ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အသက်ရှင်လျက် မြေမြှုပ်ခံရတဲ့ မွေးကင်းစကလေးကို ကယ်တဲ့ခွေးလေး
ထိုင်းနိုင်ငံမြောက်ပိုင်းက ရွာတစ်ရွာမှာ ဆယ်ကျော်သက် မိခင်က အရှင်လတ်လတ်မြေမြှုပ်ခဲ့တယ်ဆိုတဲ့ မွေးကင်းစကလေးကို ခွေးတစ်ကောင်က ကယ်တင်လိုက်ပါတယ်။
ကယ်တင်ခံခဲ့ရတဲ့ကလေးဟာ ယောက်ျားလေး ဖြစ်ပါတယ်။
အသက် ၁၅ နှစ်အရွယ် သူ့အမေက သူကိုယ်ဝန်ရခဲ့တာကို မိဘတွေ မသိစေချင်လို့ အခုလို စွန့်ပစ်ခဲ့တာလို့ ဆိုပါတယ်။
ပင်ပေါင်ဆိုတဲ့ ခွေးလေးက လယ်ကွင်းထဲမှာ လှည့်ပတ်ပြီး ဟောင်လိုက် မြေကြီးတွေ တူးလိုက် လုပ်နေခဲ့တာပါ။ နောက်တော့ ကလေးရဲ့ ခြေထောက်လေးတစ်ဖက် မြေကြီးထဲက ထွက်နေတာကို သူ့သခင်က သတိထား မိခဲ့ပါတယ်။
ရွာသားတွေလည်း ကလေးကို ဆေးရုံအပြေးပို့ခဲ့ကြပါတယ်။ ဆရာဝန်တွေက သန့်ရှင်းပေးပြီးတဲ့အခါမှာ ကလေးကျန်းမာတယ်လို့ သူတို့ကို အသိပေးခဲ့ပါတယ်။
ပင်ပေါင်ဟာ ကားတိုက်ခံပြီးနောက် ခြေတစ်ဖက် မသန်ဖြစ်နေတဲ့ ခွေးလေးပါလို့ သူ့သခင်က ပြောပါတယ်။
ကျွန်တော်သူ့ကို မွေးထားတာ သူက အရမ်း သစ္စာရှိလို့၊ စကားနားထောင်လို့ပါ။ သူက လယ်ထဲသွားရင်လည်း အဖော်ရတယ်။ သူ့ကို တစ်ရွာလုံးက ချစ်ကြတယ်။ အံ့သြစရာပဲလို့ ပင်ပေါင်ရဲ့ ပိုင်ရှင်က ပြောပါတယ်။
ကလေးရဲ့ အမေကိုတော့ ကလေးစွန့်ပစ်မှု၊ လူသတ်ရန်ကြံစည်မှုတွေနဲ့ အရေးယူထားပါတယ်။
အခုအခါမှာ အဲဒီ မိန်းကလေးကို သူ့မိဘတွေနဲ့ စိတ်ရောဂါ အထူးကု တို့က စောင့်ရှောက်ပေးနေတယ်လို့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။
မိန်းကလေးက သူ့လုပ်ခဲ့တာတွေကို နောင်တရနေပြီလို့လည်း အဲဒီရဲအရာရှိက ဆက်ပြောပါတယ်။
ကလေးကိုတော့ သူ့အဘိုးအဘွားတွေက မွေးဖို့ ဆုံးဖြတ်ထားပါတယ်။