ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကာကွယ်ဆေးကို အယုံအကြည်နည်းတာ ကမ္ဘာ့ပြဿနာဖြစ်လာ
ကမ္ဘာတစ်လွှား ကာကွယ်ဆေးတွေအပေါ် ယုံကြည်မှု အနည်းဆုံး အချိန်ကိုရောက်နေပြီး အဲဒီလိုဖြစ်နေတာက ကာကွယ်တားဆီးလို့ ရတဲ့ ကူးစက် ရောဂါတွေကို ဟန့်တားရာမှာ အခက်အခဲ ဖြစ်စေတယ်လို့ နိုင်ငံပေါင်း ၁၄၀ မှာ လုပ်ခဲ့တဲ့ စစ်တမ်းတစ်ရပ်ကို အခြေခံပြီး ပညာရှင်တွေက သတိပေးလိုက်ပါတယ်။
ကာကွယ်ဆေးအပေါ် လူတွေရဲ့ သဘောထားနဲ့ ပတ်သက်တဲ့ ကမ္ဘာ့အကြီးဆုံး စစ်တမ်းအရ အခုလို ပြောတာဖြစ်ပါတယ်။ ဒီစစ်တမ်းကို ဗြိတိန် ကျန်းမာရေး ပရဟိတ အဖွဲ့တစ်ခုဖြစ်တဲ့ Wellcome Trust က လုပ်ခဲ့တာပါ။
ဥရောပက လူ ၂၀ ရာခိုင်နှုန်းလောက်ဟာ အသက်အန္တရာယ်ကို အကာအကွယ်ပေးတဲ့ ကာကွယ်ဆေးတွေကို မယုံကြည်ကြဘူးလို့ စစ်တမ်းမှာ ဖြေထားပါတယ်။ ကာကွယ်ဆေးကို ယုံကြည်မှု အမြင့်ဆုံးနိုင်ငံတွေကတော့ ဝင်ငွေနည်းတဲ့နိုင်ငံတွေဖြစ်ပြီး တောင်အာရှနိုင်ငံတွေမှာ ၉၅ ရာခိုင်နှုန်းက ယုံကြည်တယ်လို့ ဆိုပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဆိုရင်တော့ လူဆယ်ယောက်မှာ ရှစ်ယောက်က ကာကွယ်ဆေးကစိတ်ချရတယ်လို့ ဖြေထားပါတယ်။
ဒီစစ်တမ်းကိုဖြေဆိုခဲ့တဲ့ မြန်မာနိုင်ငံက ကလေးမိဘ ၉၂ ရာခိုင်နှုန်းဟာ ကလေးတွေကို ရောဂါကာကွယ်ဆေး တစ်ခုနဲ့ တစ်ခုမက ထိုးပေးထားတယ်လို့ သိရပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး Wellcome Trust ရဲ့ ကာကွယ်ဆေး အစီအစဉ်ဆိုင်ရာ အကြီးအကဲ ဖြစ်တဲ့ ဒေါက်တာ ချာလီ ဝယ်လာက
" ခုခေတ်မှာ ပိုလီယိုရောဂါကို မတွေ့ရတော့ဘူး။ ပိုလိုယိုဖြစ်ဖူးတဲ့ သူကို မတွေ့တော့ဘူး။ ဆုံဆို့ဖြစ်တာ မတွေ့ရတော့ဘူး။ ဒါပေမဲ့ ဝက်သက်ဖြစ်လာတာကိုတော့ စတွေ့လာရတယ်။ ဒီလိုအခြေအနေကြောင့် ဒီကြောက်စရာကောင်းတဲ့ ကူးစက်မှုတွေက လူတွေရဲ့ အသက်တွေ အများကြီးသေစေနိုင်တယ်ဆိုတာကို သတိမထားမိကြဘူး" လို့ ဘီဘီစီကို ပြောပါတယ်။
"ကာကွယ်ဆေးထိုးဖို့ ဘာလို့ အရေးကြီးသလဲဆိုတော့ တချို့ ဝက်သက်လို ကူးစက်ရောဂါတွေမှာ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းနဲ့ ၉၀ ရာခိုင်နှုန်းအထက် ကာကွယ်ဆေးထိုးထားနိုင်မှ အားလုံးကို ကာကွယ်ထားနိုင်မှာ ဖြစ်လို့ပါ" လို့လည်း သူက ပြောပါတယ်။
အွန်လိုင်းမှာ သတင်းမှားတွေ ပြန့်နှံ့နေတာကလည်း ကာကွယ်ဆေးကို လူတွေ ယုံကြည်မှုနည်းစေတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က ပြောပါတယ်။
ဒီလို ယုံကြည်မှု လျော့နည်းလာတာနဲ့ ပတ်သက်လို့ WHO ကာကွယ်ဆေးအဖွဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ အန်း လင်းစထရန်း က "ဒီမေးခွန်းတွေက ဘာမှ အထူးအဆန်းတော့မဟုတ်ပါဘူး။ ကာကွယ်ဆေးကိစ္စရှိနေသမျှ ဆက်ရှိနေမှာပါပဲ။ ဒါပေမဲ့ အခုဘာကွာသွားလဲ ဆိုတော့ ဆက်သွယ်ရေးစနစ်နဲ့ ဆိုင်ပါတယ်။ ခုခေတ်လို မြန်နှုန်းမြင့် ဒစ်ဂျစ်တယ် ဆက်သွယ်ရေး ခေတ်မှာ သတင်းတွေ ပြန့်တာ အရမ်းအရမ်းကို မြန်ပါတယ်။ အဲဒါကြောင့် ကျန်းမာရေးစနစ်ကလည်း ဒီလို အခြေအနေမှာ မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်ဖို့ လိုပါတယ်။ ပညာပေးလှုပ်ရှားမှုတွေ ပျံ့နှံ့အောင်လုပ်ရမှာပါ" လို့ ပြောပါတယ်။
WHO ကတော့ ကာကွယ်ဆေးထိုးဖို့ တုံ့ဆိုင်းနေတာက ကမ္ဘာ့ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့ ထိပ်ဆုံး အချက် ၁၀ ချက်ထဲမှာ တစ်ခုအပါအဝင် ဖြစ်တယ်လို့ ပြောထားပါတယ်။