ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လူ့အခွင့်အရေးရသွားတဲ့ အော်ရန်းအူတန် လူဝံမကြီး အမေရိကန်ကိုပြောင်းပြီး ဘဝသစ်စ
လူသားတွေလိုပဲ လွတ်လပ်တဲ့ အခြေခံ အခွင့်အရေး ရရှိသွားတဲ့ အော်ရန်းအူတန် လူဝံမကြီး စန်ဒရာ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်က တိရစ္ဆာန် သဘာဝ စခန်းကို ပြောင်းနေပါတော့မယ်။
စန်ဒရာဆိုတဲ့ အော်ရန်းအူတန် လူဝံမကြီးအတွက် အခြေခံ အခွင့်အရေးတွေရအောင် သူ့ရှေ့နေတွေက ၂၀၁၄ ခုနှစ်မှာ သမိုင်းဝင် အခွင့်အရေး တောင်းဆိုပေးခဲ့ပါတယ်။
စန်ဒရာဟာ အသက် ၃၃ နှစ်အရွယ်ရှိပြီ ဖြစ်ပြီး အာဂျင်တီးနားက တိရစ္ဆာန်ရုံထဲမှာ အနှစ် ၂ဝ နေခဲ့ရတာပါ။
လူသားတွေလိုပဲ တရားဝင် အခြေခံ အခွင့်အရေးတွေ ရလာပြီးတဲ့နောက်မှာတော့ အမေရိကန်က တိရစ္ဆာန် သဘာဝ ထိန်းသိမ်းရေး စခန်းမှာ ပြောင်းနေတော့မှာ ဖြစ်ပါတယ်။
သူဟာ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်က တိရစ္ဆာန်ရုံထဲမှာ တရားမဝင် ထိန်းသိမ်းခံထားရတယ်ဆိုပြီး သူ့ရှေ့နေတွေက သူ့အတွက် အခွင့်အရေးတွေ တောင်းဆိုပေးနိုင်ခဲ့တာပါ။
ဒါကြောင့် သူဟာ အာဂျင်တီးနားမှာ လူသားမဟုတ်ဘဲ လွတ်လပ်ခွင့်ရတဲ့ ပထမဆုံး သတ္တဝါဖြစ်လာပါတယ်။
စန်ဒရာဟာ အမေရိကန်ကို စက်တင်ဘာ ၂၇ ရက်မှာ ရောက်လာခဲ့ပြီး ဖလော်ရီဒါက သူ့ရဲ့ နေရာသစ်ကို မပြောင်းခင် ကျန်းမာရေး စစ်ဆေးခံတာတွေ လုပ်ခဲ့ပါတယ်။
"စန်ဒရာလို တိရစ္ဆာန်တွေဟာ အသိစိတ်ရှိ ခံစားတတ်တဲ့ သတ္တဝါတွေ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ အခြေခံအကျဆုံး ရခွင့်ရှိတဲ့ အခွင့်အရေးကတော့ သူတို့အခွင့်အရေးတွေကို လူသားတွေက ကာကွယ်စောင့်ရှောက်ပေးတာကို ရဖို့ပဲဖြစ်တယ်" လို့ တရားသူကြီးက ပြောပါတယ်။
စန်ဒရာဟာ ဂျာမနီနိုင်ငံ အရှေ့ပိုင်းက တိရစ္ဆာန်ရုံတစ်ခုမှာ မွေးခဲ့တာဖြစ်ပြီး ၁၉၉၅ မှာ အာဂျင်တီးနားက တိရစ္ဆာန်ရုံကို အရောင်းခံရတာ ဖြစ်ပါတယ်။
သူဟာ သူ့ဘဝ အချိန်တော်တော်များများကို အထီးကျန် နေခဲ့ရပြီး သူ့ကို လူတွေမကြည့်နိုင်အောင် အမြဲတမ်းလိုလို ရှောင်ဖယ် နေခဲ့ပါတယ်။
၁၉၉၉ မှာတော့ သူက လူဝံမလေးတစ်ကောင် မွေးခဲ့ပါသေးတယ်။ ဒါပေမဲ့ သူ့သမီးကို တရုတ်က တိရစ္ဆာန် ဥယျာဉ်တစ်ခုကို ရောင်းလိုက်လို့ သူ့ကလေးနဲ့ သူနဲ့ ကွဲသွားခဲ့ပါတယ်။
၂ဝ၁၄ မှာတော့ ဥပဒေအရ လွတ်လပ်ခွင့်ရခဲ့ပြီး သူ့သတင်းက နိုင်ငံတကာမှာ ပျံနှံ့သွားခဲ့ပါတယ်။
သူလွတ်လပ်ခွင့်ရခဲ့ပြီးပေမဲ့ ငါးနှစ်လောက်ကြာတဲ့အထိ စန်ဒရာဟာ အရင် တိရစ္ဆာန်ရုံထဲမှာပဲ ဆက်ရှိနေခဲ့ရတာပါ။ နောက်တော့ အဲဒီနေရာဟာ တိရစ္ဆာန်တွေကို နှိပ်စက်ညှင်းပန်းမှုတွေရှိတယ်ဆိုပြီး ၂၀၁၆ ခုနှစ်မှာ ပိတ်ထားလိုက်ရပါတယ်။
အခုတော့ အဲဒီနေရာကို သဘာဝ ဥယျာဉ် အဖြစ် ပြန်တည်ဆောက်နေပါပြီ။ တိရစ္ဆာန်တွေ နေထိုင်တဲ့ အခြေအနေတွေ ပိုကောင်းလာစေမယ့် ပုံစံတည်ဆောက်နေတာ ဖြစ်ပါတယ်။
စန်ဒရာကို ဖလော်ရီဒါက မျောက်ဝံကြီးများ စခန်းကို ပြောင်းနေဖို့ ခွင့်ပြုချက် တရားရုံးက ၂၀၁၇ မှာ ပေးထားပြီးသားပါ။ ဒါပေမဲ့ အမေရိကန်ဘက်က ဝင်ခွင့်ရဖို့ စောင့်နေရသေးလို့ သူ့အပြောင်းအရွှေ့ နောက်ကျနေခဲ့ရတာ ဖြစ်ပါတယ်။
သူအခုနေမယ့်နေရာက ဧက ၁ဝဝ ကျယ်ပါတယ်။
အဲဒီနေရာမှာ ဆက်ကပ်ပြရတာတွေ၊ စမ်းသပ်ခန်းတွေ၊ လှောင်အိမ်စတာတွေ မရှိဘဲ ချင်ပန်ဇီတွေ၊ အော်ရန်းအူတန်တွေ လွတ်လွတ်လပ်လပ် နေထိုင်နိုင်ပါတယ်။
အဆိုတော် မိုက်ကယ် ဂျက်ဆင် အရင်က မွေးထားခဲ့ဖူးတဲ့ ဘာ့ဘယ်စ်လို့ခေါ်တဲ့ ချင်ပန်ဇီလည်း စန်ဒရာတို့စခန်းမှာ နေပါတယ်။
တခြား အော်ရန်းအူတန် ၂၁ ကောင်လည်း အဲဒီမှာ ရှိနေပါတယ်။ စန်ဒရာဟာ သူတို့စခန်းထဲက နေရာ ၁၁ နေရာကို လွတ်လွတ် လပ်လပ် လှည့်ပတ် သွားလာနေထိုင်နိုင်မှာ ဖြစ်ပါတယ်။