ဖေဖေါ်ဝါရီ ၁၀ ရက် မနက် ထိပ်တန်း နိုင်ငံတကာသတင်းများ

ရေးသားခဲ့သည်။

ထိုင်းပစ်ခတ်မှုမှာ သေဆုံးသူတွေအတွက် ဆုတောင်းအမျှဝေ

သေဆုံးသူတွေအတွက် ဆုတောင်း အမျှဝေ

ဓာတ်ပုံ ရင်းမြစ်, Lauren DeCicca

ဓာတ်ပုံ ပုံစာ, သေဆုံးသူတွေအတွက် ဆုတောင်း အမျှဝေ

စနေနေ့က စစ်သား သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် လူ ၂၉ ဦးသေဆုံးပြီး ၅၇ ဦးဒဏ်ရာရခဲ့တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အရှေ့မြောက်ဘက်က နခွန်ရတ်ချာစီမာမြို့မှာ သေဆုံးခဲ့ရသူတွေအတွက် ဘာသာရေးအရ ဆုတောင်း အမျှဝေပွဲကို သံဃာတော်တွေက ဦးဆောင်လို့ မနေ့ညက ပြုလုပ်ခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ် Jakraphanth Thomma ဟာ စျေးဝယ်ကုန်တိုက်ကြီးတစ်ခုထဲကို ဝင်ရောက်လို့ အဲဒီမှာလည်း မြင်မြင်ရာ ပစ်ခတ်ခဲ့ပြီး တစ်ညလုံး ဝင်ခိုလှုံနေခဲ့ရာက မနက်အစောပိုင်းမှာမှ သူ့ကို ထိုင်းရဲတွေက အသေပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။

ကုန်တိုက်ထဲမှာ ပိတ်မိလို့ ပုန်းအောင်းနေခဲ့ရသူတွေက သူတို့ စားပွဲခုံတွေအောက်၊ အိမ်သာခန်းတွေထဲ၊ ဆိုင်ခန်းပစ္စည်းတွေကြား တစ်ညလုံးပုန်းခဲ့ရပုံတွေကို ပြန်ပြောပါတယ်။ သေနတ်သမား ပစ်နေတာကို တွေ့မြင်ခဲ့ရတဲ့ ဒီဝါးလ်ဆိုသူကတော့ သေနတ်သမားဟာ လက်တည့်ပြီး လူတွေကို ခေါင်းကို တည့်တည့်ပစ်တယ်လို့ ပြန်ပြောပြပါတယ်။

သူဟာ စစ်တပ်ထဲမှာ လက်ဖြောင့်သေနတ်သမား အဖြစ် သင်တန်းတွေတက်ခဲ့ပြီး ချုံခိုတိုက်ပွဲတွေအတွက် လေ့ကျင့်ထားသူလည်း ဖြစ်တယ်လို့ စစ်တပ်ဘက်က ပြောထားပါတယ်။

သူတိုက်ခိုက်မှုကို ဖေ့စ်ဘုတ်မှာ တောက်လျှောက်တင်နေခဲ့ပြီး သူ့အကောင့်ကို ဖေ့စ်ဘုတ်က ဖြုတ်မချခင် နောက်ဆုံးတင်ခဲ့တဲ့ ပို့စ်မှာ သေခြင်းကို လူတိုင်း ရှောင်လွဲလို့မရလို့ ရေးခဲ့တယ်လို့ သိရပါတယ်။

----

တရုတ်မှာ ရုံးတွေ အလုပ်တွေ ပြန်ဖွင့်မယ်

ဘေဂျင်းမှာ လမ်းသွားလမ်းလာတွေကို စစ်ဆေး အပူချိန်တိုင်း

ဓာတ်ပုံ ရင်းမြစ်, Kevin Frayer

ဓာတ်ပုံ ပုံစာ, လူတွေ အလုပ်ပြန်တက်ပေမယ့် ကန့်သတ်ချက်တွေ ဆက်ထားရှိဦးမယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရက်တိုးပြီး ပိတ်ပေးထားတဲ့ တရုတ်နှစ်သစ်ကူး ပိတ်ရက်တွေ ပြီးဆုံးလို့ ဒီကနေ့ တနင်္လာနေ့မှာ လူသန်းပေါင်းများစွာ လုပ်ငန်းခွင် ပြန်ဝင်ကြတော့မှာပါ ။ ဒါပေမယ့် လုပ်ငန်း အားလုံးတော့ ပြန်ဖွင့်ဦးမှာ မဟုတ်သေးပါဘူး။ အစားအသောက်လုပ်ငန်း၊ ဆေးဝါးနဲ့ စွမ်းအင်လို အရေးပါတဲ့ လုပ်ငန်းတွေပဲ အရင်ဖွင့်ဖို့ အစိုးရက ညွှန်ကြားထားပါတယ်။ တခါ လူတွေအများကြီး တစ်နေရာထဲ စုမိမှာကို ရှောင်ဖို့ စက်ရုံတွေနဲ့ ရုံးတွေကို အလုပ်ချိန်တွေ ခွဲဖွင့်ဖို့ကြဖို့လည်း မှာကြားထားပါတယ်။

ကုမ္ပဏီတွေကို ကူညီဖို့ အစိုးရက နေရာငှားရမ်းခလျှော့ပေးတာ၊ ချေးငွေတွေထုတ်ပေးတာနဲ့ လိုအပ်တဲ့ ပစ္စည်းတွေကို လျှော့စျေးနဲ့ရောင်းပေးတာတွေ လုပ်ဖို့ ကမ်းလှမ်းထားပါတယ်။တချို့နေရာတွေမှာတော့ လူတွေကို သွားလာမှုကန့်သတ်ထားတာ၊ ရောဂါပိုးရှီနိုင်သူတွေကို ခွဲခြားထားတာတွေ ဆက်လုပ်သွားဦးမှာ ဖြစ်ပါတယ်။ ကျောင်းတွေအများစုကတော့ မတ်လအထိ ပိတ်ထားမှာပါ။ အခုအထိ တရုတ်မှာ လူပေါင်း ၈၀၀ ကျော် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသက်ဆုံးခဲ့ပြီးပါပြီ။

----

လိင်စိတ်ကွဲပြားသူတွေကို ကာကွယ်ပေးမယ့်ဥပဒေကို ဆွစ်ဇာလန်လူထုထောက်ခံ

လိင်တူချစ်သူနှစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လိင်တူချစ်သူတွေရဲ့ အခွင့်အရေးကို တောင်းဆိုနေကြ

ဆွစ်ဇာလန်မှာ လုပ်ခဲ့တဲ့ ဆန္ဒခံယူပွဲမှာ လူတွေကို သူတို့ရဲ့ လိင်စိတ်တိမ်းညွတ်မှုအပေါ် မူတည်ပြီး ခွဲခြားဆက်ဆံခြင်းကို တားမြစ်တဲ့ ဥပဒေသစ်ကို လူအများစုက ထောက်ခံဆန္ဒမဲပေးခဲ့ကြပါတယ်။

ဆွစ်ဇာလန်က LGBT အသိုင်းအဝိုင်းအတွက်တော့ ဒါဟာ တွန်းအားတစ်ရပ်ဖြစ်သွားစေပါတယ်။ သူတို့က ဆွစ်ဇာလန်ဟာ တခြား ဥရောပနိုင်ငံတွေထက်စာရင် LGBT အခွင့်အရေးအတွက် စီစဉ်ပေးမှု အများကြီးနောက်မှာ ကျန်နေခဲ့တယ်လို့ ဆိုပြီး တောင်းဆိုနေကြတာဖြစ်ပါတယ်။ အခု ဥပဒေသစ်ကို မဲပေးသူ ၆၃ ရာခိုင်နှုန်းက ထောက်ခံခဲ့ပါတယ်။ ဒါဟာ မှန်းဆထားတာထက် ပိုများပါတယ်။

လူမျိုးရေးနဲ့ ဘာသာရေးကို အကြောင်းပြု၍ ခွဲခြားခြင်းကို တားမြစ်တဲ့ ရှိနှင့်ပြီးသား ဥပဒေကို တိုးချဲ့ပြီး အခု လိင်စိတ်ကွဲပြားသူတွေကိုပါ အကာအကွယ်ပေးတဲ့ ဥပဒေကို ပြဋ္ဌာန်းတာပါ။ ကန့်ကွက်သူတွေကတော့ ဒီဥပဒေဟာ လိင်တူချင်းလက်ထပ်ပေးဖို့ ငြင်းဆန်တဲ့ ဘာသာရေးခေါင်းဆောင်တွေကို ထိခိုက်စေလိမ့်မယ်လို့ ထောက်ပြပါတယ်။ ဆွစ်ဇာလန်မှာ လိင်တူချင်းလက်ထပ်ခွင့်ကို ဥပဒေအရ တရားဝင်ခွင့်မပြုသေးပါဘူး၊ ခွင့်ပြုဖို့ ပြဋ္ဌာန်းပေးမယ့် ဥပဒေကို လောလောဆယ် ပါလီမန်မှာ ဆွေးနွေးနေကြပါတယ်။

---

အနောက် ဥရောပတလွှား မုန်တိုင်းမွှေလို့ ခရီးစဉ်တွေပျက်

လေဆိပ်မှာ စောင့်နေကြရတဲ့ ခရီးသည်တွေ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဥရောပတလွှား လေကြောင်းခရီးစဉ်တွေ ဖျက်ထား

အနောက်ဥရောပတလွှားမှာတော့ မနေ့ တနင်္ဂနွေကစလို့ မုန်တိုင်းတွေ ဝင်တိုက်နေလို့ ခရီးသွားလာမှုတွေ ပြတ်တောက်ကုန်ပါတယ်။ စီယာရာလို့ နာမည်ပေးထာတဲ့ မုန်တိုင်း က တစ်နာရီကို ကီလိုမီတာ ၁၂၀ လောက်နဲ့ တိုက်လို့ သစ်ပင်တွေ၊ ဓာတ်တိုင်တွေ ရထားလမ်းပေါ် ကျိုးကျပြီး မီးပျက်တာ ရထားတွေ မသွားနိုင်တာ ဖြစ်ကုန်ပါတယ်။ တောင်ပိုင်း ဒိုဗာဆိပ်ကမ်းမြို့က ပြင်သစ်ဘက်ထွက်တဲ့ သင်္ဘောခရီးစဉ်တွေ ရပ်ထားပြီး ပရီးမီးယားလိဂ်က မန်စီးတီးနဲ့ ဝက်စဟမ်းပွဲလည်း မကန်နိုင်ပဲ ဖျက်လိုက်ရပါတယ်။ ပြင်သစ်၊ ဘယ်လ်ဂျီယမ်နဲ့ နယ်သာလန်တို့မှာ လည်း လေယာဉ်ခရီးစဉ်တွေ ဖျက်ထားပါတယ်။ ဂျာမနီမှာလည်း အမြန်ရထားခရီးတွေ နားထားရပါတယ်။ နော်ဝေမှာတော့ တောင်ပိုင်းနဲ့ အနောက်ပိုင်း ကမ်းရိုတန်းမှာ ရေကြီးမှု သတိပေးချက်တွေ ထုတ်ထားရပါတယ်။