ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗွီဒီယိုဖိုင်ကြောင့် မိန်းကလေး ၂ ယောက်အသတ်ခံရ
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ အင်တာနက်ပေါ်ပျံ့နေတဲ့ ဗွီဒီယိုဖိုင်ကြောင့် ဆယ်ကျော်သက်အရွယ် မိန်းကလေး နှစ်ဦး အသတ်ခံခဲ့ရပါတယ်။
သတ်ဖြတ်သူတွေက သူတို့အခေါ် ဂုဏ်သိက္ခာကြောင့် သတ်ဖြတ်တာလို့ ဆိုပါတယ်။
ပါကစ္စတန်နိုင်ငံ ဝါဇီရစ္စတန်လူမျိုးစုဒေသရဲ့ တောင် နဲ့မြောက် နယ်စပ်ပေါ်မှာ တည်ရှိတဲ့ ရွာ တရွာမှာ ဒီမိန်းကလေး နှစ်ဦးကို မိသားစုဝင်တဦးက ဒီသီတင်းပတ်အတွင်းမှာ ပစ်သတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီမိန်းကလေးတွေ လူငယ်လေး တယောက်နဲ့ အတူရှိနေတဲ့ မိုဘိုင်းဖုန်းဗွီဒီယိုဖိုင်တိုလေးတခု ဆိုရှယ်မီဒီယာပေါ် ပေါ်လာပြီးနောက်မှာ အခုလို သတ်ဖြတ်မှု ဖြစ်ပွားခဲ့တာလို့ ရဲက ပြောပါတယ် ။
ဒီအမှုကို စုံစမ်းစစ်ဆေးဖို့ ဝေးလံခေါင်သီတဲ့ အဲဒီအရပ်ဆီကို ရဲတွေ စေလွှတ်ထားပြီးပါပြီ ။
ဒီ လူသတ်မှု ဟာ ခိုင်းဘာပါတွန်ကွာ ခရိုင် အတွင်းရှိ ဝဇီရစ္စတန်ဒေသရဲ့ တောင် နဲ့ မြောက် ထိစပ်တဲ့ နယ်မြေပေါ်မှာ တည်ရှိတဲ့ ရှန်ပလိန်းဂါယွန် ရွာလေးမှာ ကြာသပတေးနေ့ နေ့လယ်က ဖြစ်ပွားခဲ့တာလို့ ရဲအစီရင်ခံစာကို ကိုးကားပြီး Pakistani daily Dawn သတင်းမှာ ဖော်ပြထားပါတယ် ။
အသက် ၁၆ နှစ် နဲ့ ၁၈ နှစ်အရွယ် မိန်းကလေး နှစ်ဦး အသတ်ခံရခြင်းရဲ့ အကြောင်းရင်းလို့ ယုံကြည်ရတဲ့ ချောင်ကျတဲ့နေရာတနေရာမှာ လူငယ်လေးတယောက်နဲ့ မိန်းကလေး ၃ ယောက် အတူရှိနေတဲ့ ဗီဒီယိုဖိုင်ကို လည်း သတင်းမှာ ဖော်ပြထားပါတယ် ။
ဒီဗီဒီယို ဟာ ရိုက်ထားတာ တနှစ်လောက်ကြာပြီ ဖြစ်ပုံရပေမဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့တာတော့ သီတင်းပတ် အနည်းငယ်ဘဲ ရှိသေးတယ်လို့ အဆင့်မြင့်ရဲအရာရှိတယောက်က သတင်းဌာနကို ပြောပါတယ်။
“လောလောဆယ်မှာ ကျွန်တော်တို့ အရေးတကြီး ဦးစားပေး လုပ်ရမဲ့ အလုပ်က တတိယမိန်းကလေးရဲ့ အသက်ကို လူသတ်သမား ဘာမှ မလုပ်ခင် အကာအကွယ်ပေးဖို့ ပါပဲ” လို့ ရဲအရာရှိက ပြောပါတယ် ။
ပါကစ္စတန်မှာ အမျိုးသမီးနဲ့ မိန်းကလေးတွေကို အကြမ်းဖက်မှုဟာ အလေးအနက်ထားရမယ့် ပြဿနာ ဖြစ်နေတုန်းပဲလို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောပါတယ် ။
လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပါကစ္စတန်မှာ ဂုဏ်သိက္ခာအတွက် သတ်ဖြတ်မှုဆိုတာတွေဟာ နှစ်စဉ် တထောင်လောက် ဖြစ်ပွားနေတယ်လို့ ယုံကြည်ကြပါတယ်။