ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုရိုနာဗိုင်းရပ်စ် - အသက်၅၀ ကျော်အမျိုးသားတွေအတွက် အန္တရာယ်ပိုကြီးသလား။
- ရေးသားသူ, မီရှဲလ်ရောဘတ်
- ရာထူးတာဝန်, ဘီဘီစီအွန်လိုင်း ကျန်းမာရေးသတင်းအယ်ဒီတာ
- ရေးသားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေထဲမှာ အများစုကတော့ ရောဂါလက္ခဏာပြလာချိန်ကနေ တစ်ပတ်လောက်အတွင်း ပြန်သက်သာလာတတ်ကြပြီး ဆေးကုသခံဖို့တောင် မလိုတတ်ကြပါဘူး။
ဒါပေမယ့် တချို့သူတွေကတော့ ဆေးကုသခံဖို့ လိုကိုလိုပါတယ်။ ယူကေက ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ဆို အရေးပေါ်အခန်းထဲတောင် ရောက်သွားခဲ့ရပါတယ်။
အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာဂျွန်ဆင်ဟာ လန်ဒန်က စိန့်သောမတ်စ်ဆေးရုံမှာ တက်ပြီး ကုသမှုခံခဲ့ရတာပါ။
သူ့ကို အောက်စီဂျင်ပေးခဲ့ရပေမယ့် သိပ်ဆိုးတဲ့ ဝေဒနာရှင်တွေလို အသက်ရှူစက်တော့ မတင်ခဲ့ရပါဘူး။
အခုတော့ သူဆေးရုံကဆင်းလို့ ဝန်ကြီးချုပ်ရဲ့ နယ်က နေအိမ်မှာ အနားယူနေပါတယ်။
ပိုးကူးရင် ဘယ်လိုလူတွေက ပိုခံရတတ်လဲ။
တချို့သူတွေက ရောဂါလက္ခဏာပိုပြင်းပြင်းထန်ထန် ခံစားရတတ်ကြပါတယ်။အဲဒီထဲမှာ နဂိုရောဂါအခံရှိရှိမရှိရှိ အသက် ၇၀ ကျော်တဲ့သူတွေက ပိုအန္တရာယ်ရှိကြပါတယ်။ ပြီးတော့ နှလုံးရောဂါလိုမျိုး နဂိုရောဂါအခံ ရှိသူတွေကတော့ ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် အန္တရာယ်ရှိနိုင်ပါတယ်။ ပိုးကူးရင် ပိုပြင်းထန်တဲ့ ဝေဒနာ ခံစားရနိုင်ပါတယ်။
ယူကေမှာဆို ကိုရိုနာဗိုင်းရပ်စ်သာ ကူးခံရရင် အသက်အန္တရာယ်အထိ ရှိနိုင်တဲ့ နဂိုရောဂါအခံရှိသူတွေက တစ်သန်းခွဲလောက် ရှိနေပါတယ်။အဲဒီလူတွေထဲမှာ ကင်ဆာရောဂါကြောင့် ဓာတ်ကင်ကုသမှု ခံယူနေရသူတွေလည်း ပါပါတယ်။ ဒါကြောင့် သူတို့ ပိုးကူးမခံရအောင် အိမ်ထဲက လုံးဝ မထွက်ကြဖို့ မှာကြားထားရပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးခံရသူတွေကို ကြည့်ရင် အတော်များများကလည်း အသက် ၅၀ ကျော် ၆၀ ကျော်အမျိုးသားတွေ ဖြစ်နေတတ်တာကို တွေ့ရပြန်ပါတယ်။ ဒီအုပ်စုကို အန္တရာယ်ရှိနိုင်တဲ့ အုပ်စုလို့ မသတ်မှတ်ထားပေမယ့် ဗိုင်းရပ်စ်ကူးခံရသူတွေကို ကြည့်ရင် ဒီအုပ်စုက လူတွေက ရာခိုင်နှုန်း အတော်များများ ပါနေပါတယ်။ ဒါပေမယ့် ဘာကြောင့်ဆိုတဲ့ အကြောင်းရင်းက သိပ်တော့မရှင်းပါဘူး။ ပိုးကူးခံရသူတွေထဲမှာ ဒီ အသက်အရွယ်တွေက လူတွေများတာနဲ့ ဒီအသက်အရွယ်က လူတွေ ပို ပိုးကူးခံရတယ်ဆိုပြီး တစ်ထစ်ချတော့ ပြောလို့ မရလောက်သေးပါဘူး။
အသက်ကြီးတဲ့ အမျိုးသားတွေ ဘာကြောင့် ဖြစ်တာလဲ။
ပညာရှင်တွေက အတိအကျ အဖြေမပေးနိုင်သေးပါဘူး။
ယူကေက အရေးပေါ်ခန်းတွေထဲ ရောက်လာကြသူတွေထဲက အပြင်းအထန် နာမကျန်းဖြစ်နေသူတွေကို လေ့လာကြည့်ထားတဲ့ စာရင်းအရ သူတို့ရဲ့ ပျမ်းမျှအသက်ဟာ ၆၀ ဖြစ်ပါတယ်။ အများစုက အမျိုးသားတွေဖြစ်နေပြီး သူတို့မှာ အရင်ကတည်းက နှလုံးရောဂါလို၊ အဝလွန်တာလို နောက်ခံကျန်းမာရေး ပြဿနာတွေ ရှိထားသူတွေ ဖြစ်ကြပါတယ်။
မတ်လကုန်အထိ ကိုရိုနာဗိုင်းရပ်စ်နဲ့ သေဆုံးခဲ့ရသူ ၆၄၇ ယောက်ကို လေ့လာကြည့်တဲ့အခါ သူတို့ထဲက ၄၄ ယောက်က အသက် ၄၅ နှစ်က ၆၅ နှစ်အတွင်း ရှိသူတွေ ဖြစ်ပြီး သူတို့က သေဆုံးသူ စုစုပေါင်းရဲ့ ၇ ရာခိုင်နှုန်းပဲ ရှိပါတယ်။
အမျိုးသားရော အမျိုးသမီးတွေမှာပါ အသက်ကြီးသူတွေ သေဆုံးမှုနှုန်းပိုများတာတွေ့ရပေမယ့် ဘယ်အသက်အရွယ်မှာမဆို အမျိုးသားတွေ သေဆုံးမှုက ပိုများတာကိုလည်း တွေ့ရပါတယ်။
ဗိုင်းရပ်စ်ပိုးကို စတင်တွေ့ခဲ့ရတဲ့ တရုတ်ပြည်ကအချက်အလက်တွေအရလည်း အမျိုးသားတွေက အမျိုးသမီးတွေထက် ကူးစက်ခံရရင် သေဆုံးတဲ့နှုန်း ပိုများတာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း ကျွမ်းကျင်သူတွေကတော့ အန္တရာယ်ပိုများတယ်ဆိုတဲ့ ကိစ္စဟာ အမျိုးသား၊ အမျိုးသမီးကွဲပြားတာထက် ဆေးလိပ်သောက်တာလို တခြားအမူအကျင့်တွေကြောင့်လည်း ဖြစ်နိုင်တာကို ထည့်တွက်ဖို့လိုတယ်လို့ ဆိုကြပါတယ်။
နော်တင်ဟမ်တက္ကသိုလ်က မော်လီကျူးဆေးပညာပါမောက္ခ အီယန်ဟောလ်ကလည်း အမျိုးသားတွေမှာ ပိုအန္တရာယ်များတယ်ဆိုတာကို အခုလောက်နဲ့ လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။ တခြားမသိသေးတဲ့၊ ထည့်မတွက်ရသေးတဲ့ အကြောင်းရင်းတွေ ရှိနိုင်မယ်လို့ သူက ယူဆပါတယ်။
နှလုံး၊ သွေးတိုးနဲ့ အဆုတ်နာရောဂါတွေကတော့ အမျိုးသားတွေမှာ ပိုအဖြစ်များတယ်ဆိုတာကို ဆေးသိပ္ပံက လက်ခံထားပြီးသားပါ။
မျိုးဗီဇနဲ့ လိင်ပိုင်းဆိုင်ရာ ဟော်မုန်းတွေကလည်း အကြောင်းရင်းတွေဖြစ်နိုင်တယ်လို့ တချို့ပညာရှင်တွေက ဆိုပါတယ်။
အမျိုးသမီးတွေက ခံနိုင်ရည်ပိုမြင့်သလား။
လူ့ခန္ဓာကိုယ်တွင်းက ရောဂါကို ခုခံနိုင်စွမ်းအားပညာရှင် အောက်စဖို့တက္ကသိုလ်က ပါမောက္ခဖိလစ်ဂိုးလ်ဒါးက "ယောက်ျားနဲ့ မိန်းမအကြား ရောဂါကို ခုခံနိုင်စွမ်းအားစနစ်ရှိကြပုံ မတူကြဘူးဆိုတာကို အများက လက်ခံလာကြပါပြီ၊ ဒါတွေက ကူးစက်ရောဂါကို တုံ့ပြန်ကြပုံတွေမှာ ရလဒ်အရ အများကြီး သက်ရောက်မှု ရှိပါတယ်လို့ ဆိုပါတယ်။"
"ကိုယ့်သက်တမ်းတလျှောက် ထိုးခဲ့တဲ့ ကာကွယ်ဆေးတွေကို တုံ့ပြန်ပုံ၊ ရောဂါကူးစက်ခံရမှုကို တုံ့ပြန်ပုံတွေမှာ အမျိုးသမီးတွေရဲ့ ခုံခံစွမ်းအားစနစ်က ပိုမြင့်တယ်၊ ပိုလည်း ထိရောက်လေ့ရှိပါတယ်။
"ဒါကလည်း အမျိုးသမီးတွေမှာ X ခရိုမိုဆုန်းနှစ်ခုပါလို့ ဖြစ်နိုင်ပါတယ်။ အမျိုးသားတွေမှာက X ခရိုမိုဆုန်း တစ်ခုနဲ့ Y ခရိုမိုဆုန်းတစ်ခုစီပဲ ပါကြပါတယ်။
"ရောဂါကို ခုခံနိုင်တဲ့ အရေးပါတဲ့ မျိုးဗီဇ တချို့က X ခရိုမိုဆုန်းမှာ တွေ့ရတတ်လို့ ဖြစ်တယ်" လို့ ပါမောက္ခဂိုးလ်ဒါးက ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသက်ဆုံးကြရတာလား။
ယူကေမှာတော့ နှစ်စဉ် လူ ခြောက်သိန်းလောက် သေဆုံးကြပါတယ်။ နဂိုရောဂါအခံရှိကြသူတွေနဲ့ အသက်အရွယ်ကြီးရင့်သူတွေက သေဆုံးမှုနှုန်းပိုများပါတယ်။ သူတို့တွေကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရရင်လည်း အန္တရာယ် ပိုရှိနိုင်ပါတယ်။
ကိန်းဘရစ်တက္ကသိုလ်က ပါမောက္ခ ဆာဒေးဗစ်စပီးဂဲလ်ဟောလတာက လာမယ့်နှစ်မှာ အသက်၈၀ ကျော်တွေထဲက ၁၀ ရာခိုင်နှုန်းနီးပါး သေဆုံးလိမ့်မယ်လို့ ဆိုပါတယ်။ သူတို့ကို ကိုရိုနာကူးစက်ခံရင် သေဆုံးနိုင်တဲ့ နှုန်းကလည်း ဒီလောက်ပဲ ရှိတယ်လို့ သူက ဆိုပါတယ်။
ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်နိုင်မလဲ။
ကျန်းမာကြံ့ခိုင်နေနိုင်အောင် ကြိုးစားရပါမယ်။ လေ့ကျင့်ခန်းလုပ်ပါ။ အာဟာရရှိပြီး မျှတတဲ့ အစားအစာကို စားပါ။
ဆေးလိပ်သောက်တတ်သူဆိုရင်တော့ အခုအချိန်ဟာ ဖြတ်ဖို့ အချိန်ပါပဲ။
အမျိုးသားတွေက အမျိုးသမီးတွေ ထက်ပိုပြီး -
- ဆေးလိပ်သောက်တတ်တယ်၊ တစ်နေ့တာ စီးကရက်သောက်တဲ့ အရေအတွက်ပိုများတယ်။ လက်နဲ့ လိပ်ပြီး သောက်ရတဲ့ ဆေးလိပ်လည်းပိုသောက်တယ်။
- ဆားပါတဲ့ အစားအစာပိုစားတယ်၊ အငံတွေ စားတယ်။
- အသားစိမ်းတွေ အသားတွေ စားတာပိုများတယ်။
- သစ်သီးနဲ့ ဟင်းသီးဟင်းရွက်စားတာ နည်းတယ်။
- အရက်ပိုသောက်တယ်၊ ပိုပြီးလည်း အန္တရာယ်ရှိလောက်တဲ့ ပမာဏကို သောက်တတ်တယ်။