ဂျပန်ဧကရာဇ် အာကီဟီတို နန်းစွန့်ပွဲ - ဧကရာဇ်အာကီဟီတို နန်းစွန့်ကြောင်း သမိုင်းဝင် ကြေညာပြီ

ရေးသားခဲ့သည်။

ဂျပန်ဧကရာဇ် အာကီဟီတိုဟာ ထီးနန်းကို စွန့်လွှတ်ကြောင်း ကြေညာပြီး ဧကရာဇ်တစ်ပါး အနေနဲ့ ပြည်သူကို နောက်ဆုံးအကြိမ် စကားပြောဆို ခဲ့ပါတယ်။

ဂျပန်ထီးနန်းကို စိုးစံသူ ဘုရင်တစ်ပါး အနှစ် ၂ဝဝ ကျော် အတွင်း သက်ရှိထင်ရှား ပထမဆုံး အကြိမ် နန်းစွန့်တာ ဖြစ်လို့ ဧပြီ ၃ဝ ရက်၊ တိုကျိုမြို့ တော်ဝင် နန်းတွင်းမှာ ကျင်းပတဲ့ ဒီ နန်းစွန့်ပွဲဟာ သမိုင်းဝင် ဖြစ်ပါတယ်။

သက်တော် ၈၅ နှစ် ရှိပြီ ဖြစ်တဲ့ ဧကရာဇ် အာကီဟီတိုဟာ သူ့ရဲ့ အသက်အရွယ်အရ ကျန်းမာရေး ချို့ယွင်းလာပြီ ဖြစ်လို့ ဘုရင်တစ်ပါးရဲ့ တာဝန် ဝတ္တရားတွေကို ပြည့်မီအောင် မဖြည့်ဆည်းနိုင်တော့တဲ့ အတွက် ထီးနန်းစွန့်ခွင့် ပေးပါဆိုပြီး တောင်းခံခဲ့တာ ဖြစ်ပါတယ်။

ဂျပန်အိမ်ရှေ့စံ နာရူဟီတိုဟာ မေလ ၁ရက်နေ့မှာ ထီးနန်း အရိုက်အရာကို ဆက်ခံမှာ ဖြစ်ပါတယ်။

ဂျပန် ဘုရင်ဧကရာဇ်ထံမှာ နိုင်ငံရေး အာဏာ မရှိပေမယ့် တိုင်းပြည်ကို ကိုယ်စားပြုတဲ့ ဦးစီးဦးဆောင် အဖြစ် တာဝန် ဝတ္တရားတွေ ဖြည့်ဆည်းပေးပါတယ်။

ဂန္ဓမာနန်းပလ္လင်ကို စွန့်ခွာခြင်း

ထီးနန်းစွန့်ပွဲ အခမ်းအနားမှာ ဧကရာဇ် အာကီဟီတိုဟာ အနောက်တိုင်း မနက်ခင်းဝတ် ကုတ်အင်္ကျီကို ဝတ်ဆင်ထားပါတယ်။

"လာမယ့် ရေးဝါ(Reiwa) ခေတ်သစ်မှာ ဂျပန်ပြည်ကြီးနဲ့တကွ တကမ္ဘာလုံး ငြိမ်းချမ်းကြပါစေကြောင်း၊ ဆတက်ထမ်းပိုး ဖွံ့ဖြိုး စည်ပင်ကြပါစေကြောင်း ဆုတောင်းပါတယ်" ဆိုပြီး နန်းစွန့် မိန့်ခွန်းထဲ ဧကရာဇ် အာကီဟီတို ပြောသွားပါတယ်။

ရေးဝါ ဆိုတာ ဂျပန် ဧကရာဇ် အသစ်ရှိလာမယ့် မေ ၁ ရက်၊ ၂ဝ၁၉ က စပြီး စတင်မယ်လို့ သတ်မှတ်ထားတဲ့ ခေတ်သစ် အချိန်ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဧကရာဇ် အာကီဟီတို ထီးနန်း စိုးစံတဲ့ ကာလကိုတော့ ဟေဆေ (Heisei) လို့ ခေါ်ဆိုပါတယ်။ ဂျပန် ဧကရာဇ် အရိုက်အရာကို ဂန္ဓမာနန်းပလ္လင် ဆိုပြီးတင်စားခေါ်ဝေါ်ပြီး ရှေးနန်းစိုက်ရာ တိုကျိုနန်းတော်ထဲက ဂျပန်လို တာကာမိကုရု ဆိုတဲ့ ပလ္လင်တော်ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

သူ ၁၉၈၉ နန်းတက်စဉ် သိမ်းပိုက်ခဲ့တဲ့ တာကာမိကုရု ဂန္ဓမာနန်းပလ္လင်ကို အခုတော့ ဂျပန် ဧကရာဇ် အာကီဟီတို စွန့်သွားတာ ဖြစ်ပါတယ်။

နန်းစွန့်ပွဲမှာ ဘာတွေ ဖြစ်ပျက်ခဲ့လဲ

ပထမဆုံး အနေနဲ့ တော်ဝင်မိသားစုဝင် ရှေးဘိုးဘွား ဝိညာဉ်တွေကို နန်းစွန့်မယ့် အကြောင်း အသိပေးပွဲကို ဧကရာဇ် အာကီဟီတို သီးသန့် ပြုလုပ်ပါတယ်။

နန်းစွန့်ပွဲ ပင်မ အခမ်းအနားကိုတော့ တိုကျို တော်ဝင်နန်းတော်ရဲ့ မတ်ဆု-နို-မ နိုင်ငံတော် ခန်းမဆောင်မှာ ကျင်းပပါတယ်။ အဲဒီ အခမ်းအနားကို လူ အယောက် ၃ဝဝ ကျော် တက်ရောက်ကြပြီး အိမ်ရှေ့မင်းသား နာရူဟီတိုနဲ့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့လည်း ရှိနေခဲ့ပါတယ်။

နန်းမှုထမ်းတွေက ဂျပန် နိုင်ငံနဲ့ ထီးနန်းကို ကိုယ်စားပြုတဲ့ လျှို့ဝှက် တံဆိပ်တော်တွေကို ခန်းမဆောင်ထဲ သယ်ယူလာပါတယ်။ ဒီတံဆိပ်တော်တွေနဲ့ အတူ တော်ဝင် မိသားစုရဲ့ သင်္ကေတ အမှတ်အသား ဖြစ်တဲ့ ဓားတော်နဲ့ ရတနာတော်ပစ္စည်းလည်း ပါဝင်ပါတယ်။

ဧကရာဇ် စကားမပြောခင် ဝန်ကြီးချုပ်အာဘေးက "ဧကရာဇ်တော် လျှောက်လှမ်းခဲ့တဲ့ လမ်းကြောင်းကို ကျွန်ုပ်တို့ နှလုံးသားထက် အစဉ်အမြဲ ထိန်းသိမ်းထားရင်းမှာပဲ ဂုဏ်ရှိန်ကြီးတဲ့ ဂျပန်ရဲ့ အနာဂတ် ပိုမို ထွန်းတောက်ရေး ဆထက်တပိုး အစွမ်းကုန် လုပ်ဆောင်သွားမယ်" လို့ ပြောခဲ့ပါတယ်။

ဒီနောက်မှာတော့ ဧကရာဇ် အာကီဟီတိုက ဧကရာဇ်အဖြစ် နောက်ဆုံး မိန့်ခွန်းပေးပြီး အခမ်းအနား ရုပ်သိမ်းခဲ့ပါတယ်။ နန်းစွန့်ပွဲ ပြီးခဲ့ပြီ ဆိုပေမယ့် ဧပြီ ၃ဝ ရက်၊ ဂျပန် စံတော်ချိန် ညသန်းခေါင်ယံ အချိန်ထိ ဂျပန် ဧကရာဇ် အဖြစ် အာကီဟီတို ဆက်ရှိမှာ ဖြစ်ပါတယ်။

နောက်တစ်ရက် မေလ ၁ ရက်၊ ဗုဒ္ဓဟူးနေ့ မနက်မှာတော့ အိမ်ရှေ့စံ နာရူဟီတိုဟာ ဧကရာဇ် အရိုက်အရာ ဆက်ခံသူတွေရဲ့ ပထမဆုံး ဓလေ့တော်အတိုင်း တော်ဝင် ရတနာတွေကို သိမ်းပိုက် ရယူမှာ ဖြစ်ပါတယ်။

နန်းစွန့်ရခြင်းအကြောင်း

၁၈၁၇ ခုနှစ် နောက်ပိုင်း အာကီဟီတိုဟာ ထီးနန်းကို ကိုယ့်သဘောနဲ့ကိုယ် စွန့်လွှတ်တဲ့ ပထမဆုံး ဂျပန် ဧကရာဇ် ဖြစ်ပါတယ်။

သူ့ရဲ့ ယိုယွင်းလာတဲ့ ကျန်းမာရေးအရ တော်ဝင် ဝတ္တရားတွေကို မထမ်းဆောင်နိုင်တော့မှာကို စိုးရွံ့တဲ့အတွက် နန်းစွန့်လိုတဲ့ ဆန္ဒရှိနေတယ်ဆိုပြီး ၂ဝ၁၆ မှာ အာကီဟီတို စတင် မြွက်ကြား ခဲ့ပါတယ်။

အာကီဟီတိုဟာ ဆီးကျိတ်ကင်ဆာရောဂါ အတွက် ၂ဝဝ၃ ခုနှစ်မှာ ခွဲစိတ်ကုသမှု ခံယူခဲ့သလို၊ ၂ဝ၁၂ မှာလည်း နှလုံးသွေးကြော အစားထိုး ကုသမှုလည်း ခံယူထားသူ ဖြစ်ပါတယ်။

ဧကရာဇ်က နန်းဆင်းလိုတယ်လို့ တရားဝင် ပြောလာပြီး နောက်နှစ်မှာပဲ ဂျပန် ပါလီမန်ကလည်း ဧကရာဇ်ရဲ့ အလိုတော်ကို ဖြည့်ပေးနိုင်တဲ့ ဥပဒေ တစ်ရပ် ပြဌာန်း ပေးခဲ့ပါတယ်။

ဥပဒေအတိုင်း နန်းစွန့်ပြီးတဲ့အခါ အာကီဟီတိုဟာ "ဂျိုကို"လို့ ဂျပန်လို ခေါ်တဲ့ ဘွဲ့ထူးနဲ့ နေထိုင်သွားမှာ ဖြစ်ပါတယ်။ မဟာဧကရာဇ်လို့ လုံးကောက် အဓိပ္ပာယ်ထွက်ပါတယ်။ အင်္ဂလိပ်လိုလည်း "Emperor Emeritus" ဆိုတဲ့ ဝေါဟာရမျိုး ရှိပြီး တကယ်တမ်း အာဏာမကျင့်သုံးတော့တဲ့ အငြိမ်းစားယူထားသူလို့ ဆိုလိုရင်းဖြစ်ပါတယ်။

ဒီနေ့ အိမ်ရှေ့မင်း၊ မနက်ဖြန် ဧကရာဇ်

ဂျပန် အိမ်ရှေ့စံ နာရူဟီတိုဟာ ၁၂၆ ပါးမြောက် ဂျပန် ဧကရာဇ် ဖြစ်လာမှာ ဖြစ်ပါတယ်။ သူ ထီးနန်း ဆက်ခံပြီ ဆိုတာနဲ့ လက်ရှိ ဟေဆေခတ် ကုန်ဆုံးပြီး ရေးဝါဆိုတဲ့ ခေတ် စတင်မှာ ဖြစ်ပါတယ်။

၅၉ နှစ် အရွယ် နာရူဟီတိုဟာ အင်္ဂလန်၊ အောက်စဖို့ဒ် တက္ကသိုလ်ဆင်း ဖြစ်ပြီး အိမ်ရှေ့မင်း အရိုက်အရာကို ၂၈ နှစ်မှာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၃ မှာ ကြင်ရာတော် မာဆာကိုနဲ့ ထိမ်းမြားခဲ့ပြီး ၂ဝဝ၁ ခုနှစ်မှာ တစ်ဦးတည်းသောသမီး မင်းသမီးအိုက်ကို ဖွားမြင်ပါတယ်။

လက်ရှိဂျပန် ဥပဒေအရ သမီးမိန်းကလေးဟာ ထီးနန်းဆက်ခံခွင့် မရှိတာကြောင့် မင်းသမီး အိုက်ကိုဟာ ဖခင် ဧကရာဇ် ဖြစ်လာရင်လည်း နန်းလျာဖြစ်လာမှာ မဟုတ်ပါဘူး။

ဒီတော့ ဧကရာဇ်ဖြစ်လာမယ့် နာရူဟီတိုရဲ့ ညီတော် မင်းသား ဖူမီဟီတိုဟာ ပထမ ဦးစားပေး နန်းလျာနေရာဖြစ်တဲ့ အိမ်ရှေ့မင်း အဖြစ် ရရှိလာမှာ ဖြစ်ပြီး၊ ဖူမီဟီတိုရဲ့ သားတော် မင်းသား ဟီဆာဟီတိုဟာ ဒုတိယ ဦးစားပေး နန်းလျာ ဖြစ်လာမှာ ဖြစ်ပါတယ်။

ထီးနန်းသစ်ကို ဘယ်လိုကြိုကြမလဲ

နွေဦးကာလ လက်ရှိ အချိန်မှာ ပုံမှန် အတိုင်းဆိုရင်လည်း ဂျပန် ပြည်သူပြည်သားတွေ လုပ်ငန်းခွင်ကနေ "ရွှေရောင် သီတင်းတစ်ပတ် အားလပ်ရက်" ဆိုပြီး နွေဦးအားလပ်ရက် ရရှိကြမြဲဖြစ်ပါတယ်။ ဒါပေမယ့် ထီးပြောင်းနန်းပြောင်း ဖြစ်လာမယ့် ခုနှစ်မှာတော့ အားလပ်ရက် ကာလ အတိုင်းအတာကို ၁ဝ ရက် အထိ စံချိန်တင် တိုးမြှင့် ထားပါတယ်။

လွန်ခဲ့တဲ့နှစ် ၃ဝ ဂျပန် ဧကရာဇ် အပြောင်းအလဲ ဖြစ်ခဲ့တုန်းကတော့ ဧကရာဇ်ဟောင်း ကွယ်လွန်ပြီး သားတော် နန်းတက်တာ ဖြစ်လို့ ပျော်ပွဲရွှင်ပွဲရယ်လို့ ခေါ်ဆိုလို့ မရနိုင်ဘဲ နတ်ရွာစံ ဧကရာဇ်ဟောင်းအတွက် ပူဆွေးပွဲနဲ့ ရောယှက်ခဲ့ပါတယ်။

အခုတစ်ခေါက်မှာတော့ လူတွေ အားလပ်ရက်ရှည်မှာ ခရီးတွေထွက်ကြ၊ ပျော်ကြရွှင်ကြနဲ့ ပွဲတော်အရသာ ပေါ်လွင်နေမယ်လို့ မျှော်လင့်ရပါတယ်။

ဂျပန်ထီးနန်း ဘာလို့ အရေးကြီးတာလဲ

အနားယူသွားတဲ့ ဧကရာဇ်ကြီးကို သတိရ လွမ်းဆွတ်နေမယ်လို့ ဂျပန်ပြည်သူ တော်တော်များများက ဆိုပါတယ်။

"ဧကရာဇ်မင်းမြတ်ကို ပြည်သူတွေက ချစ်ကြည်ညိုကြတယ်။ ဂျပန်မှာ သဘာဝ ဘေးအန္တရာယ်တွေ ကြုံရတိုင်း ပြန်လည် ရုန်းထဖို့ ဧကရာဇ်ရဲ့ ပုံရိပ်က တွန်းအားဖြစ်စေတယ်။ ဧကရာဇ် အာကီဟီတိုဟာ ပြည်သူနဲ့ နီးစပ်တဲ့သူ ဖြစ်တယ်" လို့ ဆိုသူတွေ ရှိပါတယ်။

လက်ရှိ ဂျပန်ထီးနန်းကို ခရစ်တော်မပေါ်ခင် နှစ် ၆ဝဝ အထိ နောက်ကြောင်းပြန် သမိုင်းခြေရာ ကောက်နိုင်တာကြောင့် ကမ္ဘာပေါ် နန်းစဉ်မပြတ် သက်တမ်းအကြာမြင့်ဆုံး တည်ရှိနေတဲ့ ထီးနန်း ဖြစ်ပါတယ်။

ဂျပန်ရိုးရာမှာ ဧကရာဇ်ဟာ နတ်ဘုရားပဲ ဖြစ်ပါတယ်။ သက်ရှိထင်ရှား ရှိနေတဲ့ နတ်ဘုရားသဖွယ် သဘောထားကြရတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခု နန်းစွန့်သွားတဲ့ အာကီဟီတိုရဲ့ခမည်းတော် ဧကရာဇ် ဟီရိုဟီတို လက်ထက် ဒုတိယကမ္ဘာစစ် ရှုံးပြီး ဂျပန် လက်နက်ချချိန်မှာပဲ ဂျပန်ဧကရာဇ်လည်းပဲ သူဟာ ကောင်းကင်ဘုံက ဆင်းသက်သူ မဟုတ်ပါဘူး ဆိုပြီး နတ်ဘုရား အဆင့်အတန်းကို လူသိရှင်ကြား စွန့်လွှတ်ခဲ့ပါတယ်။

ဧကရာဇ် အာကီဟီတို လက်ထက် နန်းသက် နှစ် ၃ဝ အတွင်းမှာတော့ ဂျပန် ထီးနန်းရဲ့ ပုံရိပ် မြင့်တက်လာအောင် ကြိုးစားခဲ့ပါတယ်။ သာမန်ပြည်သူ လူအများနဲ့ ထိတွေ့ဆက်ဆံမှု မပြုဘဲ နေလေ့ရှိတဲ့ တော်ဝင်ဧကရာဇ်တို့ရဲ့ အလေ့အထကို ပြောင်းလဲခဲ့ပါတယ်။

ဘယ်တော့မှ ကိုယ်ကာယအရ တပါးသူ အရှေ့ ဒူးထောက်လေ့ မရှိတဲ့ ဂျပန် ဧကရာဇ်တို့ရဲ့ ထုံးတမ်းကို ဧကရာဇ် အာကီဟီတိုနဲ့ မိဘုရားတို့ ထီးနန်းရပြီး ၂ နှစ် အတွင်းမှာပဲ ချိုးဖောက်ခဲ့ပါတယ်။ နာဂါဆာကီ မီးတောင် ပေါက်ကွဲမှုကြောင့် ထိခိုက်ခံစားရသူတွေနဲ့ စကားပြောဖို့ ဧကရာဇ်နဲ့ မိဘုရားတို့ ဒူးထောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဂျပန် လူမှုအသိုင်းအဝိုင်းမှာ အစဉ်အမြဲ ဖယ်ကြဉ်ထားခဲ့တဲ့ အနာကြီးရောဂါ ဝေဒနာသည်တွေနဲ့ပါ စကားပြောဆို ဆက်ဆံတာတွေ ပြုလုပ်ခဲ့တဲ့ အတွက် ဧကရာဇ် အာကီဟီတိုဟာ ဂျပန် ခေတ်ဟောင်း စနစ်ဟောင်းကနေ လုံးဝ လမ်းခွဲထွက်ခဲ့တာ ဖြစ်ပါတယ်။ ဂျပန်ကို ကိုယ်စားပြုတဲ့ သံတမန် တစ်ယောက် အဖြစ်လည်း အာကီဟီတိုဟာ နိုင်ငံပေါင်းစုံကို ခရီးဆန့်ခဲ့သူဖြစ်ပါတယ်။

ဧကရာဇ် အာကီဟီတို ထီးနန်းစွန့်တဲ့နေ့ အထိမ်းအမှတ်အဖြစ် ရှင်တိုဘုရားကျောင်းကို သွားပြီး ဆုတောင်းမေတ္တာ ပို့သတာတွေ ပြလုပ်မယ့် မာဆာတိုရှိ ဂူဂျီရာအိကတော့ "အင်မတန် ဝမ်းနည်းနေတယ်၊ တချိန်တည်းမှာပဲ ခေတ်သစ်အတွက်လည်း မျှော်လင့်ချက်ကောင်းတွေ ထားတယ်။ ကျန်နေသေးတဲ့ ဘဝသက်တမ်း တစ်ဝက်ကို ငြိမ်းငြိမ်း ချမ်းချမ်း ကျော်ဖြတ်သွား နိုင်မယ်လို့ မျှော်လင့်ထားတယ်" ဆိုပြီး ပြောပါတယ်။