ငါးနှစ်သားလေး အမေ့ကားယူမောင်းလာတာကို အမေရိကန် အဝေးပြေးလမ်းတစ်ခုမှာမိ

ဓာတ်ပုံ ရင်းမြစ်, utah highway patrol
တချို့ကလေးလေးတွေ ကြမ်းပြင်ပေါ် ထမင်းပန်းကန် မှောက်ချပစ်လို့ ဒါမှမဟုတ် ကြောင်အမြီး လိုက်ဆွဲလို့ မိဘတွေ ဒေါသထွက် ခေါင်းကိုက်ရတတ်ပါတယ်။
ဒါပေမဲ့ အမေရိကန်နိုင်ငံ ယူတာပြည်နယ်က အေဒရီယန် ဆိုတဲ့ ၅နှစ်သား ကောင်လေးကတော့ အဖေ၊အမေရဲ့ကားကို ယူမောင်းသွားလိုက်တာ အဝေးပြေးလမ်းမကြီးပေါ် ရောက်မှ ရဲက တားခဲ့ရတာပါ။
အဝေးပြေးလမ်းမပေါ်မှာ ကားတစ်စီး တစ်နာရီ မိုင် ၃၀ နှုန်းနဲ့ ကွေ့ကောက် မောင်းနေတာကို ယာဉ်ထိန်းရဲက တွေ့ခဲ့ပြီး ရပ်ဖို့ တားခဲ့တာပါ။ ကားမောင်းသူက အသာတကြည်ပဲ ရပ်ပေးခဲ့ပါတယ်။
ကားမောင်းသူနေရာမှာ ကလေးလေးကို တွေ့လိုက်ရတော့ ရဲက ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရပါတယ်။ ဒါတင်မကသေးပါဘူး။ ကလေးက လမ်ဘာဂီနီကား သွားဝယ်မလို့ သူကားမောင်းထွက်လာခဲ့တာလို့ ပြောပါတယ်။
သူလိုချင်နေတဲ့ ဒေါ်လာ တစ်သိန်းခွဲနီးပါးတန် အဲဒီ တန်ဖိုးကြီး ဇိမ်ခံကား မဝယ်ပေးဘူးလို့ အမေက ပြောရာကနေ အမေနဲ့စကားများပြီး အိမ်ကနေ ထွက်လာတာလို့ အဲဒီ ကလေးက ရဲကို ပြောပြပါတယ်။
"ကယ်လီဖိုးနီယားပြည်နယ်မှာ သူကိုယ်တိုင် လမ်ဘာဂီနီကား သွားဝယ်မယ်လို့ ဆုံးဖြတ်ပြီး ကားယူမောင်းလာတာ" လို့ ယူတာပြည်နယ် အဝေးပြေး ယာဉ်ထိန်းရဲအဖွဲ့ရဲ့ တွစ်တာပေါ်မှာ ဖော်ပြထားပါတယ်။
"သူ့အိတ်ထဲမှာ ၃ ဒေါ်လာပဲ ပါလာတာဆိုတော့ ကားဝယ်ဖို့ ပိုက်ဆံလောက်မယ့်ပုံမပေါ်ဘူး" လို့ လည်းဆိုပါတယ်။
ကားအသွားအလာတွေ ကြပ်နေတဲ့အကြားမှာ ဟိုကွေ့ ဒီကောက်နဲ့ အဲဒီကောင်လေး ကားမောင်းလာနေတာကို ဒက်ရှ်ဘုတ်ပေါ်က ကင်မရာနဲ့ ရိုက်ထားတဲ့ ဗီဒီယိုကို KSL-TV ရုပ်မြင်သံကြားက ထုတ်လွှင့်ပြခဲ့ပါတယ်။
ကနဦးကတော့ ကားမောင်းသူဟာ မူးပြီးမောင်းနေတယ်လို့ ရဲတွေက ယူဆခဲ့တာပါ။
ကောင်လေးကို တွေ့လိုက်ချိန်မှာ ရဲက "မင်းအသက် ဘယ်လောက်လဲ၊ မင်းအသက်က ၅ နှစ်၊ ဟုတ်လား" လို့ အံ့သြတကြီး မေးလိုက်ပုံကို အဲဒီဗီဒီယိုထဲမှာ တွေ့ရပါတယ်။
အဲဒီကောင်လေးဟာ ကားခြေနင်းကို မီအောင် နင်းနိုင်ဖို့ ထိုင်ခုံအရှေ့စွန်းနားလေးမှာ မနည်း ထိုင်မောင်းလာခဲ့တာပါ။ သူ့အိမ်ကနေ ၅ မိနစ်လောက် ကြာကြာ မောင်းလာခဲ့ပြီးပါပြီ။
ဒီဖြစ်ရပ်အတွင်း ဘယ်သူမှ အထိအခိုက်တော့ မရှိခဲ့ပါဘူး။ အဖေနဲ့ အမေကို တရားစွဲသင့်မသင့် ဒေသ တရားရုံးက ဆုံးဖြတ်လိမ့်မယ်လို့ KSL-TV က ပြောပါတယ်။
အဲဒီကောင်လေး ကားယူပြီးထွက်လာချိန်မှာ မိဘ နှစ်ယောက်စလုံး အလုပ်သွားနေပြီး သူ့အထက် အကြီး အစ်ကို၊အစ်မ တစ်ယောက်ကို ထိန်းခိုင်းထားတာပါ။
ကလေးတွေ မီတဲ့နေရာတွေမှာ ကားသော့တွေ မထားကြဖို့ ရဲက သတိပေးချက် ထပ်ထုတ်ပြန်ထားပါတယ်။









