ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မိုင် ၂၁၀၀ ကျော်ရေခဲပြင် ခရီးနှင်ခဲ့တဲ့ အာတိတ်မြေခွေးလေး
အာတိတ် မြေခွေးငယ် တစ်ကောင်ဟာ နော်ဝေနိုင်ငံရဲ့ ဆဗဲလ်ဘတ်ကျွန်းတွေကနေ ကနေဒါ မြောက်ပိုင်းအထိ ၂၁၇၆ မိုင်ခရီးကို ရေခဲ့ပြင်တွေပေါ်ကို ကျော်ဖြတ်လို့ ၇၆ ရက်နဲ့ ခရီးနှင် ရောက်ရှိသွားခဲ့ပါတယ်။
ဂရင်းလန်ကျွန်းက ဆာမစ်ဆီယပ် သတင်းစာကတော့ ဒီမြေခွေးငယ်ရဲ့ ခရီးဟာ သိပ္ပံပညာရှင်တွေကို စကားမပြောနိုင်ဘဲ ဆွံ့အသွားစေခဲ့တယ်လို့ ရေးခဲ့ပါတယ်။ နော်ဝေနိုင်ငံ ပိုလာအင်စတီကျူက သုတေသနပညာရှင်တွေက မြေခွေးငယ် အမလေးကို ဂြိုဟ်တုက ခြေရာခံကိရိယာ တပ်ပေးပြီး ဆဗဲလ်ဘတ် ကျွန်းစုတွေအထဲက အဓိက ကျွန်းစုကြီးဖြစ်တဲ့ စပစ်ဘာဂင်ကမ်းခြေ အရှေ့ဖက်ကမ်းခြေမှာ ပြီးခဲ့တဲ့နှစ် မတ်လက လွှတ်ပေးခဲ့ပါတယ်။ မြေခွေးကလေးဟာ တစ်နှစ်သားတောင် မရှိသေးပါဘူး။ သူဟာ အနောက်ဖက်ကို ဦးတည်ထွက်သွားခဲ့ပြီး ၂၁ ရက်အကြာမှာပဲ ဂရင်းလန်ကျွန်းကို ရောက်သွားပါတယ်။ အဲဒီခရီးက မိုင် ၉၄၀ ရှိပါတယ်။ အဲဒီကမှတဆင့် နောက်ခရီးကို သူ ဆက်သွားပြန်ပါတယ်။
နောက်တစ်ကြိမ် သူ့ကို ခြေရာခံမိချိန်မှာတော့ သူဟာ နောက်ထပ် မိုင် ၁၂၅၀ လောက် ဝေးတဲ့ ကနေဒါက အယ်လက်စ်မီယာကျွန်းကို ရောက်နေပါပြီ။ ဆဇဲလ်ဘတ်ကျွန်းတွေက သူထွက်လာချိန်ကစရင် ၇၆ ရက် အကြာမှာ ဖြစ်ပါတယ်။
'ကိုယ့်မျက်စိကို ကိုယ်မယုံနိုင်'
သုတေသနသမားတွေ အံ့အားသင့်သွားကြတာကတော့ ဒီမြေခွေးလေး သွားခဲ့တဲ့ အကွာအဝေးထက် သူသွားခဲ့တဲ့နှုန်း ကိုပါ။ တစ်နေ့ကို ၂၈ မိုင်ခွဲလောက် သွားပြီး တချို့ရက်တွေမှာ မိုင် ၁၀၀ နီးပါး သွားခဲ့ပါတယ်။
"ကျွန်မတို့ ပထမတော့ ကိုယ့်မျက်စိတောင် ကိုယ်မယုံနိုင်ခဲ့ကြဘူး။ သေများ သွားပြီးလားလို့ ထင်ခဲ့တယ်။ နောက် ပြန်တွေ့တော့လည်း တစ်ယောက်ယောက်က လှေနဲ့ တင်ခေါ်သွားတာလားပေါ့။ ဒါပေမယ့် အဲဒီနေရာမှာ လှေကလည်း တစ်စီးမှ မရှိပါဘူး။ တော်တော်ကြီးကို အံ့အားသင့် ခဲ့ရပါတယ်" လို့ ပိုလာအင်စတီကျူက အီဗာဖူဂလေက နော်ဝေ NRK သတင်းဌာနကို ပြောခဲ့ပါတယ်။
မြေခွေးတစ်ကောင် ဒီလောက် ခရီးဝေးဝေးကို ဒီလောက် မြန်မြန် သွားနိုင်ခဲ့တာမျိုး အရင်က တစ်ခါမှ မတွေ့ခဲ့ကြဖူးပါဘူး။
အီဗာဖူဂလေဟာ နော်ဝေး သဘာဝ သုတေသန အင်စတီကျုက အာနော့တာရို့စ်နဲ့ ပူးပေါင်းပြီး အာတိတ်ဒေသက ရာသီဥတု ပြောင်းလဲမှုတွေကို မြေခွေးတွေ ဘယ်လို ရင်ဆိုင်နေကြသလဲဆိုတာကို လေ့လာ သုတေသန ပြုနေကြတာပါ။
"နွေရာသီမှာတော့ စားစရာ လုံလောက်ကြပါတယ်။ ဆောင်းတွင်း ရောက်လာရင်တော့ ပိုခက်လာတယ်။ အဲဒီလို အချိန်မျိုးမှာ အာတိတ်မြေခွေးတွေက သူတို့ အသက်ရှင်နိုင်ဖို့ စားစရာ ရနိုင်မယ့် ဒေသတွေဆီ ရွှေ့ပြောင်းကြတယ်။ အခု မြေခွေးမလေးကတော့ ကျွန်မတို့ အရင်က ခြေရာခံ ကြည့်ဖူးတဲ့ မြေခွေးတွေ အားလုံးထက် ပိုဝေးတဲ့ နေရာကို သွားခဲ့တာ တွေ့ရတယ်။ ဒီအကောင်လေးရဲ့ ခံနိုင်ရည်၊ သွားနိုင်စွမ်းကတော့ တော်တော်ကြီးကို ထူးခြားပါတယ်" လို့ အီဗာက ပြောပါတယ်။
ဂရင်းလန်ကျွန်း မြောက်ပိုင်းကို ဖြတ်ကျော်နေချိန်မှာ မြေခွေးလေးက နှစ်ကြိမ် နားခဲ့တယ်ဆိုတဲ့ ဂရပ်ပုံကိုလည်း ပိုလာအင်စတီကျူက ထုတ်ပြန်ခဲ့ပါတယ်။
ရာသီဥတု ဆိုးတဲ့အချိန်မှာ နှင်းတောထဲမှာပဲ ကိုယ်ကိုခွေပြီး နားနေ၊ အချိန်စောင့်နေခဲ့တာ ဖြစ်နိုင်တယ်လို့ သုတေသန ပြုသူတွေက ယူဆကြပါတယ်။ မြေခွေးတွေ ကိုယ်ပေါ်မှာ အမွေးက ထူထူထပ်ထပ် ရှိတာမို့ နှင်းတောထဲမှာ အချိန်အကြာကြီး နေလို့လည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုကတော့ ရေခဲမြစ်လို ရေကြော ရှိတဲ့နေရာမှာ ငှက်တွေကို ဖမ်းစားရင်း ခိုနေခဲ့တာလည်း ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။
အရည်ပျော်လို့ ကျုံ့လာတဲ့ရေခဲပြင်
ကနေဒါ ရောက်ပြီးတဲ့နောက်မှာ မြေခွေးလေး ဘာဖြစ်သွားတယ်၊ ဘာတွေ ကြုံတွေ့နေရတယ် ဆိုတာကိုတော့ မသိနိုင်တော့ပါဘူး။ သူ့ကိုယ်မှာ တပ်ထားတဲ့ ခြေရာခံ ကိရိယာက အချက်ပေးတာတွေ ဖေဖေါ်ဝါရီလကတည်းက မလုပ်တော့ဘူးလို့ ပိုလာအင်စတီကျူက ပြောပါတယ်။
ဒါပေမယ့် အဲဒီကို ရောက်သွားပြီးတဲ့နောက်မှာတော့ သူ့ရဲ့စားသောက်ပုံတွေ၊ စားစရာတွေကို ပြောင်းပစ်ရတော့မှာကတော့ အသေအချာပါပဲ။
"အယ်လက်စမီးယားကျွန်းက မြေခွေးတွေဟာ ကြွက်တွေကို ဖမ်းစားပြီး နေထိုင်ကြတာ များပါတယ်။ မြေခွေးမလေး လာခဲ့ရာ ဆဗဲလ်ဘတ်ကျွန်း ပေါ်မှာတော့ သူတို့ရဲ့ အဓိကအစာက ရေနေသတ္တဝါတွေ ဖြစ်ကြပါတယ်" လို့ အီဗာဖူဂလေက ပြောပါတယ်။
အာတိတ်ဒေသမှာ ရေခဲပြင်တွေ ကျဉ်းလာ ကျုံ့လာတာကလည်း အဲဒီဒေသက မြေခွေးတွေအတွက် အများကြီး အခက်အခဲ ဖြစ်စေပါတယ်။ သူတို့ အဲဒီကနေ အိုက်စလန်ကျွန်းဆီ မသွားနိုင် တော့ပါဘူး။ တဖြည်းဖြည်းနဲ့ ဆဗဲလ်ဘတ်ကျွန်းပေါ်က မြေခွေးတွေဟာ တခြားကို ကူးလို့ သွားလို့ မရတော့ဘဲ ကျွန်းပေါ်မှာ သူတို့ချည်းပဲ ကျန်နေခဲ့တာမျိုး ဖြစ်လာနိုင်ပါတယ်။
ဒါပေမဲ့ မျှော်လင့်ချက် လုံးဝ ကုန်သွားစရာတော့ မဟုတ်ပါဘူးလို့ အီဗာဖူဂလေက NRK သတင်းဌာနကို ပြောပါတယ်။ "အပူချိန်တွေ မြင့်လာတယ် ဆိုရင် ရိန်းဒီယားသမင်တွေလည်း ပိုပွားလာ ပိုများလာပြီး ဒီသမင်သေတွေကို စားပြီး မြေခွေးတွေလည်း အသက်ရှင်နေနိုင်ကြလိမ့်မယ်လို့" သူက ဆိုပါတယ်။
မာတီလ်ဒါဝယ်လင်နဲ့ မာတင်မော်ဂန်တို့ ရေးသားသည်။