အိန္ဒိယမှာ ဓာတ်ငွေ့ ယိုစိမ့်ခဲ့တဲ့ စက်ရုံတာဝန်ရှိသူတွေကို လူသေစေမှုနဲ့ တရားစွဲ

ဓာတ်ပုံ ရင်းမြစ်, bbc
အိန္ဒိယနိုင်ငံမှာ ဓာတ်ငွေယိုစိမ့်ပြီး လူ ၁၁ ယောက်သေဆုံးမှု ဖြစ်စေခဲ့တဲ့ LG Polymers စက်ရုံရဲ့ မန်နေဂျာတွေကို ရဲတပ်ဖွဲ့က လူသေစေမှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။
LG Polymer စက်ရုံဟာ တောင်ကိုရီးယား LG Chem ကုမ္ပဏီပိုင် ဖြစ်ပါတယ်။
ကြာသပတေးမနက် လင်းအားကြီးအချိန်က အန်ဒြာပရာဒက်ရှ်ပြည်နယ် ဗိရှာခါပတ်ထနန်မြို့မှာ ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားခဲ့တာပါ။
လူ ၁၁ ယောက်သေဆုံးတဲ့အပြင် ရာနဲ့ချီတဲ့ တခြားလူတွေဟာလည်း ဓာတ်ငွေ့အဆိပ်သင့်မှုကြောင့် ဆေးရုံအမြန်တင်ခဲ့ရပါတယ်။ ထောင်နဲ့ချီတဲ့ အနီးအနား ရွာသားတွေကတော့ အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ကြရပါတယ်။
သေဆုံးသူတွေကတော့ အမျိုးသမီး ၄ ယောက်၊ အမျိုးသား ၅ ယောက်နဲ့ ကလေး ၂ ယောက်ဖြစ်ပါတယ်။ ကလေး ၂ ယောက်ဟာ ယောက်ျားလေး ၁ ယောက်နဲ့ မိန်းကလေး ၁ ယောက်ပါ။
ဆေးရုံတင်ခဲ့ရသူတွေအနက် အများစုကတော့ အဲဒီနေ့မှာပဲ ဆေးရုံက ပြန်ဆင်းနိုင်ခဲ့ကြတယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဆိုပါတယ်။
လူ ၁၂၀ ကတော့ ဆေးကုသခံယူနေရဆဲဖြစ်ပါတယ်။ ဒါပေမယ့် အခြေအနေ တည်ငြိမ်ကောင်းမွန်တယ်လို့ ဆိုပါတယ်။
အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် မပြန့်ပွားအောင် ထိန်းချုပ်တဲ့ အနေနဲ့ မတ်လ ၂၄ ရက်ကစပြီး ပိတ်ဆို့မှုလုပ်ခဲ့ရာကနေ စက်ရုံကို ပထမဆုံးပြန်ဖွင့်ချိန်မှာဓာတ်ငွေ့ ယိုစိမ့်မှုဖြစ်ပွားခဲ့တာပါ။
ကုမ္ပဏီကထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ဓာတ်ငွေ့ယိုစိမ့်ခဲ့ရတဲ့ အကြောင်းရင်းကို ရှာဖွေစုံစမ်းနေဆဲဖြစ်ပြီး ထိခိုက်နာမကျန်းဖြစ်ရသူတွေအတွက်လည်း အမြန်ဆုံးကောင်းမွန်သက်သာတဲ့ ကုသမှုတွေပေးနိုင်အောင် နည်းလမ်းရှာဖွေနေတယ်လို့ ဆိုပါတယ်။ ဓာတ်ငွေ့ယိုစိမ့်ရခြင်း အကြောင်းရင်းဟာ အခုထိမရှင်းလင်းသေးပါဘဲ စုံစမ်းနေဆဲလို့ အရာရှိတွေက ဆိုပါတယ်။
ဒါပေမဲ့ အခုကုမ္ပဏီကို စွဲဆိုထားတဲ့ အမှုတွေထဲမှာတော့ ပေါ့လျော့မှုကြောင့် လူသေဆုံးစေခြင်း စွဲချက်ပါဝင်ပါတယ်။

အခုအခါ ဓာတ်ငွေ့ထပ်ပြီး မထွက်တော့ပါဘူး။ ဒါပေမယ့် အနံ့တော့ နံနေပါသေးတယ်။ အနံ့အသက်ကတော့ တော်တော်ကြာအောင် ဆက်ရှိနေနိုင်ပါသေးတယ်လို့ လက်ထောက်ရဲမင်းကြီး ဂေါ်တမ်ဆာဝမ်းက ဘီဘီစီ တယ်လုဂု ဌာနကို ပြောပါတယ်။
လင်းအားကြီးအချိန်မှာ ဓာတ်ငွေ့အနံ့ကြောင့် အိပ်ရာကနိုးလာကြပြီး ထွက်ပြေးခဲ့ကြရတယ်လို့ စက်ရုံအနားနေထိုင်ကြသူတွေက ဆိုပါတယ်။
အသက်မဆုံးရှုံးဘဲ ဆေးရုံတက်ခဲ့ရသူတွေက မျက်လုံးတွေ ပူစပ်ပူလောင် ဖြစ်ခဲ့ပြီး အသက်ရှူကျပ်ခဲ့တယ်လို့ ပြောကြပါတယ်။
ဓာတ်ငွေ့ဟာ ၂ မိုင်ပတ်လည်လောက်အထိ ပျံ့နှံ့ခဲ့ပါတယ်။
လူတွေမူးမေ့တာ၊ လမ်းပေါ်သတိလစ်လဲကျတာ စတဲ့ စိတ်မချမ်းမြေ့စရာပုံတွေကို လူမှုကွန်ရက်မှာ တွေ့ခဲ့ရပါတယ်။
အိန္ဒိယမှာလည်း အရင်ကလည်း ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားခဲ့ဖူးတဲ့ သမိုင်းကြောင်းရှိပါတယ်။
၁၉၈၄ခုနှစ်က ဘိုပါးလ်မြို့ ပိုးသတ်ဆေးစက်ရုံကနေ အဆိပ်အတောက် ဓာတုပစ္စည်း ယိုစိမ့်ခဲ့ပြီး လူပေါင်းထောင်ချီ သေဆုံးခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ဟာ ကမ္ဘာမှာ အဆိုးဝါးဆုံး ဓာတုယိုစိမ့်မှုတခု ဖြစ်ခဲ့ပါတယ်။
အဲဒီတုန်းက ယိုစိမ့်ခဲ့တဲ့ မီသိုင်းအိုင်ဆိုဆိုင်ယာနိတ်ကြောင့် နှစ်ပေါင်း ၃၅ နှစ်ကြာတဲ့တိုင်အောင် ခန္ဓာကိုယ်အင်္ဂါချို့တဲ့တဲ့ ကလေးငယ်တွေကို မွေးဖွားဆဲဖြစ်တယ်လို့ ဓာတုအဆိပ်သင့်ခဲ့သူတွေက ပြောဆိုကြပါတယ်။








