ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တာလီဘန်ဖမ်းထားတဲ့ ပါမောက္ခနှစ်ယောက် အကျဉ်းသားချင်းလဲပြီး လွတ်မြောက်လာ
တာလီဘန် ထိပ်တန်း ခေါင်းဆောင် သုံးယောက်နဲ့ အကျဉ်းသားချင်းလဲလှယ်မှု အရ တာလီဘန်တွေ ဖမ်းထားတဲ့ တက္ကသိုလ် ပါမောက္ခ နှစ်ယောက် ပြန်လွတ်မြောက်လာခဲ့ပါတယ်။
အာဖဂန်နစ္စတန်က တာလီဘန် အဖွဲ့က ၂၀၁၆ ခုနှစ် ကတည်းက ဓားစာခံ အဖြစ် ဖမ်းထားတဲ့ အမေရိကန်နဲ့ သြစတြေးလျ ပါမောက္ခ နှစ်ယောက်ကို အကျဉ်းသားချင်း လဲလှယ်ဖို့အတွက် လွှတ်ပေးခဲ့ပါတယ်။
အမေရိကန်က ကီဗင်ကင်း နဲ့ သြစတြေးလျက တင်မသီ ဝိခ်စ်တို့ဟာ သုံးနှစ်ကြာ ဖမ်းဆီးခံရပြီးနောက် လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။
သူတို့ဟာ သူတို့စာသင်တဲ့ အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးမြို့က အမေရိကန် တက္ကသိုလ်နားကနေ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
သူတို့နဲ့ လဲလှယ်တဲ့ တာလီဘန် ခေါင်းဆောင် သုံးယောက်ကတော့ အာဖဂန်ကနေ ကာတာကို ပို့လိုက်ပါပြီ။
အခုလို အကျဉ်းသားချင်းလဲလှယ်တဲ့ အစီအစဉ်ဟာ တာလီဘန်တွေနဲ့ ဆွေးနွေးမှုတွေ ပြန်စနိုင်ဖို့အတွက် ဖြစ်တယ်လို့ အာဖဂန် အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီလို အကျဉ်းသားချင်းလဲတဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အာဖဂန် သမ္မတ အာရှရပ် ဂန်နီက ဒီဆုံးဖြတ်ချက်ဟာ ခက်ခဲပေမဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး လူသားချင်းစာနာမှုကို ပြတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က ပြောပါတယ်။
အခု လဲလှယ်တဲ့ အထဲမှာ ဟာခန်နီ စစ်သွေးကြွအဖွဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး အဲဒီအဖွဲ့ရဲ့ အဓိက ငွေကြေးရှာဖွေထောက်ပံ့သူ အန်နက်စ် ဟာခန်နီလည်း ပါဝင်ပါတယ်။ သူ့ကို အာဖဂန်နစ္စတန်က အကျဉ်းထောင်ထဲမှာ အာဖဂန် အစိုးရက ဖမ်းဆီးထားခဲ့ရာကနေ အခုလို လဲလှယ်လိုက်တာ ဖြစ်ပါတယ်။
သူ့ရဲ့ အစ်ကို ဆီရာဂျက်ဒင်က ဟာခန်နီ အဖွဲ့ တိုက်ခိုက်ရေး ကွန်ရက်တွေကို ထိန်းချုပ် ဦးဆောင်သူ ဖြစ်ပြီး တာလီဘန် အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင်ဖြစ်ပါတယ်။ သူက ကာတာမှာ နိုင်ငံရေးလုပ်ငန်းအတွက် ရုံးခန်းဖွင့်ထားပါတယ်။
ဒီလဲလှယ်မှုမှာ တာလီဘန်တွေ ဖမ်းထားတဲ့ အာဖဂန် အမျိုးသား လုံခြုံရေး တပ်ဖွဲ့က တပ်ဖွဲ့ဝင် ၁၀ ယောက်ကိုလည်း လွှတ်ပေးလိုက်တယ်လို့ တာလီဘန်တွေကလည်း ကြေညာလိုက်ပါတယ်။ ဒါကြောင့် ဒီအကျဉ်းသားလဲလှယ်မှု အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့ပြီလို့ တာလီဘန်တွေက ပြောပါတယ်။
အခု လုပ်ဆောင်ချက်တွေဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ကောင်းမွန်ပြီး နှစ်ဘက် ယုံကြည်မှု တည်ဆောက်ရေးအတွက် ရှေ့တစ်လှမ်းတိုးနိုင်ခဲ့တာတွေ ဖြစ်တယ်လို့ တာလီဘန်တို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပါမောက္ခ နှစ်ယောက်ကို ဘယ်လို ဖမ်းသွားတာလဲ
အင်္ဂလိပ်စာ ပါမောက္ခ နှစ်ယောက် တက္ကသိုလ်ကနေ အပြန် စီးလာတဲ့ကားကို သေနတ်သမားတွေက ခြုံခိုတိုက်ပြီး ဖမ်းခေါ်သွားတာခဲ့ပါတယ်။ ဒါက ၂၀၁၆ သြဂုတ်မှာ ဖြစ်ခဲ့တာပါ။
သူတို့ အဖမ်းခံလိုက်ရလို့ အမေရိကန် ရေတပ် အထူးတပ်ဖွဲ့တွေက ကယ်ဆယ်ရေး စစ်ဆင်ရေးကို ရက် အတော်ကြာ လုပ်ခဲ့သေးပေမဲ့ မကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
နောက်တော့ ၂၀၁၇ မှာ သူတို့ နှစ်ယောက်ပါတဲ့ ဗီဒီယိုတစ်ခုကို တာလီဘန်တွေက ထုတ်ပြခဲ့ပါတယ်။ သူတို့ နှစ်ယောက်ကို လွတ်မြောက်စေချင်ရင် အကျဉ်းသားချင်းလဲမယ်ဆိုပြီး အဲဒီတုန်းက ရွေးကောက်ပွဲ နိုင်ထားတဲ့ သမ္မတလောင်း ဒေါ်နယ်ထရမ့်ကို တောင်းဆိုခဲ့ပါတယ်။
အခုတော့ အကျဉ်းသားချင်း လဲလှယ်ခဲ့ပြီဖြစ်ပြီး ဒေသအချိန် မနက် ၁၀ နာရီမှာ သူတို့ကို ပြန်လွှဲပြောင်းပေးလိုက်ပြီလို့ နိုဝင်ဘာ ၁၁ ရက်မှာ တာလီဘန် သတင်းရင်းမြစ်တစ်ခုက ဘီဘီစီကို ပြောပါတယ်။
အခု လဲလှယ်မှု မတိုင်ခင်မှာ ၄၈ နာရီ အပစ်ရပ် သဘောတူညီမှု တစ်ခုလုပ်ခဲ့ကြရပါတယ်။ နောက် ဒီပြန်လွတ်လာတဲ့ ပါမောက္ခ နှစ်ယောက် အမေရိကန် ရဟတ်ယာဉ်နဲ့ လိုက်ပါသွားကြတယ်လို့ အကျဉ်းသားလဲလှယ်ရေးလုပ်ငန်းမှာ ပါဝင်ခဲ့တဲ့ ဒေသခံ ရဲတပ်ဖွဲ့က ပြောပါတယ်။
သူတို့ရဲ့ အခြေအနေကို ရှင်ရှင်းလင်း မသိရသေးပေမဲ့ သူတို့ဟာ ဖမ်းဆီးခံထားရစဉ်မှာ ကျန်းမာရေး ဆိုးရွားလာနေတယ်လို့ ပြီးခဲ့တဲ့အပတ်က မိန့်ခွန်းမှာ သမ္မတ ဂန်နီက ပြောပါတယ်။
အခု သူတို့ ပြန်လွတ်လာတဲ့အခါ သူတို့ နှစ်ယောက်နဲ့ သူတို့မိသားစုတွေအတွက် တတ်နိုင်သမျှ ဆောင်ရွက်ပေးမယ်လို့ အာဖဂန်နစ္စတန်က အမေရိကန် တက္ကသိုလ်ကလည်း ကြေညာချက် ထုတ်ပါတယ်။
လွတ်လာတဲ့ တာလီဘန် အကျဉ်းသားတွေကရော ဘယ်သူတွေလဲ
အခု အကျဉ်းသား လဲလှယ်မှု အဖြစ် ကာတာကို အပို့ခံရသူတွေကတော့ အန်နက်စ် ဟာခန်နီ၊ ဟာဂျီ မာလီခန်းနဲ့ ဟာဖစ် ရာရှစ်တို့ ဖြစ်ပါတယ်။
ဟာခန်နီက ဟာခန်နီ စစ်သွေးကြွအဖွဲ့က ခေါင်းဆောင် တစ်ယောက်ပါ။ အဲဒီ ဟာခန်နီ အဖွဲ့ကို သူ့ အဖေ ဂျာလာလူဒင် ဟာခန်နီက တည်ထောင်ခဲ့တာပါ။ အခုတော့ ဒီအဖွဲ့ကို သူ့အစ်ကို ဆီရာဂျူဒင်က ဦးဆောင်နေပါတယ်။ သူ့အစ်ကိုဟာ တာလီဘန် အဖွဲ့ရဲ့ ဒုတိယ ခေါင်းဆောင်လည်း ဖြစ်တယ်လို့ ဘီဘီစီ အူရဒူ ဌာနက ပြောပါတယ်။
သူတို့မိသားစုက တခြား ညီအစ်ကို လေးယောက်ဟာ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်က စစ်ဆင်ရေးတွေမှာ သေဆုံးခဲ့ကြပြီး အသက်ရှင်ကျန်နေတဲ့ မိသားစုဝင်တွေကတော့ ပုန်းရှောင်နေကြရပါတယ်။
အာဖဂန်နစ္စတန်မှာ ဖြစ်တဲ့ ကြိုတင်စီစဉ်တိုက်ခိုက်မှု တော်တော်များများကို ဟာခန်နီ ကွန်ရက်က ကြိုးကိုင်နေတာလို့ အခု နှစ်ပိုင်းတွေမှာ နေတိုး အဖွဲ့က ပြောပါတယ်။ ဒီတိုက်ခိုက်မှုတွေထဲမှာ လူ ၁၅၀ သေဆုံးခဲ့တဲ့ ၂၀၁၇ ကာဘူး ကားဗုံးခွဲမှုလည်း ပါဝင်ပါတယ်။ ဒါဟာ အာဖဂန်နစ္စတန်မှာ လူသေဆုံးမှု အများဆုံး ပေါက်ကွဲမှုတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
ဒီအဖွဲ့ကို အနောက်နိုင်ငံတွေက အထောက်အပံ့တွေ ပေးတယ်ဆိုပြီး ပါကစ္စတန်ဘက်က စွပ်စွဲခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနိုင်ငံတွေက ဒါကို ငြင်းဆိုထားပါတယ်။
အန်နက်စ်ဟာ ၂၀၁၄ ခုနှစ်မှာ ဘာရိန်းမှာ အဖမ်းခံခဲ့ရတာပါ။ သူ့ကို ဖမ်းဆီးခဲ့သူတွေက အမေရိကန်တွေ ဖြစ်မယ်လို့ ယူဆထားကြပါတယ်။ သူ့ကို ယူအေအီးက အကျဉ်းထောင်တစ်ခုမှာ ထားခဲ့ပြီးနောက် အာဖဂန် အစိုးရ လက်ထဲ အပ်လိုက်ပါတယ်။ နောက်တော့ သူ့ကို ကာဘူးက ဘာဂရမ် လေတပ်အခြေစိုက် စခန်းက ထောင်တစ်ခုမှာ ထားခဲ့ပါတယ်။
နောက်တစ်ယောက်က ဟာဖစ် ရာရှစ်ပါ။ သူကတော့ တာလီဘန်က တပ်မှူး တစ်ယောက် ဖြစ်ပါတယ်။ သူက အသေခံ ဗုံးခွဲသမားတွေကို ဗုံးတွေ၊ ကိရိယာတွေ တပ်ဆင်ပေးရာမှာ ပါဝင်သူဖြစ်ပြီး ဗုံးခွဲသမားတွေ ပစ်မှတ်ကို ရွေးချယ်တိုက်ခိုက်ရာမှာ ကူညီပေးသူ ဖြစ်တယ်လို့ နယူးယောက်တိုင်းမ် သတင်းစာက ပြောပါတယ်။
သူ့အစ်ကိုကတော့ ကာတာမှာ ရှိတဲ့ တာလီဘန် ညှိနှိုင်းရေး အဖွဲ့ဝင် တစ်ယောက် ဖြစ်ပါတယ်။
နောက်ဆုံး တစ်ယောက် ဟာဂျီ မာလီခန်း ပါ။ သူ့ကတော့ အဆင့်မြင့် တပ်မှူး တစ်ယောက်လို့ပဲ သိရသေးပြီး သူ့အကြောင်း များများစားစား မသိရသေးပါဘူး။
အန္တရာယ်ထဲတိုးဝင်တာလား၊ နိုင်ငံရေး အကွက်မြင်တာလား
ဘီဘီစီ အာဖဂန် သတင်းထောက် အူလီယာ အတ်ထရာဖီရဲ့ သုံးသပ်ချက်
ဒါဟာ သမ္မတ ဂန်နီရဲ့ အလောင်းအစားဆန်တဲ့ ဧရာမ ဆုံးဖြတ်ချက်ကြီးပါ။
အန်နက်စ် ဟာခန်လို့ ဆိုလိုက်ရင် အာဖဂန်က အရပ်သားတွေ ရာချီ သေဆုံး၊ ဒဏ်ရာရစေခဲ့တဲ့ မြို့တော် ကာဘူးက တိုက်ခိုက်မှုတွေကို လုပ်ခဲ့တဲ့သူလို့ လူအများက သတ်မှတ်ထားကြတာပါ။ သူ့ကို အစွန်းရောက် တာလီဘန်တွေရဲ့ ပုံရိပ်တစ်ခု အဖြစ်လည်း အစိုးရနဲ့ လူမှုအဖွဲ့အစည်းတွေက သတ်မှတ် ဝေဖန်ပြောဆိုကြတာပါ။
အစိုးရက မကြာသေးခင်ကလေးကပဲ သူ့ကို လွှတ်ပေးဖို့ ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စ တစ်ခုအဖြစ် ပြောထားသေးတာပါ။ ဒါကြောင့် အခုလို လွှတ်ပေးလိုက်တာက အကြမ်းဖက်မှုတွေ လျော့သွားစေပြီး အရင်က ထိခိုက်ခဲ့တာတွေကို ပြန်ကုစား နိုင်မလားဆိုတာကို စောင့်ကြည့်ရမှာပါ။
ဒါ့အပြင် အခု အကျဉ်းသားလဲလှယ်မှု ဖြစ်မြောက်အောင် အာဖဂန် အစိုးရက သူ့ခြေသူ့လက်လုပ်တာ ဖြစ်ပြီး အမေရိကန်တွေနဲ့ သက်ဆိုင်ပုံမရပါဘူး။
အာဖဂန် အစိုးရက အခုလို အကျဉ်းသားချင်း လဲလှယ်ပေးလိုက်တဲ့အတွက် အစိုးရနဲ့ တာလီဘန်တို့ တိုက်ရိုက်ဆွေးနွေးရေးကို တာလီဘန်တွေက လက်ခံလာမယ်လို့ မျှော်လင့်နေပါတယ်။ အစိုးရကမ်းလှမ်းတဲ့ ဆွေးနွေးမှုတွေကို တာလီဘန်တွေက အမြဲတမ်း ငြင်းနေခဲ့တာပါ။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဘာဆက်ဖြစ်မလဲ
အာဖဂန်နဲ့ တာလီဘန် တွေအကြား တွေ့ဆုံဆွေးနွေးရေးက စက်တင်ဘာလမှာ မအောင်မမြင် ဖြစ်ခဲ့ပါတယ်။ အမေရိကန်တို့အတွက် အရှည်ကြာဆုံး စစ်ပွဲကို အဆုံးသတ်ဖို့အတွက် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တာလီဘန် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ သမ္မတ ဂန်နီတို့ကို အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီနားက ဒေးဗစ်စခန်းမှာ ဖိတ်ခဲ့အပြီးမှာ မအောင်မမြင် ဖြစ်ခဲ့တာပါ။
ဆွေးနွေးပွဲ မစခင် နှစ်ရက်အလိုမှာ အာဖဂန် မြို့တော်မှာ တာလီဘန် တိုက်ခိုက်မှု ဖြစ်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ အမေရိကန် စစ်သားတစ်ယောက်နဲ့ တခြား ၁၁ ယောက် သေဆုံးခဲ့ပါတယ်။ ဒါကြောင့် ထရမ့်က ဖိတ်ခေါ်မှုကို ရုပ်သိမ်းခဲ့ပြီး တာလီဘန်တွေက အပစ်ရပ်ရေးကို လုပ်ချင်ပုံ မရဘဲ တာလီဘန်တွေက ဆွေးနွေးနိုင်မှာလည်း မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
အာဖဂန် သမ္မတ ဂန်နီက ရုပ်မြင်သံကြားကနေ ပြောတဲ့ မိန့်ခွန်းမှာတော့ ဒီလဲလှယ်မှုဟာ ငြိမ်းချမ်းရေး တိုက်ရိုက်ဆွေးနွေး နိုင်ဖို့ ရည်ရွယ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ တာလီဘန်တွေကတော့ အာဖဂန် အစိုးရဟာ အမေရိကန်ရဲ့ ရုပ်သေးရုပ်ပဲလို့ဆိုပြီး အစိုးရနဲ့ တွေ့ဆုံ ညှိနှိုင်းမှုကို အမြဲတမ်း ငြင်းခဲ့ပါတယ်။