ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘာဘ်ဘယ်မုန်တိုင်း - လူတစ်သိန်းကို ဘင်္ဂလားဒေ့ရှ် ကယ်ထုတ်
ဆိုင်ကလုန်း မုန်တိုင်း ဘာဘ်ဘယ် ဝင်ရောက်မယ့် ကမ်းရိုးတန်း ဒေသမှာ နေထိုင်တဲ့ လူတစ်သိန်းလောက်ကို နေရာတွေကနေ ထွက်ခွာကြဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၉ ရက် စနေနေ့ ဒေသ စံတော်ချိန် ညနေပိုင်းလောက်မှာ မုန်တိုင်းအရှိန်ကြောင့် မြေပြိုမှုတွေ ဖြစ်ပြီး ဒီရေတွေလည်း ၇ ပေလောက်အထိ တက်မယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။
ကမ်းရိုးတန်း ဒေသက မြေမျက်နှာပြင် အနိမ့်ပိုင်း ခရိုင် ၁၀ ခုထက်မကဟာ မုန်တိုင်း ဖြတ်သန်းဝင်ရောက်ဖွယ်ရှိတဲ့ လမ်းကြောင်းမှာ ရှိနေပါတယ်။
ဒါကြောင့် မွန်ဂ်လနဲ့ စစ်တကောင်းစတဲ့ ပင်လယ်ဆိပ်ကမ်းတွေမှာ မုန်တိုင်း အထူး သတိပေးတာတွေ လုပ်ထားပါတယ်။
ဒီမုန်တိုင်းကြောင့် ဆန်ဒရာဘန်းနဲ့ အနီးတစ်ဝိုက်မှာ မြေပြိုတာတွေ ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။
အဲဒီနေရာဟာ ကမ္ဘာ့အကြီးဆုံး ဒီရေတော ဒေသကြီး ဖြစ်ပြီး မျိုးတုန်းပျောက်ကွယ်တော့မယ့် ဘင်္ဂလားကျားတွေ နေတဲ့ နေရာဖြစ်ပါတယ်။
မုန်တိုင်းဟာ လေတိုက်နှုန်း တစ်နာရီ ၇၅ မိုင်အထိ ရှိပြီး ကမ်းရိုးတန်းတစ်လျှောက်က ပင်လယ်နဲ့ မြစ်တွေထဲမှာ မုန်တိုင်းဒီရေတွေ တက်မယ်လို့ ဘင်္ဂလားဒေ့ရှ် မိုးလေဝသ ဌာနက ပြောပါတယ်။
စေတနာ့ ဝန်ထမ်း ထောင်ပေါင်းများစွာက မုန်တိုင်းကျမယ့်နေရာက လူတွေဆီ အိမ်တိုင်ရာရောက်သွားပြီး မုန်တိုင်း သတိပေးတာတွေ လုပ်ကြမှာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ကို အရင်နှစ်တွေကတည်းက ဆိုင်ကလုန်းမုန်တိုင်းတွေ မကြာခဏ တိုက်လေ့ ရှိပါတယ်။ ဒီမုန်တိုင်းတွေကြောင့်လည်း လူတွေ ထောင်ချီ သေဆုံးခဲ့ပါတယ်။
ဒါပေမဲ့ အခုနှစ်ပိုင်းတွေမှာတော့ ပိုကောင်းတဲ့ မုန်တိုင်းကြို ကယ်ဆယ်ရေး လုပ်ငန်းတွေ ကြောင့် လူအသက်ထိခိုက်ဆုံးရှုံးမှုတွေ သိသိသာသာလျော့လာအောင် ဘင်္ဂလားဒေ့ရှ် အစိုးရက အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့ပါတယ်။
မုန်တိုင်းအကြို သတိပေး စနစ်တွေ တိုးတက်လာပြီး အာဏာပိုင်တွေ လူတွေကို ကယ်ထုတ်ဖို့ အချိန်ပိုရအောင် လုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် မုန်တိုင်းခို အဆောက်အအုံတွေလည်း တည်ဆောက်ထားနိုင်ခဲ့ပါတယ်။
အခု မုန်တိုင်း အကြို သတိပေးအနေနဲ့တော့ သတ်မှတ်ထားတဲ့ မုန်တိုင်းခို အဆောက်အအုံတွေ အပြင် ကျောင်းတွေနဲ့ ဗလီတွေကိုပါ မုန်တိုင်းခို အဖြစ် သုံးဖို့ ဒေသ အာဏာပိုင်တွေက အသိပေးထားပါတယ်။