ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အစိုးရကန့်သတ်တားမြစ် လူဦးရေထက် ကျော်လို့ ဘွန်ဒိုင်းကမ်းခြေပိတ်လိုက်ပြီ
သြစတြေးလျနိုင်ငံ ဘွန်ဒိုင်း ကမ်းခြေမှာ လာရောက်ကြတဲ့ လူအုပ်ဟာ အစိုးရက သတ်မှတ်ထားတဲ့ လူစုလူဝေးထက်ပိုများနေလို့ ကမ်းခြေကို ရဲအဖွဲ့က ယာယီပိတ်လိုက်ပါတယ်။
သြစတြေးလျအစိုးရက ကိုရိုနာဗိုင်းရပ်စ် မပြန့်ပွားဖို့ လဟာပြင်မှာ လူ ၅၀၀ ထက် ပိုမစုဝေးရဘူးလို့ တားမြစ်ထားတာဖြစ်ပါတယ်။
ဒါပေမယ့် ကိုယ့်အိမ်ထဲကိုယ် နေပါဆိုတဲ့ အကြံပေးချက်ကို ဂရုမထားဘဲ ကမ်းခြေမှာ အပန်းဖြေကြတဲ့ လူအများအပြားကို ဆစ်ဒနီက ပင်လယ်ကမ်းခြေတွေမှာ တွေ့နေရဆဲပါ။
သောကြာနေ့ကမြင်ရတဲ့ ဘွန်ဒိုင်းကမ်းခြေမြင်ကွင်းမှာ ရေကူးသူတွေ၊ လှိုင်းစီးသူတွေ၊ နေပူစာလှုံသူတွေ အများအပြား ပြည့်နေပါတယ်။
ပင်လယ်ကမ်းခြေ လာရောက် အပန်းဖြေသူအရေအတွက်ကို ကမ်းခြေ အသက်ကယ်သမားတွေက ရေတွက်ကန့်သတ်သင့်တယ်လို့ နယူးဆော့သ်ဝေးလ် ရဲမင်းကြီး ဒေးဗစ် အီးလိယတ်က ဆိုပါတယ်။
ကမ်းခြေမှာ လူ ၅၀၀ ကျော်တာနဲ့ တပြိုင်နက် ကမ်းခြေပိတ်ပြီးလူတွေကို မောင်းထုတ်ရမယ်လို့ ဆိုပါတယ်။ တကယ်လို့ မပြန်နိုင်ဘူးလို့ ငြင်းတဲ့သူ ရှိရင် ရဲကဖြေရှင်းလိမ့်မယ်လို့ သူကဆိုပါတယ်။
ကျန်းမာရေးဝန်ကြီး ဂရက်သ်ဟန့်ကတော့ ကမ်းခြေသွားကြသူတွေရဲ့ အပြုအမူဟာ လက်သင့်မခံနိုင်တဲ့ လုပ်ရပ်လို့ဆိုပြီး လူချင်း နီးနီးကပ်ကပ် မနေရေး အကြံပြုချက်ကို လိုက်နာကြအောင် ပိုပြီး တင်းကျပ်တဲ့ ဆောင်ရွက်ချက်တွေ လုပ်သင့်တယ်လို့ ဒေသန္တရအုပ်ချုပ်ရေး ကောင်စီတွေကို တိုက်တွန်းပါတယ်။ သြစတြေးလျရဲ့ လူချင်းခွာရေး အကြံပြုချက်အရ လူတယောက်နဲ့ တယောက်ဟာ ၅ ပေနီးပါး ခွာနေဖို့ ကြိုးစားကြရမယ်လို့ ဆိုထားပါတယ်။
လူတွေဟာ စည်းကမ်းချက်တွေကို မလိုက်နာရင် တခြားကမ်းခြေတွေမှာလည်း အလားတူ ဆောင်ရွက်မယ်လို့ ရဲမင်းကြီး အီးလိယတ်က ပြောပါတယ်။
ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေထဲမှာ သူမြင်ခဲ့ရတဲ့ အတိုင်းဆိုရင် ကမ်းခြေ ရေချိုးဘုံဘိုင်တွေ၊ အိမ်သာတွေကို မိသားစုပေါင်း ဆယ်နဲ့ချီ အသုံးပြုနေတာဟာ ဗိုင်းရပ်စ်ကို လုံးဝ ဂရုမစိုက်တဲ့ ပုံစံ ဖြစ်နေတယ်လို့လည်း အေဘီစီ သတင်းဌာနနဲ့ အင်တာဗျူးမှာ သူကပြောပါတယ်။
လေဘာပါတီရဲ့ ရှဲဒိုးဘဏ္ဍာရေးဝန်ကြီး ဝေါ့ဆီးကော့ဒ် ကတော့ ကမ်းခြေတွေကို လုံးဝပိတ်ပစ်ဖို့ အစိုးရက စဉ်းစားသင့်တယ်လို့ ပြောပါတယ်။
"ဒီနေ့ကျွန်တော်တို့ ဆုံးဖြတ်မယ့် ဆုံးဖြတ်ချက်ဟာ နောက်ထပ် ရက်အနည်းငယ်အတွင်းမှာ တခြားလူတွေရဲ့ သေရေးရှင်ရေးကို ဖြစ်စေမယ့် ဆုံးဖြတ်ချက်ပါ။ လူတွေက လူချင်းခွာရေး ညွှန်ကြားချက်တွေကို ဂရုမစိုက်ဘဲနေကြတယ်။ ဒါဟာသိပ်မိုက်တာပဲ။" လို့လည်း သူကဆိုပါတယ်။
လူချင်းခွာရေး စည်းမျဉ်းသစ်ကို ဝန်ကြီးချုပ် စကော့မော်ရစ်ဆန်က သောကြာနေ့က ကြေညာခဲ့တာပါ။ အဲဒီစည်းမျဉ်းအရ လဟာပြင် လူစုလူဝေးဟာ ၅ ပေကွာခွာနေရမှာ ဖြစ်ပြီး အမိုးအကာအောက် လူစုဝေးခြင်းစည်းကမ်းကတော့ ၄၃ စတုရန်းပေမှာ ၁ ယောက်နှုန်းထက်မပိုရပါဘူး။
အရင်စည်းကမ်းမှာတော့ ရှိရမယ့်စုစုပေါင်း အရေအတွက်ကိုသာ ခြုံငုံပြောထားပြီး အမိုးအကာအောက်မှာ ၁၀၀ ထက်မပိုရ၊ အပြင်ဘက်မှာ ၅၀၀ ထက်မပိုရလို့ ဆိုထားပါတယ်။
သြစတြေးလျနိုင်ငံတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအရေအတွက်ဟာ ၁၀၀၀ ကျော်ရှိပြီး ၇ ယောက်သေဆုံးပြီးပါပြီ။