ဟွာဝေး ခေါက်ဖုန်း စရောင်းတာ စက်တင်ဘာထိ ရွှေ့မယ်

ရေးသားခဲ့သည်။

တရုတ်မိုဘိုင်းလ်းဖုန်း ကုမ္ပဏီ ဟွာဝေးဟာ Mate X ခေါက်ဖုန်းတွေကို စရောင်းမယ့် အချိန်ကို နောက်ဆုတ်လိုက်ပြီး စက်တင်ဘာလကျမှ စရောင်းတော့မယ်လို့ ကြေညာလိုက်ပါတယ်။

ပြိုင်ဘက် ဆမ်ဆောင်း ခေါက်ဖုန်းတွေရဲ့ အစောပိုင်း သုံးသပ်ချက်တွေကို ကြည့်ပြီး ဖုန်းမျက်နှာပြင်နဲ့ဆိုင်တဲ့ ပြဿနာတွေကို ဒီထက်ပိုပြီး စမ်းသပ်ချင်သေးတယ်ဆိုပြီး အခုလို ရွှေ့ဆိုင်းလိုက်တာ ဖြစ်ပါတယ်။

ဆမ်ဆောင်းရော၊ ဟွာဝေးရောဟာ သူတို့ရဲ့ ခေါက်ဖုန်းတွေကို ဖေဖော်ဝါရီလမှာ ထုတ်ပြခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဟွာဝေးက အခုတော့ ပိုပြီး သတိထားချင်တယ်လို့ ဆိုပါတယ်။

ဆမ်ဆောင်းကတော့ ခေါက်ဖုန်းတွေ ထုတ်ရောင်းမယ့် ရက်ကို မကြေညာသေးပါဘူး။

ဟွာဝေးဟာ Mate X ဖုန်းတွေကို စက်တင်ဘာလမှ စရောင်းနိုင်မယ်လို့ ဘီဘီစီကို အတည်ပြုခဲ့ပါတယ်။

သူတို့ရဲ့ ကောင်းသတင်းကို ဖျက်ဆီးမယ့် ပစ္စည်းမျိုးကို မထုတ်ချင်ဘူးလို့လည်း ပြောထားပါတယ်။

အစကတည်း ဟွာဝေး Mate X ဟာ ဆမ်ဆောင်း ဂယ်လက်ဆီ ခေါက်ဖုန်းထက် နောက်ကျ ပါတယ်။ အခု ကိုရီးယား ဖုန်းရဲ့ ပြဿနာကြောင့် ဟွာဝေးလည်း အသက်ရှုချောင်သွားတယ်လို့ CCS Insight က ဘန်ဝုဒ်က ပြောပါတယ်။

အမေရိကန်ရဲ့ ကုန်သွယ်ရေးမှာ နာမည်ပျက် စာရင်းသွင်းခံရတဲ့ ဟွာဝေးဟာ အခု သီတင်းပတ်ထဲမှာ ရောင်းမယ်ဆိုတဲ့ လက်ပ်တော့ အသစ်ရောင်းတာကိုလည်း ရွှေ့ဆိုင်းလိုက်ပါတယ်။

အီရန်အပေါ် ချထားတဲ့ ဒဏ်ခတ်ပိတ်ဆို့တာတွေကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တခြား ရာဇဝတ်မှုဆိုင်ရာ စွပ်စွဲချက်တွေနဲ့ အမေရိကန်က စွပ်စွဲထားပေမဲ့ ဟွာဝေးကတော့ အဲဒါတွေကို ငြင်းထားပါတယ်။