ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မွေးကင်းစကလေးကို မြေအောက်ကနေ အသက်ရှင်လျက် အိန္ဒိယမှာတွေ့
မွေးကင်းစ ကလေးငယ်လေးတစ်ယောက်ကို မြေအိုးထဲထည့်ပြီး အသက်ရှင်လျက် မြေမြှုပ်ထားတာကို အိန္ဒိယမှာ အောက်တိုဘာလတုန်းက တွေ့ခဲ့ရပါတယ်။
ကလေးကို စတွေ့စဉ်မှာ ကျန်းမာရေးက စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိခဲ့ပြီး အဲဒီကလေးက မိန်းကလေးပါ။
လမစေ့မီ မွေးလာတဲ့ ကလေးကို မြေအိုးထဲထည့်မြှုပ်ထားတာကို တွေ့ရှိကယ်တင်ခဲ့ပြီးနောက် အခုတော့ ကျန်းကျန်းမာမာ ဖြစ်လာပြီလို့ ကလေးကို ကုပေးနေတဲ့ ဆရာဝန်က ပြောပါတယ်။
သူ့မှာ ပိုးမွှားတွေ အကိုက်ခံထားရလို့ အဆိပ်သင့်နေတဲ့ လက္ခဏာနဲ့ သွေးဆဲလ်ပုံမမှန်တဲ့ ဆိုးရွားတဲ့ အခြေအနေနဲ့ အောက်တိုဘာ လလယ်လောက်က တွေ့ခဲ့တာပါ။
အခုတော့ ကလေးက ကိုယ်အလေးချိန် တက်လာပြီး အသက်ရှုတာနဲ့ သွေးဆဲလ် အခြေအနေတွေလည်း ပုံမှန်ဖြစ်လာပြီလို့ သူ့ကို ကုပေးနေတဲ့ ကလေးဆရာဝန် ရာဗီ ခန်နားက ဘီဘီစီကို ပြောပါတယ်။
သူ့မိဘတွေ ဘယ်သူဆိုတာ အခုထိ မသိရသေးပါဘူး။ နောက်ပိုင်းမှာတော့ ကလေးကို မွေးစားခွင့်ပေးဖို့ စီစဉ်မှာပါ။
အခုတော့ သူ့ကို အိန္ဒိယ မြောက်ပိုင်းက အူတာ ပရာဒက်ရှ် ပြည်နယ် ဘာရယ်လီ ခရိုင်က ကလေးစောင့်ရှောက်ရေးဌာနမှ စောင့်ရှောက်ထားလိုက်ပါပြီ။
သူ့ကို စတွေ့ခဲ့တာက ကလေးမြေမြှုပ်ဖို့သွားတဲ့ ရွာသား တစ်ယောက်ပါ။ ကလေးအသေလေးမွေးခဲ့တဲ့ မိဘတစ်ယောက်ဖြစ်တဲ့ အဲဒီ ရွာသားက သူ့သမီးကလေးကို သွားမြှုပ်ရင်း ဒီမိန်းကလေးကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့တာပါ။
ဟိန္ဒူတွေဟာ သေဆုံးသူတွေကို ပုံမှန်အားဖြင့် မီးရှို့သင်္ဂြိုဟ်လေ့ရှိပေမဲ့ မွေးကင်းစလေးတွေနဲ့ ကလေးငယ်တွေကိုတော့ မြေမြှုပ်သင်္ဂြိုဟ်တာတွေလည်း လုပ်ပါတယ်။
ဒီကလေးကို တွေ့တဲ့ ရွာသားက သူ မြေကြီးကို သုံးပေလောက် တူးပြီးချိန်မှာ မြေအိုးတစ်ခုကို ဂေါ်ပြားနဲ့ ထိုးမိပြီး အိုးကွဲသွားခဲ့တယ်၊ နောက် အဲဒီအိုးထဲကနေ ကလေးငိုသံကို ကြားလိုက်ရတယ်လို့ ပြောပါတယ်။
အဲဒါနဲ့ အိုးကို ဆွဲထုတ်လိုက်တော့ ဒီကလေးမလေးကို အထဲမှာ တွေ့ခဲ့ရတယ်လို့ သူက ပြောပါတယ်။
ကလေးကို ပထမတော့ အနီးအနားက ဆေးရုံကို ပို့လိုက်ကြပါတယ်။
နောက် နှစ်ရက်လောက်အကြာမှာတော့ ကုသရေးပစ္စည်းတွေ ပိုစုံတဲ့ ဒေါက်တာ ခန်းနားရဲ့ ဆေးရုံကို ရွှေ့ပေးလိုက်ပါတယ်။
ဒီကလေးက လမစေ့ခင် မွေးလာတဲ့ ကလေးလို့ ဆရာဝန်တွေက ပြောပါတယ်။ သူ့ကို ကိုယ်ဝန် ခြောက်လနဲ့ ခုနစ်လ ကြားလောက်မှာ မွေးခဲ့တယ်လို့ ယူဆထားကြပါတယ်။
သူ့ကိုတွေ့ချိန်မှာ အလေးချိန်က နှစ်ပေါင်ခွဲနီးပါးလောက်ပဲရှိပါတယ်။
အသားအရေတွေလည်း ခြောက်ကပ်ပြီး သွေးတွင်းသကြားဓာတ်လည်းကျနေတယ်လို့ ပြောပါတယ်။
"အခုတော့ သူ့ကို အင်္ဂါနေ့ ဒီဇင်ဘာ ၃ ရက်မှာ ခရိုင်ဆေးရုံကို ပြန်လွှဲပေးလိုက်ပါပြီ။ အဲဒီ အချိန်မှာ သူ့ကိုယ်အလေးချိန် ငါးပေါင်ခွဲကျော် ရှိလာပါပြီ။ သူက အခု နို့ဘူးလည်းသောက်တတ်နေပြီ။ လုံးဝကျန်းမာနေပြီ"လို့ ဒေါက်တာ ခန်းနားက ပြောပါတယ်။
ကလေးဟာ မြေကြီးထဲမှာ သုံးလေးရက်လောက် မြှုပ်ခံထားရတာ ဖြစ်ကောင်းဖြစ်မယ်လို့ ဒေါက်တာ ခန်းနားက ပြောပါတယ်။
အဲဒီရက်တွေအတွင်း ကလေးတွေမှာ သူ့တို့ ဗိုက်ထဲမှာ မွေးကတည်းက ပါလာတဲ့ အညိုရောင်အဆီတွေကြောင့် အသက်ဆက်ရှင်နေတာလို့ ပြောပါတယ်။
တစ်ခါတလေ အရေးပေါ်အခြေအနေတွေမှာ ကလေးတွေဟာ ဒီအဆီတွေနဲ့ အသက်ဆက်နိုင်ပါတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ တချို့ ကျွမ်းကျင်သူတွေကတော့ ကလေးက မြှုပ်ထားတာ နှစ်နာရီ၊ သုံးနာရီလောက်ပဲ ရှိသေးပြီး အခုလို မကယ်ဖြစ်ခဲ့ဘူးဆိုရင် နောက်ထပ် တစ်နာရီ၊ နှစ်နာရီလောက်ပဲ အသက်ရှင်တော့မယ်လို့လည်း ပြောပါတယ်။
မြေအိုးထဲမှာ ရှိနေတဲ့ လေနဲ့ မြေကိုလည်း ပွယောင်းယောင်းပဲ ဖို့ထားခဲ့လို့ ကလေးက အောက်ဆီဂျင် ဆက်ရနေတာ ဖြစ်မယ်၊ အိုးကလည်း ခပ်ပွပွ ဖုတ်ထားတဲ့ အိုးဖြစ်လို့ အခုလို ကလေး အသက်ဆက်ရှင်နိုင်တာလို့လည်း ယူဆကြပါတယ်။
ကလေကိုတွေ့ခဲ့တဲ့ အောက်တိုဘာလတုန်းကစပြီး ရဲတွေက ဒီအမှုအတွက် ရာဇဝတ်မှုဖွင့်ခဲ့ပြီး ကလေးမိဘတွေကိုလည်း ရှာခဲ့ပါတယ်။
ဒါပေမဲ့ ဒီကလေး သတင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်နေတာတောင် ဘယ်သူကမှ သူတို့ကလေးဆိုပြီး လာမခေါ်တဲ့အတွက် ကလေးမိဘတွေက လူမှုရေး ပြဿနာဖြစ်ဖြစ်၊ ဥပဒေနဲ့ ငြိစွန်းတဲ့ တခြားကိစ္စတွေ ဖြစ်ဖြစ် ရှိနေနိုင်တယ်လို့ ရဲတွေက ပြောပါတယ်။
ဒီကလေးကို အခုလို စွန့်ပစ်ထားတာ ဘာကြောင့်ဆိုတာ တာဝန်ရှိသူတွေက မပြောပေမဲ့ အိန္ဒိယဟာ ကျား၊မ အရေအတွက် အချိုးကွာခြားမှု ကမ္ဘာပေါ်မှာ အဆိုးဆုံး နိုင်ငံတွေထဲမှာ ပါပါတယ်။
အထူးသဖြင့် ဆင်းရဲချို့တဲ့တဲ့ အသိုင်းအဝိုင်းတွေမှာ မိန်းမတွေဟာ ခွဲခြားဆက်ဆံ ခံရပြီး မိန်းကလေးတွေ မွေးလာတာဟာ မိဘတွေအတွက် ငွေကြေးဝန်ထုပ်ဝန်ပိုးလို့ ယူဆတတ်ကြပါတယ်။
မိန်းကလေး သန္ဓေသားလောင်းတွေကို တရားမဝင် ဆေးခန်းတွေမှာ ဖျက်ချပစ်တာတွေ ရှိနေတာတောင် မွေးပြီးမှ စွန့်ပစ်သတ်ဖြတ်တာတွေလည်း ဆက်ရှိနေတာ ဖြစ်ပါတယ်။