ဖိလစ်ပိုင် မဟာဓာတ်အားလိုင်းကို တရုတ် အဝေးက လှမ်းပိတ်နိုင်တယ်လို့ဆို

ဖိလစ်ပိုင် ဓာတ်အားလိုင်း တပ်ဆင်နေသူတွေ

ဓာတ်ပုံ ရင်းမြစ်, ROMEO GACAD

ဓာတ်ပုံ ပုံစာ, တရုတ်က ဖိလစ်ပိုင်ကို လျှပ်စစ်ဓာတ်အားပေးရေးကနေ ချုပ်ကိုင်နေသလားဆိုတာ စုံစမ်းစစ်ဆေးပေးဖို့ ဖိလစ်ပိုင်အမတ်တွေ တောင်းဆို
ရေးသားခဲ့သည်။

တောင်တရုတ် ပင်လယ် အရေး တရုတ်နဲ့ အငြင်းပွားမှုတွေရှိနေတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ အဓိက ဓာတ်အားပေးလိုင်းကြီးကို တရုတ်က အဝေးကနေ ထိန်းချုပ် ပိတ်လိုက်နိုင်စွမ်းရှိနေတယ်လို့ ဖိလစ်ပိုင် လွှတ်တော်မှာ ဆွေးနွေးချက်တွေအရ သိရပါတယ်။

ဒီလို တရုတ်က ထိန်းချုပ်နိုင်စွမ်း ရှိနေတယ်ဆိုတာကို ဖိလစ်ပိုင် ဓာတ်အားပေး ကော်ပိုရေးရှင်း(TransCo) ရဲ့ အကြီးအကဲက လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။

ဖိလစ်ပိုင် မဟာဓာတ်အားလိုင်းကို လုပ်ကိုင်နေတဲ့ ဓာတ်အားပေးလုပ်ငန်းရဲ့ ရှယ်ယာ တစ်ဝက်နီးပါးကို တရုတ်က ၂၀၀၉ ကတည်းက ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

အဲဒီလို ပိုင်ဆိုင်ထားတာနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ လက်ဝါးကြီးအုပ် လွှမ်းမိုးမှုကြောင့် ဖိလစ်ပိုင်ရဲ့ လုံခြုံရေး ခြိမ်းခြောက်ခံနေရပြီလားဆိုပြီး လွှတ်တော်မှာ အမတ် တစ်ယောက်က မေးခဲ့တာပါ။

တရုတ်နဲ့ ဖိလစ်ပိုင်တို့ဟာ တောင်တရုတ် ပင်လယ်အရေးနဲ့ ပတ်သက်ပြီး နယ်မြေ အငြင်းပွားမှုတွေ ရှိနေပါတယ်။

"အနောက် ဖိလစ်ပိုင် ပင်လယ်ကိစ္စ အငြင်းပွားနေတဲ့ နိုင်ငံခြား ကုမ္ပဏီကို ကျွန်တော်တို့ရဲ့ ဓာတ်အားလိုင်း လုပ်ပိုင်ခွင့် ၄၀ ရာခိုင်နှုန်းကို ပေးထားရတာပါ" လို့ အထက်လွှတ်တော်အမတ် ရစ်ချတ် ဂေါ်ဒန်က ပြောပါတယ်။ သူက အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ် အရှေ့ပိုင်းက ရေပိုင်နက်ကိုလည်း ဖိလစ်ပိုင်နာမည်ထည့်သွင်း သုံးနှုန်းသွားပါတယ်။

"ပြီးတော့ အဲဒီ နိုင်ငံကလည်း နိုင်ငံရေး သြဇာ လွှမ်းမိုးလိုတာ အသိသာကြီးပါ" လို့ သူက ပြောပါတယ်။

ဒါပေမဲ့ တရုတ်က အဲဒီလို အဝေးက လှမ်းပြီး ပိတ်လိုက်ရင်၂၄ နာရီကနေ ၄၈ နာရီကြား အကြာမှာ ဓာတ်အားပြန်ရအောင် ဖိလစ်ပိုင်ဘက်က အင်ဂျင်နီယာတွေက လုပ်နိုင်တယ်လို့လည်း လွှတ်တော်မှာ ဆွေးနွေးချက်တွေ အရသိရပါတယ်။

တရုတ်က ဘယ်လို လှမ်းပိတ်နိုင်တာလဲ

တရုတ် ရှယ်ယာတွေပါတဲ့ ဖိလစ်ပိုင် ဓာတ်အားလိုင်းက ဖိလစ်ပိုင် နိုင်ငံ မြောက်ဖျား လူဇွန်ကနေ တောင်ဘက် မင်ဒါနာအို အထိ တစ်လျှောက်လုံးကို လျှပ်စစ်ဓာတ်အား ပေးနေတာ ဖြစ်ပါတယ်။

တရုတ် အစိုးရပိုင် ဓာတ်အားပေးလုပ်ငန်းက ဖိလစ်ပိုင်ရဲ့ တစ်ခုတည်းသော အဓိက လျှပ်စစ် ဓာတ်အားပေးလုပ်ငန်းဖြစ်တဲ့ မဟာ ဓာတ်အားလိုင်း ကော်ပိုရေးရှင်းမှာ ၄၀ ရာခိုင်နှုန်း ရှယ်ယာတွေ ပိုင်ဆိုင်ထားပါတယ်။

ဒါကြောင့် ဖိလစ်ပိုင် ဓာတ်အားလိုင်းကို တရုတ်က အဝေးကနေ လှမ်းပိတ်လိုက်နိုင်မလားဆိုပြီး အထက်လွှတ်တော် အမတ် ရီဆာ ဟွန်တီဗာရိုက နိုဝင်ဘာ ၁၉ ရက်မှာ လွှတ်တော်မှာ မေးခဲ့တာပါ။

ဒါကို လွှတ်တော် စွမ်းအင်ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ရှာဝင်း ဂတ်ချယ်လီယန်က ပြန်ဖြေဆိုပါတယ်။ နိုင်ငံပိုင် ဓာတ်အားပေးလုပ်ငန်း TransCo ရဲ့ ဥက္ကဋ္ဌကို ကိုးကားပြီး သူကဖြေခဲ့တာပါ။

အခုခေတ် အဝေးဆက်သွယ်ရေးစနစ်နဲ့ ဆော့ဖ်ဝဲ နည်းပညာပိုင်း တိုးတက်လာမှုတွေကြောင့် အဝေးကနေ လှမ်းထိန်းချုပ်နိုင်စွမ်းရှိပါတယ်လို့ သူက ဖြေပါတယ်။

ဖိလစ်ပိုင်ဘက်ကရော ဘယ်လို တုံ့ပြန်နိုင်သလဲ

ဓာတ်အားပေး လုပ်ငန်းကို လွှဲပြောင်းခဲ့စဉ်က ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို ဖိလစ်ပိုင်ဘက်က ပြင်ဆင်ထားတယ်လို့ အမတ် ဂတ်ချယ်လီယန်က ပြောပါတယ်။

တချို့ အခြေအနေတွေမှာ ဖိလစ်ပိုင် သမ္မတက ဓာတ်အားပေးလုပ်ငန်းကို ဝင်ရောက်ထိန်းချုပ်နိုင်တဲ့ အာဏာရှိပြီး ဓာတ်အားကို ၂၄ နာရီကနေ ၄၈ နာရီ အတွင်း ပြန်ရအောင် ဖိလစ်ပိုင်ဘက်က လုပ်နိုင်တယ်လို့ သူက ပြောပါတယ်။

အဲဒါဟာ စစ်ဖြစ်နေစဉ်၊ ပုန်ကန်မှုတွေ ဖြစ်စဉ်၊ အများပြည်သူ အန္တရာယ် ကြုံတွေ့ရစဉ်နဲ့ သဘာဝဘေးတွေ ကြုံတွေ့ရစဉ်တွေမှာ လုပ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဓာတ်အားပေး စနစ်ဟာ တရုတ်နိုင်ငံဘက်က နန်ကျင်းမှာ တည်ရှိတာဖြစ်လို့ ဓာတ်အားစနစ် ကွန်ရက်ကို နိုင်ငံခြားသား အင်ဂျင်နီယာတွေကပဲ ပြုပြင်တာတွေ လုပ်နိုင်သလားဆိုတာကိုလည်း အမတ် ဟွန်တီဗာရိုက မေးခဲ့ပါတယ်။

ပြီးတော့ ဓာတ်အားစနစ် အသုံးပြုကိုင်တွယ်ပုံတွေကို တရုတ်ဘာသာနဲ့ ရေးသားထားသလားဆိုတာကိုလည်း သူက မေးခဲ့ပါတယ်။

ဒါကိုတော့ ဓာတ်အားပေး စနစ်ကို ဖိလစ်ပိုင်ဘက်က ထိန်းချုပ်နိုင်ပြီး အသုံးပြုတဲ့ စနစ်တွေကိုလည်း အင်္ဂလိပ်ဘာသာ ပြန်ထားပြီး ဖြစ်တယ်လို့ လွှတ်တော် လျှပ်စစ်ကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။

တခြားနိုင်ငံတွေမှာရော တရုတ်က ဘာလုပ်နိုင်စွမ်းတွေ ရှိသလဲ

အခု နှစ်ပိုင်းတွေမှာ ကမ္ဘာ့နေရာ အတော်များများမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မြန်မြန်ဆန်ဆန် တိုးလာနေတာကို တွေ့ရပါတယ်။

အဲဒီလို တရုတ်ရဲ့ စီးပွားရေး ရည်မှန်းချက်တွေထဲမှာ ပုဂ္ဂလိက ကုမ္ပဏီတွေကို ဝယ်တာ၊ အိမ်ခြံမြေတွေမှာ ရင်းနှီးမြှုပ်နှံတာ၊ ပင်လယ်ဆိပ်ကမ်းနဲ့ တံတားတွေလို ကြီးမားတဲ့ အခြေခံ အဆောက်အဦးတွေ တည်ဆောက်တာနဲ့ စွမ်းအင်ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံထားတာတွေ ပါဝင်ပါတယ်။

ကန်ညာ၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတို့က မဟာဓာတ်အားလိုင်း စနစ်တွေရဲ့ အဝေးထိန်းစနစ်တွေကို တရုတ် အစိုးရပိုင် ဓာတ်အားပေးလုပ်ငန်းက ပစ္စည်းတွေ ထောက်ပံ့ တပ်ဆင်ထားတယ်လို့ လွှတ်တော်မှာ အမတ် ဟွန်တီဗာရိုက ပြောပါတယ်။

ဒါကြောင့် ဒီနိုင်ငံတွေရဲ့ အတွေ့အကြုံတွေကိုလည်း ဖိလစ်ပိုင် လုံခြုံရေးအတွက် စောင့်ကြည့် လေ့လာနိုင်တယ်လို့ သူက ပြောပါတယ်။