လန်ဒန်မြို့တောင်ပိုင်းမှာ လူတွေကို ဓားနဲ့ လိုက်ထိုးခဲ့သူဟာ အကြမ်းဖက်မှုနဲ့ မကြာသေးခင်က ထောင်ကပြန်လွတ်လာသူဖြစ်

လန်ဒန်၊ အကြမ်းဖက်

ဓာတ်ပုံ ရင်းမြစ်, Met Police

ဓာတ်ပုံ ပုံစာ, ဆူဒက်ရှ် အမ်မန်
ရေးသားခဲ့သည်။

လန်ဒန်မြို့ တောင်ပိုင်းမှာ တနင်္ဂနွေနေ့ နေ့လယ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကို တိုက်ခိုက်ခဲ့သူဟာ လွန်ခဲ့တဲ့ ရက်ပိုင်းက အကျဉ်းထောင်ကနေ ပြန်လွတ်လာသူ ဖြစ်တယ်လို့ ဒီအမှုကို စုံစမ်းစစ်ဆေးနေတဲ့ ရဲတွေက အတည်ပြု ပြောကြားလိုက်ပါတယ်။

အသက် ၂၀ အရွယ် ဆူဒက်ရှ် အမ်မဲန် ဆိုသူ အဲဒီလူဟာ တနင်္ဂနွေနေ့ နေ့လယ်က စထရက်သမ် ရပ်ကွက်မှာ လူနှစ်ဦးကို ဓားနဲ့ လိုက်ထိုးခဲ့အပြီး သူ့ကို ရဲတွေက ပစ်သတ် ဖမ်းဆီးခဲ့ပါတယ်။

သူဟာ အကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်နေတဲ့ စွဲချက်တွေနဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလတုန်းက ထောင်ဒဏ် ချမှတ် ခံခဲ့ရသူ ဖြစ်ပါတယ်။

ထောင်ဒဏ် ၃ နှစ် ၄ လရဲ့ ထောင်ရက် တစ်ဝက်ကို ကျခံခဲ့အပြီး ပြီးခဲ့တဲ့ တစ်ပတ်လောက်ကမှ ထောင်ကနေ လွတ်လာတာပါ။

အခင်းဖြစ်ချိန်မှာ သူ့ကို ရဲက စောင့်ကြည့်နေတာ ဖြစ်ပြီး ဒီဖြစ်ရပ်ဟာ အစ္စလာမစ်ဝါဒနဲ့ ဆက်နွယ်နေတဲ့ အကြမ်းဖက်မှု ဖြစ်တယ်လို့ ရဲက ယူဆနေပါတယ်။

အဲဒီလူဟာ ဖောက်ခွဲပစ္စည်း ဝတ်စုံအတုကို ဝတ်ထားတယ်လို့ ရဲက ပြောပါတယ်။

ဓားထိုးတိုက်ခိုက်မှုအတွင်း လူ ၃ ဦး ဒဏ်ရာ ရခဲ့ပေမဲ့ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ သိရပါတယ်။

လန်ဒန်၊ အကြမ်းဖက်

ဓာတ်ပုံ ရင်းမြစ်, @exsupermarket

ဓာတ်ပုံ ပုံစာ, အခင်းဖြစ်ရာ နေရာကို ရဲ အလျင်အမြန် ရောက်လာခဲ့

ဆူဒက်ရှ် အမ်မန်ဟာ စထရက်သမ် ရပ်ကွက် စျေးလမ်းမကြီးက ဆိုင်တစ်ဆိုင်ထဲ ဝင်လာပြီး လူတွေကို ဓားနဲ့ လိုက်ထိုးခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ အဲဒီနောက် ဆိုင်ကနေ ထွက်သွားပြီး နောက်ထပ် အမျိုးသမီးတဦးကို ဓားနဲ့ ထိုးခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

အဲဒီနောက် သေနတ်သံ ၃ ချက် ကြားခဲ့ရပြီး ဆေးဆိုင်တစ်ဆိုင်ရဲ့ အပြင်ဘက်မှာ လူတစ်ဦး မြေကြီးမှာ လဲနေတာကို တွေ့ရကြောင်းနဲ့ လက်နက်ကိုင် ရဲတွေ ချဉ်းကပ်လာပြီး အနီးမှာ ရှိတဲ့ သူတွေကို နောက်ဆုတ်ကြဖို့ အော်ပြောခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြန်ပြောပြပါတယ်။

အခင်းဖြစ်ရာ နေရာကို ချက်ချင်းရောက်လာခဲ့ကြတဲ့ ရဲတွေနဲ့ အရေးပေါ် ဆေးဝန်ထမ်း အဖွဲ့တွေရဲ့ အလျင်အမြန် ရဲရဲဝံ့ဝံ့ တုံ့ပြန် ဆောင်ရွက်ခဲ့ကြမှုကို ဝန်ကြီးချုပ် ဘောရစ်စ် ဂျွန်ဆင်က ချီးကျူးစကား ပြောကြားလိုက်ပါတယ်။

ပြစ်မှုထင်ရှားထားတဲ့ အကြမ်းဖက်သမားတွေကို ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ အခြေခံကျတဲ့ ပြင်ဆင်မှုတွေ လုပ်ရေး နောက်ထပ် အစီအစဉ်တွေကို အစိုးရက ဒီကနေ့ တနင်္လာနေ့မှာ ထုတ်ဖော် ကြေညာဖို့ ရှိတယ်လို့လည်း သူက ဖြည့်စွက်ပြောသွားခဲ့ပါတယ်။

နိုဝင်ဘာလတုန်းက လန်ဒန် တံတားပေါ်မှာ လူနှစ်ဦးကို ဓားနဲ့ အသေ ထိုးသတ်ခဲ့တဲ့ သူဟာလည်း အကြမ်းဖက်မှုနဲ့ ပြစ်မှုထင်ရှားခဲ့သူ ဖြစ်ပြီး ရဲတွေက ပစ်သတ် ဖမ်းဆီးခဲ့ပါတယ်။