ကင်ဂျုံအွန်းရဲ့ အဖေတူ အမေကွဲ အစ်ကိုကို လုပ်ကြံသူလို့ စွပ်စွဲခံထားရသူ နှစ်ဦးထဲက တဦးကို ပြန်လွှတ်ပေးလိုက်

ဓာတ်ပုံ ရင်းမြစ်, AFP
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ အဖေတူ အမေကွဲ အစ်ကို တော်စပ်သူ ကင်ဂျုံနမ်းကို လုပ်ကြံခဲ့မှုနဲ့ စွပ်စွဲခံထားရသူ အင်ဒိုနီးရှား အမျိုးသမီး ဆီတီ အိုင်ဆီယာ အပေါ် စွဲချက်တွေ အားလုံးကို မလေးရှား တရားရုံးက ရုပ်သိမ်းလိုက်ပါတယ်။
ဆီတီ အိုင်ဆီယာ ဟာ ၂၀၁၇ ခုနှစ်တုန်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်မှာ ကင်ဂျုံနမ်းရဲ့ မျက်နှာကို VX ဓါတု အဆိပ်နဲ့ သုတ်လိမ်းခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာပါ။
ဆီတီ အိုင်ဆီယာ နဲ့ ဗီယက်နမ် အမျိုးသမီး တစ်ဦး ဖြစ်တဲ့ ဒိုအန် သီဟွန်း တို့က အကြောင်ရိုက် စနောက်တဲ့ ရုပ်မြင်သံကြား ဇာတ်ဝင်ခန်းတခုအတွက် သူတို့ ဝင်လုပ်ပေးရတာလို့ ထင်ခဲ့ကြကြောင်းတရားရုံးမှာ ထွက်ဆိုပြီး လူသတ်မှု စွဲချက်ကို ငြင်းဆိုခဲ့ကြပါတယ်။
နိုင်ငံတကာ လေဆိပ်တခုမှာ အခုလို ပြောင်ပြောင်တင်းတင်း လုပ်ကြံ သတ်ဖြတ်မှု ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်လို့ လူအများက အံ့အားသင့်ခဲ့ကြပြီး နိုင်ငံတကာမှာ ထိပ်တန်း သတင်းအနေနဲ့ ဖော်ပြခဲ့ကြပါတယ်။
လပေါင်းများစွာ နှောင့်နှေး ကြန့်ကြာမှုတွေ ဖြစ်ခဲ့အပြီး မတ်လ ၁၁ရက် တနင်္လာနေ့ ကြားနာ စစ်ဆေးမှုမှာတော့ တရားခံဘက်က လျှောက်လဲဖို့ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီအမှုကို တရားစွဲဆိုခဲ့တဲ့ အစိုးရ ရှေ့နေက ဆီတီ အိုင်ဆီယာ အပေါ် စွဲဆိုထားတဲ့ လူသတ်မှု စွဲချက်ကို ရုပ်သိမ်းဖို့ တရားခွင်မှာ ပန်ကြားခဲ့ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတာကိုတော့ အကြောင်းပြချက် မပေးခဲ့ပါဘူး။
အင်ဒိုနီးရှား တရားရေး ဝန်ကြီးထံ မလေးရှား ရှေ့နေချုပ်ကရေးတဲ့ စာထဲမှာတော့ ဒီလို ဆုံးဖြတ်ခဲ့တာဟာ ဒီအမှုနဲ့ ပတ်သက်လို့ အင်ဒိုနီးရှား အစိုးရရဲ့ တင်ပြပြောဆိုလာမှုကို ထည့်သွင်း စဉ်းစားခဲ့တာ ဖြစ်သလို နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်ဖို့အတွက် ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။
တရားလို အစိုးရရှေ့နေရဲ့ ပန်ကြားချက်ကို တရားသူကြီးက လက်ခံ အတည်ပြုခဲ့ပြီး ဆီတီ အိုင်ဆီယာ ကို လွှတ်ပေးလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ တရားသေ လွတ်သွားတာမျိုးတော့ မဟုတ်ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Reuters/AFP
ပြစ်မှုသာ ထင်ရှားခဲ့ရင် မစ္စ အိုင်ဆီယာ အနေနဲ့ သေဒဏ် ကျခံခဲ့ရဖွယ် ရှိပါတယ်။
"ကျွန်မ အရမ်းပျော်တာပဲ၊ ဒီလိုလွတ်မယ်လို့ မထင်ထားဘူး" လို့ မစ္စ အိုင်ဆီယာ က တရားရုံးကနေ ထွက်ခွာသွားစဉ်မှာ ပြောသွားပါတယ်။
လုပ်ကြံမှုနဲ့ ပတ်သက်လို့ ဗီယက်နမ် အမျိုးသမီးမှာ တွေ့ရတဲ့ အထောက်အထားတွေထက် စာရင် မစ္စအိုင်ဆီယာမှာ တွေ့ရတဲ့ အထောက်အထားတွေက ခိုင်လုံမှု ပိုနည်းပုံ ရတယ်လို့ ကွာလာလမ်ပူမြို့ တရားရုံးမှာ ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ ဘီဘီစီ သတင်းထောက် ဂျော်နသန် ဟက်ဒ် က ပြောပါတယ်။
မစ္စဟွန်းက ဒီကနေ့ ကြားနာစစ်ဆေးမှုမှာ ထွက်ဆို တင်ပြမယ်လို့ ယူဆထားခဲ့ကြတာပါ။ ဒါပေမယ့် မစ္စဟွန်းရဲ့ ရှေ့နေတွေရဲ့ ပန်ကြားချက်နဲ့ ကြားနာ စစ်ဆေးမှုကို ဆိုင်းငံ့ခဲ့ပါတယ်။
လုပ်ကြံမှု ဖြစ်ခဲ့ပုံ
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ မတည့်တဲ့ အဖေတူ အမေကွဲ အစ်ကို ကင်ဂျုံနမ်းဟာ ၂၀၁၇ ခုနှစ် ဖေဖောဝါရီလ ၁၃ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကနေ မကာအိုဆီ သွားဖို့ လေဆိပ်မှာ စောင့်နေတုန်း အမျိုးသမီး နှစ်ဦး သူ့အနားကို ကပ်လာခဲ့ပါတယ်။
အမျိုးသမီး နှစ်ဦးထဲက တစ်ဦးက သူ့ရဲ့ မျက်နှာပေါ် လက်တင်လိုက်တာကို CCTV ကင်မရာတွေထဲမှာ တွေ့ရပါတယ်။ အဲဒီနောက် သူတို့ နှစ်ဦးစလုံး အဲဒီနေရာကနေ ထွက်သွားခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
ဆေးရုံကို အသွား လမ်းမှာတင် ကင်ဂျုံနမ်း သေဆုံးသွားခဲ့ပြီး သူဟာ အဆိပ်အပြင်းဆုံး VX ဓါတုအဆိပ် မိခဲ့တယ် ဆိုတာကို ထုတ်ဖော် တွေ့ခဲ့ရပါတယ်။
မြောက်ကိုရီးယား အစိုးရကတော့ ဒီလုပ်ကြံမှုမှာ သူတို့ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ပြင်းပြင်းထန်ထန် ငြင်းဆိုထားပါတယ်။ ဒါပေမယ့် လုပ်ကြံမှု ဖြစ်တဲ့ နေ့မှာပဲ မလေးရှားနိုင်ငံကနေ ထွက်ပြေးသွားကြတဲ့ လူ ၄ ဦးကိုလည်း စွဲချက် တင်ထားပါတယ်။
မြောက်ကိုရီးယားတွေလို့ ယူဆရတဲ့ အဲဒီလူတွေကို အင်တာပို နိုင်ငံတကာ ရဲတပ်ဖွဲ့က နိုင်ငံတကာ ဖမ်းဝရမ်းနဲ့ ညီမျှတဲ့ အမိန့်တစ်ခု ထုတ်ပြန်ထားပေမယ့် အဲဒီလူတွေ အခုအချိန်ထိ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။
အမျိုးသမီး နှစ်ဦးစလုံးကတော့ သူတို့ဟာ မြောက်ကိုရီးယား အစိုးရဲ့ အကွက်ဆင်မှုထဲမှာ ဘာမှ မသိဘဲ ပါခဲ့ရသူတွေ ဖြစ်တယ်လို့ ပြောပါတယ်။








