ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အွန်လိုင်းပေါ်မှာ လှပကျော့ရှင်းနေပေမဲ့ အိမ်ခန်းထဲမှာ အနေညစ်ပတ်တဲ့ ဆယ်လီ
တရုတ်လူမှုကွန်ရက်ပေါ်က နာမည်ကျော် မိန်းကလေးတစ်ယောက်က အများမြင်အောင် သူပြသနေတဲ့ စွဲလန်းနှစ်လိုဖွယ် အနေအထိုင် ပုံတွေနဲ့ သူ့ရဲ့ တကယ့်နေထိုင်ပုံက မတူဘူးဆိုတာ သူ့အိမ်ရှင်က ဖော်ထုတ်လိုက်ပါတယ်။
အွန်လိုင်းမှာ ပရိသတ် တစ် ဒသမ တစ် သန်းရှိတဲ့ ဘလော့ဂါ လီဆာလီနေတဲ့ တိုက်ခန်းထဲမှာ အမှိုက်တွေ၊ မှိုတက်နေတဲ့ အစားအသောက်တွေ၊ ခွေးချေးတွေ ပရပွ ရှိနေတာကို မြင်ရတဲ့ ဓာတ်ပုံတွေက အကြီးအကျယ် ပြန့်နှံ့သွားခဲ့ပါတယ်။
အဲဒီပုံတွေ ထွက်လာတော့ လီဆာလီက သူ့ပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။
လီဆာလီ ဘာကြောင့် နာမည်ကြီးလဲ
လီဆာလီဟာ တရုတ်နိုင်ငံက ဆီနာဝေဘို ဆိုတဲ့ အွန်လိုင်းက နာမည်ကြီး တစ်ယောက်ပါ။
သူ့ အကောင့်မှာ တခြား တရုတ်လူငယ်တွေလိုပဲ စွန့်စားတဲ့ ခရီးတွေ၊ ပါတီပွဲတွေ၊ အပျံစား ညစာစားပွဲတွေ သွားခဲ့တဲ့ ပုံတွေ ဝေဝေဆာဆာ တွေ့ရပါ တယ်။
ဒါပေမဲ့ တရုတ်မြောက်ပိုင်း ရှီအန်မြို့က သူ့တိုက်ခန်းထဲမှာ ရှိနေတဲ့ မြင်ကွင်းကို အိမ်ရှင်က လူသိရှင်ကြား ဖော်ထုတ်လိုက်ပြီးတဲ့ နောက်မှာတော့ ပုံစံ တစ်မျိုးနဲ့ ကျော်ကြား သွားခဲ့ပါတယ်။
အိမ်ရှင်က ဘာလုပ်လိုက်တာလဲ
မီဒီယာပေါ်မှာ မစ္စချန် လို့ သိကြတဲ့ အိမ်ရှင်က လီဆာလီကို ဖုန်းအကြိမ်ကြိမ် ဆက်တာ မကိုင်ခဲ့တဲ့အတွက် ညစ်ပတ်ပေပွနေတဲ့ လီဆာလီရဲ့ အခန်းကို သွားပြီး အဲဒီကနေ ဗီဒီယို လွှင့်တာကို သန်းနဲ့ချီ ကြည့်ခဲ့ကြပါတယ်။
အဲဒီထဲမှာ သန့်ရှင်းရေးလုပ်ငန်း လုပ်သူတွေကတောင် အဲဒီအခန်းကို မရှင်းချင်ကြဘူး၊ ယွမ်ငွေ ထောင်နဲ့ချီတဲ့ ဝန်ဆောင်မှုဖိုး အကြွေးကျန်တယ်လို့ Pear Video နဲ့ မေးမြန်းခန်းမှာ သူက ပြောထားပါတယ်။
အဲဒါတွေအတွက် ရဲကို အကြောင်းကြားဖို့က လွဲပြီး တခြားရွေးစရာလမ်း မရှိတော့ဘူးလို့ မစ္စချန်က ပြောပါတယ်။
ပရိသတ် သန်းချီရှိတဲ့ အွန်လိုင်းပေါ်က နာမည်ကျော် မိန်းကလေး လို့ ခေါင်းစဉ်တပ်ပြီး Weibo လူမှုကွန်ရက် စာမျက်နှာမှာ တင်လိုက်တဲ့ အခါ လူမှုကွန်ရက် သုံးသူတွေ စိတ်ဝင်စားသွားခဲ့ကြပါတယ်။
အွန်လိုင်းပေါ်မှာ မိန်းမလှလေးလို့ မြင်ရပေမဲ့ သူနေတဲ့ တိုက်ခန်းကတော့ ရွံစရာ ကောင်းတယ်လို့ Pear Video မှာ မစ္စချန်က ပြောပါတယ်။
ဒီတော့ မစ္စလီက ဘယ်လိုတုံ့ပြန်လဲ
မစ္စလီရဲ့ အခန်းထဲက အခြေအနေကို သန်းနဲ့ချီတဲ့ လူတွေ မြင်တွေ့ခဲ့ကြပြီးတဲ့နောက် မစ္စလီ တစ်ယောက် လူမြင်ကွင်းကို ရုတ်တရက် ပြန်ပေါ်လာ ပါတယ်။
လူမှုကွန်ရက်မှာ ရေးသားထုတ်ပြန်တာတွေ လုပ်မယ့် အစား မစ္စလီက သူ့အိမ်ရှင်ကို ကိုယ်တိုင် တွေ့ဆုံ တောင်းပန်လိုက်ပါတယ်။
သူ့အိမ်မှာ မြင်တွေ့ရတဲ့ အခြေအနေတွေ အတွက် သူ့မှာသာ လုံးဝ တာဝန်ရှိတယ်လို့ မစ္စလီက သူ့အိမ်ရှင်ကို ပြောလိုက်ပါတယ်။
သူတို့ နှစ်ယောက် လက်ဆွဲ နှုတ်ဆက်နေတဲ့ပုံတွေလည်း ထွက်လာပါတယ်။
သူ့မှာ အလုပ်တွေကများ၊ ဆေးရုံလည်းသွားရ၊ အလုပ်ခရီးလည်း သွားရနဲ့မို့ ဖုန်းမကိုင်ဖြစ်တာလို့ မစ္စလီက ရှင်းပြပါတယ်တဲ့။
WeChat မှာ ခေါ်ထားတဲ့ ဖုန်းတွေ တွေ့တော့မှ သူမကိုင်မိတာ သတိထားမိခဲ့တယ်လို့ The Paper သတင်းစာမှာ မစ္စလီက ပြောပါတယ်။
အခုပဲ သူသန့်ရှင်းရေး လုပ်ပါမယ်၊ ညလုံးပေါက် ရှင်းလင်းပါ့မယ်လို့လည်း သူက ပြောပါတယ်။
မစ္စလီရဲ့ ပရိသတ်တွေ ဘယ်လို တုံ့ပြန်လဲ
မစ္စလီက ခွေးချေးတွေကြုံးပြီး အမှိုက်ပုံးထဲ ထည့်နေတာမြင်တဲ့ ပရိသတ်တွေက အံ့သြတုန်လှုပ် သွားခဲ့ကြပါတယ်။ ပြီးတော့ လှောင်ပြောင်တာတွေ လည်း ရှိလာခဲ့ပါတယ်။
ပရိသတ် ၆ သောင်းကျော်က သူ့စာမျက်နှာမှာ မှတ်ချက်တွေ ရေးကြပြီး သူ့ကို follow မလုပ်တော့ဘူး၊ အလိမ်အညာမလို့ ခေါ်ကြပါတယ်။
အတော်များများကတော့ သတင်းမီဒီယာကြီးတွေနဲ့ မေးမြန်းရာမှာ ရိုးသားမှု ရှိမရှိ မေးခွန်းထုတ်ကြပါတယ်။ လူမှုကွန်ရက်မှာ သူ အရင်က တင်ခဲ့တဲ့ Post အတော်များများကို ဖြုတ်ပစ်ခဲ့တာကို တခြား အသုံးပြုသူတွေ သတိထားမိခဲ့ကြပါတယ်။
ဒါမျိုး တရုတ်မှာ ဖြစ်ဖူးတာ အခု ပထမဆုံးလား
နာမည်ကျော်ကြားသူတွေ အနေနဲ့ လူမှုရေးနယ်ပယ်မှာ တာဝန်ခံမှု ရှိဖို့၊ လူငယ်ပရိသတ်တွေ အများကြီးအတွက် စံပြဖြစ်စေဖို့ အွန်လိုင်းပေါ်မှာ ဟန်ဆောင် လိမ်ညာထားတဲ့ ဘဝအတုကို မဖော်ပြဘဲ အမှန်အတိုင်း ဖော်ပြဖို့ တရုတ်နိုင်ငံက ဦးတည် လုပ်ဆောင် နေတာပါ။
ပြီးခဲတဲ့ ဇူလိုင်လတုန်းက သက်လတ် ဘလော့ဂါ အမျိုးသမီးတစ်ယောက် လိုက်ဗ် လွှင့်ရာမှာ နည်းပညာသုံးပြီး မိန်းမငယ်လေး အဖြစ် မြင်ရအောင် လုပ်ထားတာ ပေါ်သွားလို့ ကျယ်ကျယ်ပြန့်ပြန့် လှောင်ပြောင် သရော်ခံခဲ့ရပါတယ်။