ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လူငှားသတ်ခိုင်းတာကို အဆင့်ဆင့် လူထပ်ငှားကြရာက ထောင်ကျကုန်ကြ
တရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ်မှာ လုပ်ငန်းရှင်တစ်ယောက်က ပြိုင်ဘက် စီးပွားရေးသမားကို လူငှားသတ်ခိုင်းတာကို အငှားခံရတဲ့သူက အဆင့်ဆင့် လူတွေထပ်ငှားရာက စေခိုင်းသူရော ထပ်ငှားကြသူတွေပါ ထောင်ကျကုန်ကြပါတယ်။
တန်ယောင်ဟွေဆိုတဲ့ စီးပွားရေး လုပ်ငန်းရှင်က သူ့ပြိုင်ဘက် ဝေမိုဆိုသူကို အမေရိကန် ဒေါ်လာ သုံးသိန်းနီးပါးနဲ့ လူငှားသတ်ခိုင်းခဲ့တယ်လို့ တရားရုံးမှာ အစစ်ခံပါတယ်။
ဒါပေမဲ့ သူငှားလိုက်တဲ့ လူက နောက်ထပ်လူ တစ်ယောက်ကို တစ်သိန်းခွဲနီးပါးနဲ့ ထပ်ငှားပါတယ်။ အဲဒီက နေတစ်ဆင့် နောက်လူ၊ နောက်ကတစ်ဆင့် နောက်ထပ် တစ်ယောက် အဆင့်အဆင့် ထပ်ငှားကြရာက နောက်ဆုံး ငါးယောက်မြောက်လူအဆင့်မှာ သူတို့အကြံပေါ်သွားပြီး ထောင်ကျခဲ့ကြတာပါ။
ငါးယောက်မြောက် အငှားခံရတဲ့သူက အသတ်ခံရမယ့် သူကို ကော်ဖီဆိုင်မှာ ချိန်းတွေ့ပြီး သေချင်ယောင်ဆောင်ဖို့ ပြောခဲ့တာပါ။
ဒီလူသတ်ဖို့ကြံစည်မှုအတွက် ပထမဆုံး လူငှားသတ်ခိုင်းတဲ့ တန်ရယ် အဆင့်ဆင့်ထပ်ငှားကြတဲ့ လူငါးယောက်ရယ် စုစုပေါင်း လူခြောက်ယောက်ကို ကွမ်ရှီးပြည်နယ် နန်နင်းမြို့က တရားရုံးမှာ သုံးနှစ်ကြာ စစ်ဆေးခဲ့ပါတယ်။
သူတို့ရဲ့ လူအဆင့်ဆင့်ငှားခဲ့တဲ့ စွန့်စားခန်းကြီးဟာ အသတ်ခံရမယ့် မစ္စတာ ဝေက သတ်ခိုင်းသူ တန်ရဲ့ လုပ်ငန်းကို ၂၀၁၃ မှာ တရားရင်ဆိုင်ရာကနေ စခဲ့တာပါ။
တရားရုံးမှာ အချိန်ကုန် ငွေတွေကုန်မှာကို ကြောက်တဲ့ တန်က ရှီကွမ်ဂန်ဆိုတဲ့ သူကို ဒေါ်လာ နှစ်သိန်းရှစ်သောင်း နှစ်ထောင်ပေးပြီး မစ္စတာဝေကို သတ်ခိုင်းခဲ့ပါတယ်။
ရှီက အလုပ်လက်ခံပြီးတဲ့နောက် နောက်တစ်ယောက်ကို ယွမ်တစ်သန်းနဲ့ လူ ထပ်ငှားခဲ့ပါတယ်။
ဒီလူကိုပေးဖို့ ယွမ်တစ်သန်းအတွက်တော့ လူသတ်ပြီးရင် နောက်ထပ် ယွမ်တစ်သန်းပေးဖို့ သတ်ခိုင်းသူဆီက ထပ် တောင်းခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီလို ထပ်ငှားခံရတဲ့သူကလည်း တစ်ဆင့်ထပ်ငှားပြီး အဆင့်ဆင့်ထပ်ငှားကြရာက နောက်ဆုံးလူက အသတ်ခံရမယ့် မစ္စတာဝေကို ကော်ဖီဆိုင်မှာ တွေ့ပြီး လူသတ်မှု အတု ဖန်တီးခဲ့ကြပါတယ်။
မစ္စတာဝေက သူသေတယ်ဆိုတာကို သတ်ခိုင်းသူကို ပြဖို့ ဓာတ်ပုံမှာ သရုပ်ဆောင်ခဲ့ပါတယ်။
ဓာတ်ပုံထဲမှာ ပါးစပ်မှာ အဝတ်ဆို့၊ကြိုးတုပ်ပြီး အသတ်ခံရတဲ့ပုံလုပ်ခဲ့ပါတယ်။
နောက်တော့ မစ္စတာဝေက ဒီကိစ္စကို ရဲကိုတိုင်ခဲ့ပါတယ်။
ဒီအမှုဟာ ၂၀၁၆ မှာ တရားရုံးကိုရောက်လာခဲ့ပေမဲ့ သက်သေမခိုင်လုံလို့ဆိုပြီး အဲဒီလူခြောက်ယောက်ကို တရားရုံးက လွှတ်ပေးခဲ့ပါတယ်။
ဒါပေမဲ့ အစိုးရရှေ့နေတွေက အယူခံဝင်ခဲ့ကြလို့ နောက်တစ်ဆင့် စစ်ဆေးတာမှာ သုံးနှစ်ကြာမြင့်ခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးမှာ ပထမဆုံး လူငှားခဲ့တဲ့ လုပ်ငန်းရှင် ထောင်ငါးနှစ်ကျပြီး အငှားခံရသူတွေက အများဆုံး ထောင်သုံးနှစ်ခြောက်လကနေ နှစ်နှစ်နဲ့ ခုနစ်လအထိ ထောက်ဒဏ်အသီးသီး ကျခဲ့ကြပါတယ်။