ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုဗစ်အတွက် ငှက်ဖျားဆေးသုံးတာ ပြင်သစ်ရပ်
ဟိုက်ဒြောက်ဆီကလိုရိုကွင်းကို ကိုဗစ်လူနာတွေအတွက် ဆက်မသုံးဖို့ ပြင်သစ် အစိုးရက ဆရာဝန်တွေကို ပြောလိုက်ပါတယ်။
ကိုရိုနာပိုးကူးစက်ခံလူနာတွေအတွက် ဒီဆေးသုံးတာဟာ ကျန်းမာရေးအတွက် ဆိုးရွားတဲ့ အန္တရာယ်ရှိနိုင်တယ်ဆိုတဲ့ အကြံပေး အဖွဲ့အစည်းနှစ်ခုရဲ့ ပြောဆိုချက် အပြီး ပြင်သစ် အစိုးရက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
ဒီဆေးကို ပုံမှန်အားဖြင့် ငှက်ဖျား၊ သွေးလေးဖက်နာနဲ့ အရေပြား လေးဖက်နာ တွေကို ကုသရာမှာ သုံးပါတယ်။
ပထမပိုင်းမှာ ပြင်သစ်က ပိုးမွှားဗေဒ ပညာရှင် ဒီဒီယာရာအူးက ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်းနဲ့ တွေ့ပြီး ဒီဆေးက ကိုဗစ်ကုသရာမှာ သုံးလို့ရနိုင်ခြေရှိတယ်လို့ ပြောခဲ့တာပါ။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ကိုဗစ် ကာကွယ်ဖို့ ဒီဆေးကို သောက်နေတယ်လို့ ထုတ်ပြောထားပြီး ဘရာဇီး သမ္မတ ယား ဘော့ဆွန်နာရို ကလည်း ဒီဆေးကို ထောက်ခံထားပါတယ်။
ဒီဆေးကို အမေရိကန် စားသောက်ကုန်နဲ့ဆေးဝါးထိန်းချုပ်ရေးက ကိုဗစ် ကုသရေးအတွက် အရေးပေါ်လိုအပ်ရင် ဆေးရုံတင်ထားတဲ့လူနာတချို့အတွက် သုံးခွင့်ပေးထားပါတယ်။
အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနကလည်း ကျန်းမာရေးဝန်ထမ်းတွေအတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဟိုက်ဒြောက်ဆီကလိုရိုကွင်းသုံးဖို့ အကြံပြုထားပါတယ်။
ဒါပေမယ့် ကိုရိုနာကူးစက်ခံသူတွေကို ကုသဖို့ အတွက် ထောက်ခံချက် ပေးထားတဲ့ သုတေသန စမ်းသပ်မှု မရှိသေးပါဘူး။
ဒါ့အပြင် ဒီဆေးကြောင့် နှလုံးနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ဖြစ်နိုင်တယ်လို့ ကျန်းမာရေး အဖွဲ့တွေက သတိပေးထားပါတယ်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က ဒီဆေးကို ကိုဗစ်လူနာတွေမှာ စမ်းသပ်သုံးစွဲနေတာတွေကို တနင်္လာနေ့က ရပ်လိုက်ပါတယ်။