင်းပြီး နေ့လယ်ပိုင်းမှာ အနားယူပါတယါ။ညနေ ၆ နာရီကနေ ည ၁၁ နာရီအထိ တခါ ဆက်မောင်းပါတယ်။ "ပါလာတဲ့ အခြောက်အခြမ်းအစာတွေကို လမ်းမှာ စားတယ်။ ပလက်ဖောင်းတွေပေါ်မှာ အိပ်တယ်။ ရွာကို အန္တရာယ်ကင်းကင်းနဲ့ ရောက်သွားနိုင်ဖို့ကိုပဲ တွေးပြီး အားတင်း ခရီးနှင်ခဲ့ကြတာပါ" လို့ ရာဂျန်းကပြောပြပါတယ်။
ဒါပေမယ့် မေလ ၁၂ ရက်နေ့ လင်းအားကြီးအချိန် သူတို့ရွာကို ရောက်ဖို့ ကီလိုမီတာ ၂ ရာလောက်အရောက်မှာ ကုန်ကားတစီးက သူတို့သုံးဘီးကို အနောက်ကနေ ဝင်ဆောင့်ခဲ့ပါတယ်။
အဲဒီ့နေရာမှာတင် ဆန်ဂျူနဲ့ နန်ဒီနီတို့ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ ရာဂျန်းနဲ့ နီတင်တို့ကတော့ ဒဏ်ရာနည်းနည်းပဲ ရခဲ့ပြီး သေဘေးက လွတ်ခဲ့ပါတယ်။
ဖြစ်ပျက်ပုံက မြန်လွန်းလှတယ် လို့ ရာဂျန်းကပြောပါတယ်။ "ရွာကိုရောက်ဖို့ အတော့်ကို နီးနေပြီ။ ရွာရောက်တော့မယ်ဆိုပြီး အရမ်းပျော်နေကြတာ၊ ခုတော့ အားလုံးကို ဆုံးရှုံးလိုက်ရပြီ၊ ကျွန်တော်ံ့ဘဝမှာကွက်လပ်ကြီးတစ်ခု ဖြစ်သွားပြီ"
မိုင်ရာချီဝေးတဲ့ရွာကို ခြေလျင်နှင်ခဲ့သူ
လာလူးရမ်နဲ့ သူ့ညီဝမ်းကွဲ အဂျေ ကူးမားတို့ တနင်္ဂနွေနေ့ ဆုံကြတိုင်း သူတို့ရွာအကြောင်း ပြန်ပြောင်းပြောလေ့ရှိကြပါတယ်။ မိန်းမနဲ့ ကလေး ၆ ယောက် ဘဝရှေ့ရေးအတွက် မွန်ဘိုင်းမြို့မှာ အလုပ်လုပ်ဖို့လာလူးရမ် လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ရွာကနေ ထွက်လာခဲ့တာပါ။
အသက် ၅၅ နှစ်အရွယ် လာလူးရမ် ဟာ တစ်နေ့ ၁၂ နာရီ၊ တစ်ပတ် ၆ ရက် လုံခြုံရေးဝန်ထမ်း အလုပ်ကို ၁ဝ နှစ် လုပ်လာခဲ့တာပါ။
ဒါပေမဲ့ လော့ခ်ဒေါင်း စကြေညာလိုက်ကတည်းက အလုပ် မရှိသလောက် ဖြစ်သွားခဲ့ပါတယ်။ သူတို့ညီအစ်ကို နှစ်ယောက်စလုံး စုထားတဲ့ငွေတွေလည်း ကုန်ခါနီး ဖြစ်လာပါတော့တယ်။
သူတို့အိမ်ပြန်လာတော့မယ်လို့ လာလူးရမ်က သူ့မိသားစုကို ဖုန်းဆက်ပြောခဲ့ပါတယ်။ အဆိုးထဲက အကောင်းတွေးရင် မိသားစုနဲ့ အခုအခါ ပြန်နေနိုင်တော့မယ်ပေါ့။
အဲဒီနောက် ကီလိုမီတာ တစ်ထောင့်လေးရာလောက် ဝေးတဲ့ အူတာပရာဒက်ရှ်ပြည်နယ် အလာဟာဘက်ခရိုင်ထဲက သူတို့ရွာဆီ ဘယ်လို ပြန်ကြမလဲ ဆိုတာကို လာလူးရမ်နဲ့ အဂျေ ကူးမားတို့ အသည်းအသန် နည်းလမ်းရှာခဲ့ကြပါတယ်။
လော်ရီကားကြုံနဲ့ လိုက်ဖို့ လုပ်တော့ ကားသမားတွေက ပိုက်ဆံအများကြီး တောင်းပါတယ်။ ဒီတော့တီဗီပေါ်မှာ သူတို့တွေ့ရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အိမ်ပြန်ကြတဲ့နည်းအတိုင်း အိတ်အသေးလေးတွေ လွယ်ပြီး သူငယ်ချင်း ၄ ယောက်နဲ့အတူ ခြေလျင်ခရီး စခဲ့ကြပါတယ်။
ခရီးအစ ပထမ နှစ်ရက်မှာ ကုန်တင်ကားတွေနဲ့ ကားကြုံလိုက်ခဲ့ပြီး ကီလိုမီတာ လေးရာလောက် ခရီးတွင်ခဲ့ပါတယ်။ ဒါပေမယ့် သွားရမယ့်ခရီးက သူတို့ ထင်ထားတာထက် ပိုခက်ခဲကြမ်းတမ်းခဲ့ပါတယ်။
"ပူလွန်းတော့ ခဏလေးနဲ့ မောလာတယ်၊ ဝတ်ထားတာကလည်း သားရေ ရှူးဖိနပ်တွေဆိုတော့ အတော့်ကို ဒုက္ခရောက်ခဲ့တယ်" လို့ အဂျေ ကူးမားက ပြောပါတယ်။
တစ်ရက်လောက် လမ်းလျှောက်လာခဲ့အပြီးမှာ သူတို့အားလုံးရဲ့ ခြေထောက်တွေမှာ အရည်ကြည်ဖုတွေ ထလာပါတယ်။ ဒါပေမဲ့ လက်လျှော့လို့ကလည်း မဖြစ်တော့ ခရီးဆက်နှင်ခဲ့ကြပါတယ်။
တစ်ညနေမှာတော့ လာလူးရမ်က သူ အသက်ရှုရ ကျပ်လာတယ်လို့ ပြောပါတယ်။ အခုမှ မက်ဒရာ ပရာဒက်ရှ် ပြည်နယ်ထဲ ဝင်စပဲ ရှိသေးပြီး နောက်ထပ် ခရီးဆက်ဖို့ အဝေးကြီး ကျန်ပါသေးတယ်။ ဒါပေမဲ့ဆက်မသွားဘဲ ခရီးတစ်ထောက်နားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
နောက်တစ်နေ့မှာ လာလူးရမ်ကို အိပ်ရာက နှိုးလို့ မရတော့ပါဘူး။ အနီးဆုံးဆေးရုံကို ခေါ်သွားပြတော့ခြေကုန်လက်ပမ်းကျ ပင်ပန်းလွန်းပြီး နှလုံးရပ်သေတာလို့ ဆေးရုံက ပြောပါတယ်။
သူတို့တွေ လူသေအလောင်းကြီးနဲ့ ဘာလုပ်ရမှန်းမသိ ဖြစ်ကုန်ကြပါတယ်။ အရေးပေါ်လူနာ တင်ကားခေါ်ဖို့ကလည်း သူတို့ဆီရောက်ဖို့ ၅ နာရီကနေ ၈ နာရီအထိ ကြာမှာပါ။
သူတို့အဖွဲ့ထဲမှာ ငွေကောက်လိုက်တော့ ဒေါ်လာနှစ်ရာနဲ့ ညီမျှတဲ့ ရူပီးငွေ တစ်သောင်းငါးထောင်လောက် ရပါတယ်။ အဲဒီငွေက လော်ရီတစ်စီး ငှားနိုင်တဲ့ငွေရဲ့ တစ်ဝက်လောက်ပဲ ရှိပါတယ်။ ဒါပေမဲ့ ကျန်တဲ့ငွေ နောက်မှပေးမယ်ဆိုတဲ့ ကတိနဲ့ လော်ရီဒရိုင်ဘာတစ်ယောက်က ပို့ပေးလို့ အလောင်းကို အိမ်ပြန်သယ်နိုင်ခဲ့ကြပါတယ်။
သားသမီးတွေနဲ့ အချိန်ပိုပေးပြီး နေမယ်ဆိုတဲ့ ကတိကို လာလူးရမ် မဖြည့်ဆည်းနိုင်တော့ပါဘူး။
"မိသားစုကို တစ်ဦးတည်း ရှာကျွေးနေတဲ့သူ ကွယ်လွန်သွားရရှာပြီ၊ ဘယ်သူမှ ကျွန်တော်တို့ကိုအကူအညီ မပေးခဲ့ကြပါဘူး၊ ကျွန်တော့် ဝမ်းကွဲအစ်ကို မသေသင့်ဘဲ သေခဲ့ရတာပါ၊ ဒါပေမဲ့ ငတ်သေမှာ ကြောက်တော့ ဒီခရီးလမ်းကြီးပဲ ရွေးစရာ ရှိခဲ့တာလေ" လို့ အဂျေ ကူးမားက ပြောပြပါတယ်။
"ကျွန်တော်တို့ ဆင်းရဲသားတွေဆိုတာ အဆိုးဆုံး အခြေအနေတွေထဲက အကောင်းဆုံး တစ်ခုကိုပဲ ရွေးခွင့် ရှိတာပါ၊ ဒီတစ်ကြိမ် ရွေးချယ်မှုက ကျွန်တော့် အစ်ကိုဝမ်းကွဲအတွက် အဆင်မပြေခဲ့ပါဘူး။ ဆင်းရဲသားတွေအတွက် အဆင်ပြေပြေ ဖြစ်လာဖို့ကလည်း နည်းလွန်းပါတယ်"
စက်ချုပ်သမား ညီအစ်ကို
ဆာဂီယာ အန်ဆာရီနဲ့ ဆာဟစ် အန်ဆာရီတို့ဟာ စက်ချုပ်တော်တဲ့ အထည်ချုပ်အလုပ်သမားတွေပါ။ လော့ခ်ဒေါင်းကာလ မတိုင်ခင်တုန်းကဆိုရင် အထည်ချုပ်လုပ်ငန်းတွေ ထွန်းကားတဲ့ ဒေလီမြို့ဟာ သူတို့အတွက် အလုပ်မရှားခဲ့ပါဘူး။
လော့ခ်ဒေါင်းချပြီး ရက်ပိုင်းအတွင်းမှာပဲ သူတို့ညီအကို နှစ်ယောက် အလုပ်ပြုတ်သွားပါတယ်။ဒါပေမယ့် သီတင်းပတ် နည်းနည်းကြာရင် ပုံမှန်အခြေအနေ ပြန်ရောက်လာမယ်လို့ ထင်ပြီး အခန်းတစ်ခန်းထဲပါတဲ့ အိမ်သေးသေးလေးမှာ ကြိတ်မှိတ်နေခဲ့ကြပါတယ်။
ပိုက်ဆံပြတ်သွားတဲ့ အချိန်မှာ ရွာမှာရှိတဲ့ မိသားစုဆီက ငွေလှမ်းတောင်းခဲ့ရပါတယ်။ ဒါပေမဲ့ လော့ခ်ဒေါင်းကာလကို မေလထဲအထိ ဆက်တိုးလိုက်တော့ သူတို့ ဆက်စောင့်နိုင်စွမ်း မရှိတော့ပါဘူး။
"မိသားစုဆီကနေ ပိုက်ဆံ နောက်ထပ် မတောင်းသင့်ဘူးလေ၊ ကျွန်တော်တို့ကသာ သူတို့ကို ထောက်ပံ့ရမှာ၊ သူတို့ဆီက ပြန်ယူဖို့မှ မဟုတ်တာ" လို့ ဆာဟစ်က ပြောပါတယ်။
အစိုးရထောက်ပံ့ပေးတဲ့ အစားအစာတွေကို သူတို့ သွားတန်းစီ စောင့်ယူခဲ့ကြပါတယ်။ ဒါပေမဲ့ အလုံအလောက် မရတော့ အမြဲ ဗိုက်ဆာနေတယ်လို့ ဆာဟစ်က ပြောပြပါတယ်။
ဒါ့ကြောင့် ဒေလီမြို့ကနေ ကီလိုမီတာ တစ်ထောင့်နှစ်ရာလောက် ဝေးတဲ့ သူတို့ရွာကို ပြန်ကြဖို့ ညီအစ်ကိုနှစ်ယောက် ဆုံးဖြတ်ခဲ့ပါတယ်။
သူတို့ ညီအစ်ကိုနဲ့ သူငယ်ချင်းတွေ အချင်းချင်းတိုင်ပင်ပြီး စက်ဘီးအဟောင်းတွေ ဝယ်ဖို့ လုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ လူက ၈ ယောက်၊ ပိုက်ဆံက စက်ဘီး ၆ စင်းစာပဲ ရှိတော့ စက်ဘီးနောက်တွဲခုံမှာ တစ်လှည့်စီတင်ပြီး နင်းသွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
မေလ ၅ ရက်နေ့ လင်းအားကြီးအချိန်မှာ ဒေလီမြို့ကနေ သူတို့ စထွက်လာခဲ့ကြပါတယ်။ အဲဒီနေ့ကရာသီဥတုက ပူတော့ ၁ဝ ကီလိုမီတာခရီးလောက် စက်ဘီးနင်းပြီးတိုင်း မောပန်းလာပါတယ်။
"ဒူးတွေ နာနေပေမဲ့ စက်ဘီး ဆက်နင်းခဲ့တယ်။ အစားကောင်းကောင်း မစားရလို့ စက်ဘီးနင်းဖို့အားတောင် မရှိခဲ့ဘူး" လို့ဆာဟစ်ကပြောပါတယ်။
၅ ရက်လောက် ဆက်တိုက် နင်းလာကြအပြီးမှာ အူတာပရာဒက်ရှ်ပြည်နယ်မြို့တော် လပ်ခ်နိုးမြို့ကို ရောက်လာပါတယ်။ ထမင်းဟင်း ကောင်းကောင်း မစားရတာကလည်း ၂ ရက်လောက် ရှိနေပါပြီ။ လမ်းမှာ မရွေးခြောက်တွေစားပြီး အသက်ဆက်ခဲ့ကြတာပါ။
"ကျွန်တော်တို့အားလုံး အရမ်း ဗိုက်ဆာနေကြတာ။ အဲဒီအချိန်မှာ ကားတွေကလည်း ရှင်းတော့ လမ်းလယ်မှာ တားထားတဲ့ အတန်းတစ်ခုပေါ်မှာ ထိုင်ပြီး ကျွန်တော်တို့ စားခဲ့ကြတယ်" လို့ သူက ပြောပြပါတယ်။
ဒါပေမဲ့ အဲဒီအချိန်မှာ ရုတ်တရက် ဝင်လာတဲ့ ကားတစ်စီးက အတားအဆီး အတန်းကို ဝင်တိုက်မိပြီးဆာဂီယာကိုပါ ဝင်တိုက်သွားပါတယ်။ ဆေးရုံရောက်ပြီး နာရီအနည်းငယ်အကြာမှာပဲ ဆာဂီယာ ဆုံးသွားခဲ့ပါတယ်။
"ကျွန်တော့် ကမ္ဘာကြီး ပြိုလဲသွားသလို ဖြစ်သွားခဲ့ရပါတယ်။ သူ့မိန်းမနဲ့ ကလေးတွေကို ဘယ်လို ပြန်ပြောပြရမှန်းတောင် မသိတော့ပါဘူး" လို့ ဆာဟစ်က ပြောပါတယ်။
"သူက အိမ်ချက် ထမင်းဟင်းတွေ သိပ်ကြိုက်တာ၊ ရွာပြန်ရောက်ရင် အိမ်ချက်အစားအသောက်တွေစားရတော့မယ်ဆိုပြီး တွေးပျော်နေတာလေ၊ အခုတော့ ရက်နဲ့ချီ ထမင်းဟင်းကောင်းကောင်း မစားလိုက်ရပဲ သေသွားခဲ့ရတယ်"
အရေးပေါ် လူနာတင်ကားတစ်စီးပေါ်မှာ သူ့အစ်ကိုရဲ့ အလောင်းကိုတင်ပြီး ဆာဟစ် အိမ်ပြန်ရောက်လာခဲ့ပါတယ်။ အိမ်ကိုရောက်လို့ အလောင်း မြေချပြီးတာနဲ့ သူ့ကို ကွာရန်တင်းစခန်းထဲ ပို့လိုက်တာကြောင့် မိသားစုနဲ့အတူ ပူဆွေးဝမ်းနည်းချိန် သိပ်မရလိုက်ပါဘူး။
"သူသေတာ ဘယ်သူ့ကို အပြစ်တင်ရမှန်း မသိဘူး။ ကိုရိုနာဗိုင်းရပ်စ်ကိုလား၊ ဆာလောင်ငတ်မွတ်မှုကိုလား ဒါမှမဟုတ် ဆင်းရဲမွဲတေမှုကိုလား။ ကျွန်တော် နားလည်လိုက်တာ တစ်ခုကတော့ ကျွန်တော့်ရွာကနေ ကျွန်တော် ဘယ်တော့မှ မထွက်သွားတော့ဘူး ဆိုတာပါ။ ရွာမှာနေရင် ပိုက်ဆံနည်းနည်းပဲ ရမှာ ဖြစ်ပေမဲ့ အနည်းဆုံးတော့ အသက်ဆက်ရှင်နိုင်မှာပါ"
လော်ရီကားကြုံစီးအိမ်ပြန်ခဲ့တဲ့ သူငယ်ချင်းနှစ်ဦး
လော့ခ်ဒေါင်းတွေ စတဲ့အချိန်မှာ သူ့အဖေကို အိမ်ပြန်လာဖို့ တိုက်တွန်းခဲ့မိတဲ့အတွက် အသက် ၁၇ နှစ်အရွယ် ဂျိုင်ခရစ်ရှ်နာ ကူးမား တစ်ယောက် နောင်တရမဆုံး ဖြစ်နေပါတယ်။
ဘာလ်ရမ်ဟာ ဘီဟားပြည်နယ် ခါဂါဒီယာခရိုင်ထဲက ရွာတစ်ရွာက ဖြစ်ပြီး ဂူဂျာရတ်ပြည်နယ်မှာ သွားအလုပ်လုပ်နေတာပါ။ မတ်လတုန်းက အိန္ဒိယနိုင်ငံက နေရာအတော်များများမှာ လော့ခ်ဒေါင်းတွေ ချမှတ်ခဲ့ချိန်မှာ ဂူဂျာရတ်ပြည်နယ်ဟာ ကိုရိုနာဗိုင်းရပ်စ်ဒဏ် အဆိုးဆုံး ခံခဲ့ရတဲ့ ပြည်နယ်တွေထဲက တစ်ခုဖြစ်ပါတယ်။
သူ့သူငယ်ချင်း နာရက်ရှ်ဆင်း ဟာ မိုဘိုင်းဖုန်း တာဝါ ပြင်တဲ့ အလုပ်သမား ဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံးက ဘီဟားမှာ ကျန်ခဲ့တဲ့ သူတို့သားတွေရဲ့ အနာဂါတ်အတွက် အလုပ်တွေ ကြုံးလုပ်ခဲ့ကြတာပါ။ ဘာလ်ရမ်က သူ့သား ဂျိုင်ခရှစ်ရှ်နာ ကို ကောလိပ်ပို့ချင်သလို နာရက်ရှ်ဆင်း ကလည်း သူ့သားတွေကို အစိုးရအရာရှိတွေ ဖြစ်စေချင်တဲ့သူပါ။
သူတို့ အိမ်အပြန်ခရီးကို ခြေလျင်ခရီးနဲ့ စခဲ့ကြပေမယ့် ကီလိုမီတာ ၄၀ဝ လောက်အရောက်မှာတော့ ရဲတွေရဲ့အကူအညီတစ်ဝက်၊ လော်ရီကားကြုံ တစ်ဝက်နဲ့ ခရီးဆက်ခဲ့ပါတယ်။
ကားကြုံ စီးတယ်ဆိုတာက ကားခေါင်မိုးပေါ်မှာ တွယ်တက် လိုက်ခဲ့ရတာမျိုးပါ။ ဒါက အိန္ဒိယ အဝေးပြေးလမ်းမတွေပေါ်မှာ တွေ့နေမြင်နေကျ မြင်ကွင်းပါ။
ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ရာဂျက်စ်သန်ပြည်နယ် ဒေါ်ဆာမြို့အရောက်မှာ ကားသမားက အရှိန် မထိန်းနိုင်ဘဲ သစ်ပင်တပင်ကို ဝင်တိုက်လိုက်ပါတယ်။
သစ်ပင်ကို ကားဝင်ဆောင့်တဲ့ အရှိန်နဲ့ ဘာလ်ရမ်နဲ့ နာရက်ရှ်တို့ နှစ်ယောက်စလုံး သေဆုံးသွားခဲ့ပါတယ်။
အခုဆို သူကျောင်းက ထွက်ရမလို ဖြစ်နေပြီး မိသားစုကိုထောက်ပံ့နိုင်ဖို့ အလုပ်ရှာရမယ့် အခြေအနေရောက်နေပြီလို့ ဂျိုင်ခရစ်ရှ်နာ ကူးမားက ပြောပါတယ်။
"ဒီယာဉ်တိုက်မှုက ကျွန်တော့်အဖေနဲ့ ကျွန်တော့်ရဲ့ ပညာရေးအိပ်မက်တွေကို ဖျက်ဆီးပစ်လိုက်တာပါ။မြို့မှာ အလုပ်သွားလုပ်ရတာကို မကြိုက်ပေမဲ့ ကျွန်တော့်မှာ တခြား ဘာရွေးချယ်စရာရော ရှိလို့လဲ"
"အဖေက ကျွန်တော့်ကို ဒီဆင်းရဲမှု သံသရာကြီးထဲကနေ ဖောက်ထွက်စေချင်ခဲ့တာ။ သူမရှိဘဲ ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်တော် မတွေးတတ်တော့ဘူး"