ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကမ္ဘာ့အသက်ကြီးဆုံး လူဝံမကြီးသေဆုံး
ကမ္ဘာပေါ်မှာ အသက်ကြီးဆုံး ဆူမတြား လူဝံမကြီးဟာ အသက် ၆၂ နှစ် အရွယ်မှာ သြစတြေးလျ တိရစ္ဆာန်ရုံတရုံမှာ သေဆုံးသွားပါတယ်။
မျိုးဆက် ၅၄ ကောင် ချန်ထားခဲ့တယ်လို့လည်း ဆိုပါတယ်။
သြစတြေးလျအနောက်ပိုင်း ပါ့သ်မြို့က တိရစ္ဆာန်ရုံမှာ နေခဲ့တဲ့ ဖူအန်ကို အသက်ကြီးပြီး ရောဂါတွေ ဖိစီးလာလို့ တနင်္လာနေ့က ဆေးထိုး သတ်ဖြတ်ခဲ့တာပါ။
သူ့ကို လေဒီကြီးလို့လည်း ချစ်စနိုး ခေါ်ကြပါတယ်။
ဂီးနစ် ကမ္ဘာ့စံချိန် အရ သူ့ကို သူတို့ လူဝံမျိုးစိတ်ထဲမှာ အသက်အရှည်ဆုံး အဖြစ် ၂ဝ၁၆ ထဲက အသိအမှတ် ပြုခဲ့တာ ဖြစ်ပါတယ်။
ပါ့သ်က တိရစ္ဆာန်ရုံမှာ သူနေတာကိုပဲ အနှစ် ၅ဝ ရှိခဲ့ပါပြီ။
ဆူမတြား လူဝံတွေဟာ တောထဲမှာ သဘာဝအတိုင်း နေရင် အသက် ၅ဝ ထက် ပိုပြီး ရှည်တာ မတွေ့ရဘူးလို့လည်း တိရစ္ဆာန်ရုံဘက်က ပြောပါတယ်။
နောက် သူတို့က မျိုးတုံးခါနီး လူဝံ မျိုးစိတ်တခုလည်း ဖြစ်ပါတယ်။
ဖူအန်ကို အင်ဒိုနီးရှား နိုင်ငံ ဆူမတြား ကျွန်းက တောနက်ထဲမှာ ၁၉၅၆ က မွေးခဲ့တယ်လို့ ယူဆကြပါတယ်။
သူကမွေးတဲ့ လူဝံသားသမီး ၁၁ ကောင်ကနေ ထပ်ဆင့် ပေါက်ပွားပြီး အမေရိကန်၊ ဥရောပနဲ့ ကမ္ဘာတလွှား တိရစ္ဆာန်ရုံတွေမှာ ရောက်နေကြတဲ့ လူဝံ ၅၄ ကောင် ရှိနေပါပြီ။
သူက မွေးတဲ့ လူဝံတွေဟာ ကမ္ဘာ့တိရစ္ဆာန်ရုံ အားလုံးမှာ ရှိတဲ့ လူဝံကောင်ရေရဲ့ ၁ဝ ရာခိုင်နှုန်း နီးပါး ရှိတယ်လို့လည်း ပရိုင်းမိတ် မျိုးနွယ်တွေကို လေ့လာနေတဲ့ ဟော်လီ သော်မဆင်က ပြောပါတယ်။
သူ့ရဲ့တချို့ မျိုးဆက်တွေကိုတော့ သဘာဝအတိုင်း ပြန်နေနိုင်အောင် ဆူမတြားကျွန်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့လည်း တိရစ္ဆာန်ရုံဘက်က ပြောပါတယ်။
ကမ္ဘာ့သားရဲတိရစ္ဆာန် ရန်ပုံငွေအဖွဲ့ရဲ့ လေ့လာချက်အရ ဆူမတြား လူဝံကောင်ရေ ၁၄,ဝဝဝ ကျော်ပဲ ရှိပါတော့တယ်။
ဖူအန်ဟာ အသက်ကြီးလို့ မျက်တောင်မွေးတွေ ညိုရောင်သန်းလာ ကိုယ်ခန္ဓာလေးလံနှေးကွေးလာပေမယ့်လည်း အမြဲ ဣန္ဒြေသိက္ခာနဲ့ နေတတ်တဲ့ မိခင် လူဝံမကြီးပါပဲလို့ သူ့ရဲ့ အစောင့်က အမှတ်တရ ရေးသားခဲ့ပါတယ်။