ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒူးရင်းသီး စားထားတဲ့ တရုတ်အမျိုးသား အရက်မူးတိုင်း ကိရိယာမှာ ပြဿနာပေါ်
တရုတ်နိုင်ငံမှာ ဒူးရင်းသီး အလွန်အကျွံ စားထားတဲ့ အမျိုးသားတစ်ဦးရဲ့ ပါးစပ်ထဲက အနံ့ကို ရဲက ရှောင်တခင် စစ်ဆေးကြည့်တဲ့အခါ ကားမောင်းရင် အများဆုံးသောက်ခွင့်ရှိတဲ့ အရက်စံချိန်ကို ကျော်လွန်နေတယ်လို့ တွေ့ခဲ့ရပါတယ်။
ဧပြီလ ၁၇ ရက်နေ့က တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းဆု ပြည်နယ် ရူဒေါင်းခရိုင်မှာ အမည်မသိ အမျိုးသားတဦးကို အရက်သောက်ပြီး ကားမောင်းတယ်လို့ မသင်္ကာမှုနဲ့ ရဲက လမ်းမှာ တားခဲ့ပုံကို တရုတ် Pear Video Website တစ်ခုမှာ တွေ့ရပါတယ်။
အရက် ဘယ်လောက် သောက်ထားသလဲ ဆိုတာကို အရက်မူးတိုင်း ကိရိယာနဲ့ ရဲက စမ်းသပ်ခဲ့တဲ့အခါ သတ်မှတ် စံချိန်ကျော်နေတာ တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီလူကတော့ သူ အခုလေးတင် ဒူးရင်းသီး စားခဲ့တာ ဆိုပြီး ရဲကို အော်ဟစ် ပြောနေတာကို ဗီဒီယိုထဲမှာ တွေ့ရပါတယ်။
အဲဒီနောက် သူ့ကို သွေးစစ်ကြည့်တဲ့အခါ သူ့သွေးထဲမှာ အရက် လုံးဝမရှိဘူးဆိုတာ သက်သေပြနိုင်ခဲ့ပြီး စွဲချက်ကနေ ကွင်းလုံးကျွတ် လွတ်သွားခဲ့ပါတယ်။
ဒီလူ ပြောတာ မှန်မမှန် စစ်ဖို့ ရဲတွေကိုယ်တိုင် ဒူးရင်းသီး စားပြီး အရက်မူးတိုင်း ကိရိယာနဲ့ စမ်းကြည့်တဲ့အခါ အဲဒီလူလိုပဲ သူတို့လည်း သတ်မှတ် အရက်စံချိန် ကျော်နေတာကို တွေ့လိုက်ရပါတော့တယ်။
အနံ့ဆိုး
ဧပြီလ ၂၉ ရက်နေ့မှာ လုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုအရ ရဲအရာရှိတစ်ဦးကို ဒူးရင်းသီး စားပြီးပြီးချင်း အရက်မူးတိုင်း ကိရိယာနဲ့ စစ်ဆေးကြည့်တဲ့အခါ သူ့ရဲ့ သွေး ၁၀၀ မီလီလီတာထဲမှာ အရက်ပမာဏ ၃၆ မီလီဂရမ်နှုန်း ရှိနေတယ် ဆိုတာ တွေ့ခဲ့ရပါတယ်။
တရုတ်နိုင်ငံမှာ သွေးထဲမှာ အရက် ပါဝင်နှုန်းကို ၀ ဒသမ ၀၂ ရာခိုင်နှုန်း ပျမ်းမျှအားဖြင့် သွေး ၁၀၀ မီလီလီတာမှာ အရက် ၂၀ မီလီဂရမ်သာ ခွင့်ပြုထားတာ ဖြစ်ပါတယ်။
စမ်းသပ်အပြီး ၃ မိနစ်အကြာမှာ ရဲအရာရှိ ယူ ပန်ရှန်းကို ဒုတိယအကြိမ် ထပ်စမ်းသပ်တဲ့အခါမှာတော့ အနုတ်လက္ခဏာ ပြနေတာ တွေ့ရပါတယ်။
ကားမောင်းနေစဉ် ဒူးရင်းသီး စားချင်တဲ့ သူတွေအနေနဲ့ ဒီလို ဒုက္ခမရောက်ကြရအောင် ခံတွင်းဆေးတဲ့ အရည် တချို့နဲ့ လိုင်ချီးသီး စားတာမျိုး အပါအဝင် နည်းနာတချို့ကို သုံးကြဖို့ အဲဒီ ဗီဒီယို ဝက်ဆိုက်က သတိပေးထားပါတယ်။
အပြစ်မဲ့သူတွေရဲ့ အချိန်တွေ အလဟဿ ဖြစ်စေနိုင်
အဲဒီ ဝက်ဆိုက်မှာ ဖေါ်ပြခဲ့တဲ့ ဗီဒီယို ကို ကြည့်အပြီး တရုတ် လူမှုကွန်ရက် မီဒီယာပေါ်မှာ လူ ထောင်နဲ့ချီ မှတ်ချက်တွေ ရေးခဲ့ကြပါတယ်။ တချို့က အံ့အားသင့်ခဲ့ကြသလို တချို့ကလည်း စိုးရိမ်မကင်း ဖြစ်ခဲ့ကြပါတယ်။
လူကြိုက်များတဲ့ Sina Weibo လူမှုကွန်ရက်ဘလော့ဂ်ပေါ်မှာဆိုရင် အဲဒီ အမျိုးသားကို စစ်ဆေးမေးမြန်းခဲ့တာနဲ့ ပတ်သက်လို့ ပြန်တောင်းပန်ဖို့ တချို့က ရဲကို တောင်းဆိုခဲ့ကြပါတယ်။ တချို့ကတော့ အရက်မူးတိုင်း ကိရိယာနဲ့ စမ်းသပ်မှုတွေကို ပိုကောင်းအောင် ပြင်ဆင်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
"အပြစ်မဲ့သူတွေရဲ့ အချိန်တွေကို အလဟဿ ဖြုန်းဖို့ လိုသလား၊ သူတို့ကြောက်သွားအောင် လုပ်၊ ပြီးရင် မသင်္ကာမှုတွေ ပျောက်သွားအောင် အပ်နဲ့ထိုးပြီး စမ်းဖို့ လိုသလား"လို့ တဦးက မေးခွန်းထုတ်ထားပါတယ်။
တချို့ကလည်း ကားမောင်းသူတွေဟာ ကားရှေ့ခန်း ကျဉ်းကျဉ်းလေးထဲမှာ ဒီလောက်ဆိုးတဲ့ အနံ့အသက်ကို ခံနိုင်တာ သြချရလောက်တယ်လို့ မှတ်ချက်ပြုထားပါတယ်။
ဒါ့အပြင် ရဲတွေအနေနဲ့ ခေတ်မမီတော့တဲ့ စက်ကိရိယာပေါ် အားကိုးနေမဲ့အစား ကိုယ့်နှာခေါင်းကို သုံးပြီး ဆုံးဖြတ်သင့်တယ်လို့ မကျေမနပ် ပြောသူတွေလည်း တွေ့ရပါတယ်။
အရက် သောက်ထားတာ မဟုတ်ဘဲ အရက် သောက်တယ် ဆိုပြီး အရက်မူးတိုင်း ကိရိယာမှာ အဖြေထွက်ခဲ့တဲ့အတွက် အပြောဆိုခံရတာ ဒါပထမဆုံး အကြိမ် မဟုတ်ပါဘူး။
ဇန်နဝါရီလတုန်းကလည်း ပေါင်မုန့်အချို တမျိုး စားထားတဲ့ သြစတြေးလျနိုင်ငံသား လော်ရီကားမောင်းသူကို အရက်မူးတိုင်း ကိရိယာနဲ့ စမ်းတဲ့အခါ အရက်စံချိန် ကျော်နေတာကို ဖေါ်ပြနေတဲ့ ဗီဒီယို တစ်ခု လူမှုကွန်ရက်ပေါ်မှာ ပြန့်နှံ့သွားခဲ့ပါတယ်။