ရှာကဲလ် အဖရာဒီ - ဘင်လာဒင်ကို စီအိုင်အေက ရှာတွေ့နိုင်အောင် ကူညီခဲ့တဲ့ ဆရာဝန်

Shakil Afridi

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဒေါက်တာ အဖရာဒီ က သူ့ကို စွပ်စွဲချက်အားလုံးကို ငြင်းဆိုပြီး မျှတတဲ့ တရားစီရင်ရေးကို ဘယ်တုန်းကမှ မရခဲ့ဘူးလို့ပြောပါတယ်။
    • ရေးသားသူ, အမ် အယ်ရပ်စ် ခန်း
    • ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန၊ အစ္စလာမ် မာဘတ်
  • ရေးသားခဲ့သည်။

အယ်ခိုင်းဒါးခေါင်းဆောင် အိုစမာ ဘင်လာဒင်ကို အမေရိကန်က ရှာတွေ့နိုင်ဖို့ ကူညီခဲ့တဲ့ ပါကစ္စတန် ဆရာဝန်က သူ့ ထောင်ဒဏ်ကို ရုပ်သိမ်းပေးဖို့ တရားရုံးမှာ ပန်ကြားလိုက်ပါတယ်။

ပါကစ္စတန် ဒေါက်တာ ရှာကဲလ် အဖရာဒီရဲ့ အမှုကို ပထမဆုံးအကြိမ် ပြည်သူတွေကို တက်ရောက်နားထောင်ခွင့်ပေးတဲ့ တရားရုံးမှာ ကြားနာမှုလုပ်ခဲ့ပါတယ်။

တရားလိုရှေ့နေတွေရဲ့ တောင်းဆိုချက်အရ သူ့အမှုကို တရားရုံးက အောက်တိုဘာ ၂၂ ရက်အထိ ရွှေ့ဆိုင်းလိုက်ပါတယ်။

သူက မျှတတဲ့တရားစီရင်မှုမရခဲ့ဘူးလို့ ငြင်းချက်ထုတ်ပါတယ်။

ဒေါက်တာ အဖရာဒီ ရဲ့လုပ်ဆောင်မှုက ပါကစ္စတန်အတွက် အကြီးအကျယ်အရှက်ရစရာဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့မှာ အလိုအရှိဆုံးရာဇဝတ်သားကို လိုက်ရှာ သတ်ဖြတ်နိုင်ခဲ့တဲ့ ၂၀၁၁ က အမေရိကန်တို့ရဲ့ စစ်ဆင်ရေးမှာ သူ့အခန်းကဏ္ဍ ပါဝင်ခဲ့တယ်ဆိုပြီးတော့ သူ တရားစွဲတင်ခံရတာမဟုတ်ပါဘူး။

အမေရိကန် အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေ ပါကစ္စတန်ထဲကို ရဟတ်ယာဉ်နဲ့ဝင်ပြီး 9/11 တိုက်ခိုက်မှုနောက်ကွယ်က အဓိကကြိုးကိုင်သူကို သတ်ကာ အလောင်းကို သယ်ထုတ်သွားနိုင်ခဲ့ကြပါတယ်။

အစ္စလာမ်မစ် စစ်သွေးကြွတွေကို အမေရိကန်ဦးဆောင်တဲ့ တပ်ဖွဲ့တွေနဲ့အတူ တိုက်နေတဲ့ ပါကစ္စတန်အဖို့ ဒီအဖြစ်က မသက်မသာဖြစ်စေတဲ့ မဟာမိတ်နဲ့ လက်တွဲနေရသလို ဒီနေ့အထိဖြစ်နေတာပါ။

ဒေါက်တာ အဖရာဒီကို အစောပိုင်းတုန်းက နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲခဲ့ပြီး လက်တွေ့မှာတော့ မတရားအသင်းကြေညာထားတဲ့ လက်ရှ်ကာ အီး အစ္စလာမ် စစ်သွေးကြွအဖွဲ့ကို ရန်ပုံငွေထောက်ပံ့ခဲ့တယ် ဆိုတဲ့ အပြစ်အတွက် ၂၀၁၂ ခုနှစ် မေလအတွင်းမှာ ထောင်ချခံခဲ့ရတာပါ။

သူ့ကို ပက်ရှ်ဝါက တရားရုံးကနေ ထောင်ဒဏ် ၃၃ နှစ်ချခဲ့ပြီး ဒီထောင်ဒဏ် ပြစ်ဒဏ်နှစ်အရေအတွက်နဲ့ အညီ အမေရိကန်က ပါကစ္စတန်ကိုထောက်ပံ့ကူညီငွေထဲက နှစ်စဉ် ဒေါ်လာ ၃၃ သန်း လျှော့ချ ဖြတ်တောက် ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ သူ့ထောင်ဒဏ်ကို ၂၃ နှစ်အထိ လျှော့ချပေးခဲ့ပါတယ်။

၂၀၁၆ သမ္မတရွေးကောက်ပွဲ မဲဆွယ်ကမ်ပိန်းမှာ ဒေါ်နယ်ထရမ့်က သူအာဏာရရင် ဒေါက်တာ အဖရာဒီကို "၂ မိနစ်" အတွင်း လွတ်အောင်လုပ်ပြမယ်လို့ ကြုံးဝါးခဲ့ပေမယ့် အခုထိ အဲဒါက ဖြစ်မလာသေးပါဘူး။

Osama bin Laden is shown in this file video frame grab released by the U.S. Pentagon May 7, 2011.

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, 9/11 တိုက်ခိုက်မှုဖြစ်ပြီးကတည်းက မမိအောင် ဆယ်စုနှစ်နီးပါး အိုစမာ ဘင်လာဒင် ပုန်းရှောင်နိုင်ခဲ့ပါတယ်

ရှာကဲလ် အဖရာဒီ ဆိုတာ ဘယ်သူလဲ

ဒေါက်တာ ရှာကဲလ် အဖရာဒီ ဟာ ခိုင်ဘာမျိုးနွယ်စုတွေနေတဲ့ ပြည်နယ်မှာ ထင်ရှားတဲ့ ဆရာဝန်ပါ၊ ကျန်းမာရေးလုပ်ငန်းဌာနရဲ့ အကြီးအကဲလည်းဖြစ်သလို ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေမှာ သူ ကြီးကြပ်ခဲ့ပါတယ်။

သူဟာ အိုစမာ ဘင်လာဒင် ပုန်းအောင်းနေတဲ့မြို့လို့ နောက်ပိုင်းမှာ သိလိုက်ကြရတဲ့ စစ်တပ်တွေ အများကြီးအခြေစိုက်ရာ အဘ္ဘူဒါပက်မြို့ အပါအဝင် မြို့တွေတော်တော်များများမှာ အသည်းရောင် အသားဝါ ဘီ ကာကွယ်ဆေး ထိုးရေး လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တဲ့ အစိုးရဝန်ထမ်းတယောက်ပါ။

အဘ္ဘူဒါပက်မြို့က ခြံဝင်းတခုထဲမှာနေနေတဲ့ ကလေးတယောက်ဆီက သွေးစစ်ဖို့ သွေးရအောင် အမေရိကန် စီအိုင်အေက ကြိုးစားခဲ့ပြီး၊ ရရင် ဒီအန်အေ စစ်ဆေးကာ ဒီကလေးက ဘင်လာဒင်နဲ့ သွေးသား ဟုတ်မဟုတ် သူတို့ သိနိုင်ကြမှာပါ။

ဒေါက်တာ အဖရာဒီရဲ့ ဝန်ထမ်းတယောက်က အဲဒီ ခြံဝင်းကိုသွားကာ သွေးစစ်ဆေးဖို့ နမူနာတွေ ယူနိုင်ခဲ့တယ်လို့ ယူဆကြပါတယ်။ ဒါပေမဲ့ ဒီအချက်ကပဲ အမေရိကန်တွေ သူတို့ပစ်မှတ်က ဘယ်မှာလဲ ဆိုတာ အတည်ပြုနိုင်ခဲ့သလား ဆိုတာကတော့ မသေမချာပါ။

ဘင်လာဒင်ကို သတ်ဖြတ်နိုင်ပြီး ရက် ၂၀ အကြာ ၂၀၁၁ခုနှစ် မေလ ၂၃ ရက်နေ့မှာ ဒေါက်တာ အဖရာဒီ ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီအချိန်မှာ သူဟာ အသက် ၄၀ ကျော်နှောင်းပိုင်း အရွယ်လို့ မှတ်ယူကြပါတယ်။

Policemen stand guard near the partially demolished compound where al Qaeda leader Osama bin Laden was killed by US special forces last May, in Abbottabad this February 26, 2012 file photo.

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ၂၀၁၂ တုန်းက တစိတ်တပိုင်း ဖြိုချထားတဲ့ ဘင်လာဒင် ရဲ့ ခြံဝင်းကိုတွေ့ရစဉ်၊ နောက်ပိုင်းမှာ အကုန်လုံးကို မိုင်းခွဲ ဖျက်ဆီးခဲ့

သူဟာ ရိုးရိုးသာမန်မိသားစုတခုကနေ မွေးဖွားလာသူဖြစ်ပြီး ခိုင်ဘာ ဆေးတက္ကသိုလ်က ၁၉၉၀ မှာ ဘွဲ့ရခဲ့တယ်ဆိုတဲ့ အချက်ကလွဲလို့ သူ့ဘဝ နောက်ကြောင်းနဲ့ပတ်သက်လို့ သိပ်သိထားကြတာမရှိပါဘူး။

သူ့ဇနီးက အဘ္ဘူဒါပက်မြို့က အစိုးရကျောင်းတခုမှာ ကျောင်းအုပ်ဆရာမကြီးလုပ်ခဲ့တဲ့သူပါ။ သူတို့မှာ သား ၂ ယောက်နဲ့ သမီး တယောက် ရှိပြီး အခုအချိန်တော့ ကလေးတွေလည်း လူလားမြောက်လာပါပြီ။

၂၀၁၂ ဇန်နဝါရီလ အတွင်းမှာတော့ အမေရိကန် ထောက်လှမ်းရေးဌာန အတွက် ဒေါက်တာ အဖရာဒီ အလုပ်လုပ်ပေးခဲ့တယ်လို့ အမေရိကန် အရာရှိတွေက လူသိရှင်ကြား ထုတ်ဖော်ပြောခဲ့ပါတယ်။

ဒါပေမဲ့ စီအိုင်အေမှာ သူ့အခန်းကဏ္ဍ ဘယ်လောက်ပါဝင်ခဲ့တယ်ဆိုတဲ့အပေါ် သူကိုယ်တိုင် ဘယ်လောက်အထိသိခဲ့လဲ ဆိုတဲ့အပေါ်မှာတော့ မေးခွန်းထုတ်နေကြဆဲပါ။

ပါကစ္စတန်ထောက်လှမ်းရေးက ပြောကြားချက်အရ သူ့ကို စီအိုင်အေက သိမ်းသွင်းပါဝင်စေတဲ့အချိန်မှာ ဒေါက်တာ အဖရာဒီ အနေနဲ့ သူတို့စစ်ဆင်ရေးရဲ့ ပစ်မှတ်က ဘယ်သူဆိုတာ မသိခဲ့ဘူးလို့ သိရပါတယ်။

သူ့ကိုအမေရိကန်ကို ကူညီမှုနဲ့ ဘာ့ကြောင့်တရားမစွဲသလဲ

ဒါနဲ့ပတ်သက်လို့ သိပ်ရှင်းလင်းမှုမရှိပါဘူး၊ ဒါပေမဲ့ ဘင်လာဒင်အရေးက ပါကစ္စတန်ကို အကြီးအမားထိခိုက်သက်ရောက်ခဲ့တာပါ။

သူတို့ အချုပ်အခြာအာဏာကို ချိုးဖောက်ခံရတယ်လို့ မြင်ကြပြီး ပါကစ္စတန်အရာရှိတွေ အကြီးအကျယ် ဒေါသဖြစ်ကြပေမဲ့ ထောက်လှမ်းရေးဌာနဘက်ကတော့ အယ်ခိုင်းဒါး ခေါင်းဆောင် အဲဒီ အုတ်ရိုး ခြံဝင်းအမြင့်ခတ်ထားတဲ့ သုံးထပ်တိုက် အဆောက်အအုံထဲ မှာ တိတ်တဆိတ် နှစ်ပေါင်းများစွာ ပုန်းအောင်းနေတယ်ဆိုတာ သတင်းအနံ့တောင် သူတို့ မရခဲ့ပါဘူးလို့ လူသိရှင်ကြား ဝန်ခံခဲ့ပါတယ်။

လက်ရှ်ကာ အီး အစ္စလာမ် စစ်သွေးကြွအဖွဲ့ကို ရန်ပုံငွေထောက်ပံ့ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်အပါအဝင် သူ့အပေါ်စွပ်စွဲချက် အားလုံးကို သူနဲ့သူ့မိသားစုတို့က ပြင်းပြင်းထန်ထန်ငြင်းဆိုခဲ့ကြပြီး ၂၀၀၈ ခုနှစ်အတွင်းမှာ အဲဒီအဖွဲ့က သူ့ကို ပြန်ပေးဆွဲထားရာက ပြန်လွှတ်ပေးအောင် ပါကစ္စတန် ရူပီး တသန်း (အမေရိကန် ဒေါ်လာ ၆၃၇၅) ပေးခဲ့တာသာဖြစ်ကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

Soldiers and residents stand over covered debris as it is moved out by military vehicles from the compound within which al Qaeda leader Osama bin Laden was killed, in Abbottabad in this May 2, 2011

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ၂၀၁၁ အမေရိကန်က ဘင်လာဒင်ရဲ့ ဝင်းခြံကို ဝင်စီးပြီးတဲ့နောက် အကျိုးအပျက်တွေကို ပါကစ္စတန်စစ်သားတွေ ရှင်းလင်းစဉ်

သူ့အပေါ် တရားစီရင်မှုကို အခုမှ ဘာလို့လူသိရှင်ကြား ကြားနာတာလဲ

အရင်တုန်းက သူ့အတွက်တရားစီရင်မှုကို ဗြိတိသျှ ကိုလိုနီလက်ထက်က ရှိခဲ့တဲ့ နယ်ခြားဒေသ ရာဇဝတ်မှုများ စည်းမျဉ်းဥပဒေတွေအရ စီရင်ခဲ့ပြီး အဲဒီဥပဒေတွေက ပြီးခဲ့တဲ့ နှစ်အထိ တစိတ်တပိုင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရ လူမျိုးစုဒေသတွေမှာ ကျင့်သုံးခဲ့တာပါ။

လူမျိုးစုဆိုင်ရာ တရားရုံးတွေကို လူမျိုးစုခေါင်းဆောင်ကောင်စီတွေက ထောက်ခံထားပေးတဲ့ အုပ်ချုပ်ရေးအရာရှိတွေက ဦးဆောင်တာပါ။ အဲဒီတရားရုံးတွေက ပုံမှန်တရားရုံးအစဉ်အလာတွေကို လိုက်နာဖို့ မလိုအပ် ပါဘူး။

လူမသိ သူမသိ စီရင်တာကလည်း ဒေါက်တာ အဖရာဒီကို ကိုင်တွယ်ဆောင်ရွက်ရတဲ့နေရာမှာ ပိုကောင်းမယ်လို့ မြင်ခဲ့ကြပါတယ်။

ဒါပေမဲ့ မနှစ်က လူမျိုးစု ဒေသတွေ ပူးပေါင်းကြတဲ့အခါ အဲဒီက တရားစီရင်မှုတွေကို ပုံမှန် တရားရုံးတွေဆီကို ရွှေ့ခဲ့ကြပါတယ်။

အခု တရားရုံးထုတ်တာက သူ့အပေါ် ထောင်ဒဏ်ကို တိုးမလား၊ လျှော့မလား ကြားနာဖို့အတွက် ရုံးထုတ်ခဲ့တာပါ။

မနှစ်က သူ့ကို ပက်ရှ်ဝါ အကျဉ်းထောင်တခုကနေ ပန်ဂျပ်က ထောင်တခုကို ရွှေ့ထားကတည်းက သူ့ကို ပြန်လွှတ်ပေးနိုင်တယ်၊ အထူးသဖြင့် အမေရိကန်မှာ ထောင်ကျနေတဲ့ အယ်ခိုင်းဒါး စစ်ဆင်ရေးမှူးတယောက်အဖြစ် စွပ်စွဲခံရသူ အက်ဖ်ဖီရာ ဆစ်ဒီကီ နဲ့ အကျဉ်းသားချင်း လဲလှယ်တဲ့အစီအစဉ်နဲ့ သူလွတ်လာနိုင်မယ်လို့ ပြောနေကြတာတွေလည်း ရှိနေပါတယ်။